Top News

NCA ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးတွင် အရေးပါသောဆုံးဖြတ်ချက် ခုနစ်ချက် ချမှတ်နိုင်ခဲ့ဟုဆို
24htopnews | July 19, 2024 12:12 PM CST

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးကို နေပြည်တော်တွင် သြဂုတ် ၆ ရက်မှ ၈ ရက်အထိ ပြုလုပ်ခဲ့သည်။

 အဆိုပါအစည်းအဝေးတွင် အရေးပါသော ဆုံးဖြတ်ချက် ခုနစ်ချက် ချမှတ်နိုင်ခဲ့ကြောင်း ယင်းအစည်းအဝေး၏ သဘာပတိဖြစ်သူ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့- ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ၏ အထွေထွေအတွင်းရေးမှူး ဒေါက်တာနော်ကပေါ်ထူးက နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

ယခုအစည်းအဝေးတွင် အရေးပါသော ဆုံးဖြတ်ချက်ခုနစ်ချက်နှင့် အစည်းအဝေး မှတ်တမ်း ကိုးချက်ကို ချမှတ်နိုင်ခဲ့ပြီး ထိုသို့ချမှတ်နိုင်ခဲ့ခြင်းသည် အားလုံးအတွက် ပြီးပြည့်စုံသောအဆင့်ဟု မဆိုနိုင်သော်လည်း လက်ရှိအခင်းအကျင်းအရ နှစ်ဖက်လက်ခံနိုင်သော၊ အဖြစ်နိုင်ဆုံးသော အတိုင်းအတာတစ်ခုကို တက်လှမ်းနိုင်ခဲ့သည်ဟု မှတ်ယူရမည်ဖြစ်ကြောင်း ဒေါက်တာ နော်ကပေါ်ထူးက ပြောကြားသည်။

အထူးသဖြင့် အပိုင်း (၃) ပိုင်းဖြင့် ချုပ်ဆိုမည့် ပြည်ထောင်စုသဘောတူစာချုပ်၏ အပိုင်း (၁) တွင် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်အတွက် ရည်မှန်းထားသော အချက်အားလုံးနီးပါး ရယူအတည်ပြုနိုင်ခြင်းသည် NCA လမ်းကြောင်းက ဖော်ဆောင်နေသော ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ပိုမိုလေးနက်ခိုင်မာစေသည်ဟူသော ယုံကြည်မှုကို ဖြစ်စေသည်ဟု ၎င်းက ဆိုသည်။

ထို့ပြင် ပြည်ထောင်စုသဘောတူစာချုပ် အပိုင်း (၂) ၏ ဇယား (၁) တွင် ပါဝင်သော ခေါင်းစဉ်ကြီး ရှစ်ခုသည် ယေဘုယျဆန်သည်ဟု ဆိုသော်လည်း ယခုအစည်းအဝေးက ထပ်မံအတည်ပြုပေးလိုက်နိုင်ခြင်းသည် ၂၀၂၀ အလွန်တွင် ပြုလုပ်မည့် နိုင်ငံရေးဆွေးနွေးပွဲများအတွက် အခြေခံကောင်းတစ်ခုအဖြစ် အထိုက်အလျောက် ခိုင်မာစေမည်ဖြစ်သည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

“ ဆယ်စုနှစ်ပေါင်းများစွာ စစ်မြေပြင်မှာ တိုက်ခိုက်လာခဲ့သူတွေ ဖြစ်ခဲ့ကြလို့ ယုံကြည်မှု တည်ဆောက်ဖို့ ကြိုးစားရင်း အလိုလို ကပ်ကပ်ပြီးပါလာတဲ့ မယုံကြည်မှုတွေအကြား ညှိနှိုင်းဆွေးနွေးမှုဟာ ဘယ်လောက်ထိ ခက်ခဲပြီး စိန်ခေါ်မှုတွေရှိနေမယ်ဆိုတာကို ယုံမှားသံသယဖြစ်စရာလိုမယ် မထင်ပါဘူး” ဟု ဒေါက်တာ နော်ကပေါ်ထူးက ပြောကြားသည်။

ထို့ကြောင့် ကြိုးပမ်းလုပ်ဆောင်နေဆဲ ဖြစ်သော ဇယား (၂) နှင့် အပိုင်း (၃) ပါ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အခြေခံမူများအတွက် ပြီးပြည့်စုံသော နှစ်ဖက်သဘောတူညီမှု မရသေးခြင်းသည် ဖြစ်သင့်ဖြစ်ထိုက်သည်ဟု လက်ခံရမည်ဖြစ်ပြီး အားမလို အားမရဖြစ်မှုများ ရှိကောင်းရှိနိုင်သော်လည်း အားငယ်စိတ်ပျက်ဖွယ်ရာ မဟုတ်ကြောင်း ဒေါက်တာ နော်ကပေါ်ထူးက ပြောကြားသည်။

သုံးရက်တာ ပြုလုပ်ခဲ့သော PPST အစည်းအဝေးမှ ချမှတ်လိုက်သော ဆုံးဖြတ်ချက် ခုနစ်ချက်အနက် အရေးအကြီးဆုံးအချက်မှာ တစ်ချက်၊ နှစ်ချက်သာဖြစ်ကြောင်း PPST အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်အောင်မငေးက ပြောကြားသည်။

“ ကျွန်တော်တို့ Union Accord ကို အပိုင်း (၃) ပိုင်းနဲ့ ချုပ်ဆိုဖို့ ကြိုးစားတယ်။ အဲဒီအပိုင်း (၃) ပိုင်းမှာဆိုရင် အပိုင်း (၁) က ဒီ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ပေါ့။ အဲဒီမူဘောင်အတွက်တော့ ကျွန်တော်တို့ (၁၄) ချက်ရပြီးတော့ တစ်ချက်ကတော့ ကျွန်တော်တို့ ဆက်လက်ဆွေးနွေးသွားမယ်။ ဒါက ရဖို့တော့ရှိပါတယ်။ အရေးကြီးတဲ့အချက်တော့ မဟုတ်ဘူးပေါ့နော်။ နောက်တော့ အပိုင်း (၂) က အဆင့်လိုက် လုပ်ငန်းစဉ်နဲ့ အဆင့်လိုက် အကောင်အထည်ဖော်မှုမှာ ဇယား (၁) နဲ့ ဇယား (၂) ဆိုပြီး ရှိပါတယ်။ ဇယား (၁) ကတော့ ကျွန်တော်တို့ ခေါင်းစဉ်ကြီး ရှစ်ခုပေါ့။ အဲဒီခေါင်းစဉ်ကြီး ရှစ်ခုတော့ သဘောတူညီချက်ရပြီးသွားပြီ။ ဇယား (၂) မှာတော့ ကျွန်တော်တို့ဆွေးနွေးပွဲက မပြီးပြတ်သေးဘူးခင်ဗျာ။ မပြီးပြတ်သေးတော့ လာမယ့် ၁၀ ရက်၊ ၁၁ ရက်မှာ ဆက်ပြီးဆွေးနွေးကြမယ်။ အပိုင်း (၃) က ကျွန်တော်တို့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး လမ်းညွှန်အခြေခံမူပေါ့နော်။ အဲဒီမှာလည်း ကျွန်တော်တို့က အရင်ကတစ်ချက်ပေါ့။ ငါးချက်ကျန်တာပေါ့။ ငါးချက်ကျန်တာကို ကျွန်တော်တို့က လာမယ့် ၁၀ ရက်၊ ၁၁ ရက်မှာ အပြီးသတ် ဆွေးနွေးသွားမယ်လို့ အဲဒီလိုဆုံးဖြတ်ချက် ချထားပါတယ်” ဟု PPST အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက ပြောကြားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို သြဂုတ် ၁၉ ရက်မှ ၂၁ ရက်အထိ ကျင်းပရန် သတ်မှတ်ထားပြီး လက်ရှိအချိန်တွင် ပြည်ထောင်စုသဘောတူစာချုပ်တွင် ထည့်သွင်းချုပ်ဆိုမည့် အကြောင်းအရာများအားလုံး နှစ်ဖက်သဘောတူညီချက် မရသေးသော်လည်း အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များသာ တက်ရောက်ရသည့် JICM အစည်းအဝေးက အဆုံးအဖြတ်ပေးသွားမည်ဖြစ်ကြောင်း နိုင်အောင်မငေးက ပြောကြားသည်။


READ NEXT
Cancel OK