Top News

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှောင့်နှေးမှုများ မဖြစ်ရအောင် တပ်မတော်ဘက်က ဆောင်ရွက်ပေးခဲ့သော်လည်း NRPC အနေဖြင့် အကောင်အထည်မဖော်နိုင်ခဲ့ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား
24htopnews | July 19, 2024 12:12 PM CST

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှောင့်နှေးမှုများ မဖြစ်ရအောင် တပ်မတော်ဘက်က ဆောင်ရွက်ပေးခဲ့သော်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဦးဆောင်၍ ဆောင်ရွက်နေသော အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) အနေဖြင့် အကောင်အထည်မဖော်နိုင်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားနိုင်ငံ Politic မဂ္ဂဇင်းတို့၏ သီးသန့် အင်တာဗျူးကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး က သြဂုတ် ၇ ရက်တွင် ပြန်လည်ဖော်ပြခဲ့ပြီး အဆိုပါအင်တာဗျူးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၁ ရက်အထိ တစ်ဖက်သတ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကြောင်း ကြေညာခဲ့ပြီး အဆိုပါကြေညာချက်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် NRPC နှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအပါအဝင် ငြိမ်းချမ်းရေးဆိုင်ရာများကို ညှိနှိုင်းဆွေးနွေးသွားရန် တိုက်တွန်းထားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

ထို့ပြင် လိုအပ်လာပါက တပ်မတော်နှင့် တိုက်ရိုက်ဆွေးနွေး ညှိနှိုင်းနိုင်ရန်အတွက် အဖွဲ့ဝင်ရှစ်ဦးပါဝင်သော တပ်မတော် ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ကို တပ်မတော်က ဖွဲ့စည်းပေးခဲ့ပြီး ထိုသို့ဆောင်ရွက်ပေးရခြင်း၏ အဓိကအချက်မှာ ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲပြီး ယုံကြည်မှု ခိုင်မာလာအောင် တည်ဆောက်ရန်၊ သက်ဆိုင်ရာအဖွဲ့များနှင့် ဆွေးနွေးရန် ငြိမ်းချမ်းရေးကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန် ဖြစ်ကြောင်းလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

“ ဒါပေမဲ့ ဒီလိုအချိန်မှာ ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နေတာတွေ၊ ဆွေးနွေးနေတာတွေ၊ ညှိနှိုင်းနေတာတွေက အားမရစရာပဲ ဖြစ်ပါတယ်” ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

ထို့ကြောင့် တပ်မတော်အနေဖြင့် သက်ဆိုင်သူများအားလုံး သတိထားနိုင်ရန်အတွက် ကိုးလတာ ပစ်ခတ်တိုက်မှုရပ်စဲကြောင်း ကြေညာချက် ခုနစ်လပြည့်ခါနီးအချိန် ၂၀၁၉ ခုနှစ် ဇူလိုင် ၁ ရက်တွင် ‘ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းရပ်များ ထိရောက်စွာ ဆောင်ရွက်နိုင်ရေး တိုက်တွန်းချက်’ ကို သီးခြားထုတ်ပြန်တိုက်တွန်းခဲ့ပြီး သြဂုတ် ၁၄ ရက်တွင်မူ ‘ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲပေးထားချိန်တွင် ထာဝရငြိမ်းချမ်းရေးအတွက် အချိန်မဆိုင်းဘဲ ထိထိရောက်ရောက် ဆွေးနွေးညှိနှိုင်းဆောင်ရွက်ကြရေး အသိပေးချက်’ ကို ထပ်မံထုတ်ပြန်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

“ ဒါတွေ ထုတ်ပြန်ရခြင်းက ငြိမ်းချမ်းရေးအပြင် ဒီမိုကရေစီစနစ်ရဲ့ အနှစ်သာရဖြစ်တဲ့ ဆွေးနွေးညှိနှိုင်း အဖြေရှာရေး၊ နိုင်ငံရေး သဟဇာတဖြစ်စေရေးအတွက် ဆောင်ရွက်ရခြင်းလည်း ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ကိစ္စတွေကို ဦးဆောင်ဆောင်ရွက်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အင်တိုက်အားတိုက် ဆောင်ရွက်နိုင်ဖို့၊ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိနေလို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လုပ်ရတာ နှောင့်နှေးနေတယ် မဖြစ်ရအောင် ဆောင်ရွက်ပေးခဲ့ပါတယ်။ NRPC အနေနဲ့ ဒါကို အကောင်အထည်မဖော်နိုင်ခဲ့ဘူးလို့ ဆိုရမှာဖြစ်ပါတယ်” ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

ထို့ပြင် လိုအပ်ပါက ညှိနှိုင်းဆွေးနွေးနိုင်ရေးအတွက် ဖွဲ့စည်းပေးထားသော တပ်မတော် ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ကိုလည်း အသုံးမချနိုင်ခဲ့ဘဲ အဆိုပါကာလအတွင်းတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတချို့သည် အင်အားတိုးချဲ့ခြင်းများ၊ နယ်မြေတိုးချဲ့ခြင်းများနှင့် ပြည်သူလူထုအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့်လုပ်ရပ်များ လုပ်ဆောင်နေခဲ့သည်ကို စိတ်မကောင်းဖွယ်တွေ့ခဲ့ရသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

ထို့အတူ အဓိကအားဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် ဆက်သွယ်ရေး လမ်းကြောင်းများပေါ်အထိ  တက်လာ၍ ဆက်ကြေးကောက်ခြင်း၊ လမ်းတံတားများအား မိုင်းထောင်၊ မိုင်းခွဲခြင်း၊ မြို့ပြများကို ပစ်ခတ်ခြင်းများအထိ ပစ်ခတ်ခြင်းများအထိ လုပ်ဆောင်လာသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

၎င်းအနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် ငြိမ်းချမ်းရေးရရှိအောင် လုပ်ဆောင်မည်ဟူသော သန္နိဋ္ဌာန်စကားပြောခဲ့ပြီး ငြိမ်းချမ်းရေးရရှိရေးသည် တိုင်းပြည်အတွက် အရေးကြီးသကဲ့သို့ အမှန်တကယ်လည်း လိုချင်ကြောင်း၊ သို့သော်လည်း ငြိမ်းချမ်းရေးသည် တစ်ဖက်တည်းလုပ်၍မရဘဲ သက်ဆိုင်သူများအားလုံးပါဝင်မှသာ ရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် တဒင်္ဂမဟုတ်သော ထာဝရငြိမ်းချမ်းရေးရရှိရန် ဆက်လက်ဆောင်ရွက်နေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။


READ NEXT
Cancel OK