Top News

ကြွေးမြီနှင့် GDP အချိုးကို တွက်ချက်ဆန်းစစ်၍ ကြွေးမြီဝန်ပိမှုမဖြစ်စေရန် ဂရုပြု ဆောင်ရွက်လျက်ရှိပြီး ပြည်ပကြွေးမြီ လက်ကျန်အခြေအနေအရ ကြွေးမြီခံနိုင်ရည်ရှိကြောင်း ဒုတိယဝန်ကြီး ပြောကြား
24htopnews | July 19, 2024 12:12 PM CST

ကြွေးမြီနှင့် GDP အချိုးကို တွက်ချက်ဆန်းစစ်၍ ကြွေးမြီဝန်ပိမှုမဖြစ်စေရန် ဂရုပြုဆောင်ရွက်လျက်ရှိပြီး ပြည်ပကြွေးမြီ လက်ကျန်အခြေအနေအရ ကြွေးမြီခံနိုင်ရည်ရှိကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

သြဂုတ် ၇ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၁၀/၂၀၂၀) အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များ နှင့်စပ်လျဉ်း၍ လွှတ်တော်၌ ပြန်လည်ရှင်းလင်းတင်ပြရာတွင် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ မြန်မာနိုင်ငံအနေဖြင့် ပြည့်တွင်း၊ ပြည်ပကြွေးမြီနှင့် GDP အချိုးကို တွက်ချက်ဆန်းစစ်ပြီးတော့ ကြွေးမြီဝန်ပိမှုမဖြစ်စေရန် ဂရုပြုဆောင်ရွက်လျက် ရှိပါတယ်။ ဒီနေရာမှာ GDP နဲ့ အချိုးချပြီးတော့ တွက်ချက်တဲ့ ပြည်ပကြွေးမြီလက်ကျန်ဆိုသည်မှာ အမှန်ထုတ်ယူထားပြီးသော ချေးငွေများထဲမှ ပြန်လည်ပေးဆပ်ပြီးသော ချေးငွေများကိုနုတ်၍ လက်ကျန်ကို တွက်ချက်ရခြင်း ဖြစ်ပါတယ်။ ကြွေးမြီလက်အဖြစ်ပေါ်နေတဲ့ တစ်နည်းအားဖြင့်ပေးဆပ်ရန် လက်ကျန်ဖြစ်တဲ့ ပမာဏကို GDP နဲ့ အချိုးချတွက်ချက်ပြီးတော့ ကြွေးမြီခံနိုင်ရည်ရှိမှု အခြေအနေကို ပကတိအနေအထားအရ တိုင်းတာရခြင်းဖြစ်ပါကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ ပြည်ပကြွေးမြီ လက်ကျန်အခြေအနေအရ ကြွေးမြီခံနိုင်ရည်ရှိပါကြောင်း ထပ်လောင်းတင်ပြအပ်ပါတယ်” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။

၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့ရှိ အစိုးရကြွေးမြီလက်ကျန်သည် ပြည်ပကြွေးမြီ ကျပ် ၁၅၅၀၆ ဘီလျံရှိပြီး GDP ၏ ၁၄ ဒသမ ၇၃ ရာခိုင်နှုန်းရှိကြောင်းနှင့် ၂၀၁၈ ခုနှစ် ဧပြီလမှ ၂၀၁၉ ခုနှစ် စက်တင်ဘာအတွင်း ကဏ္ဍအလိုက် ပြည်ပချေးငွေ စာချုပ်ချုပ်ဆိုမှုအခြေအနေတွင် ဆောက်လုပ်ရေးကဏ္ဍ ၄၁ ရာခိုင်နှုန်း၊ လျှပ်စစ်ဓာတ်အားကဏ္ဍ ၃၉ ရာခိုင်နှုန်း၊ ဆက်သွယ်ရေး ကဏ္ဍ ၁၁ ရာခိုင်နှုန်း၊ လယ်ယာကဏ္ဍ ခြောက် ရာခိုင်နှုန်းနှင့် လူမှုရေးနှင့် စီမံခန့်ခွဲရေးကဏ္ဍ ၃ ရာခိုင်နှုန်းဖြစ်ကြောင်း၊ နိုင်ငံ/အဖွဲ့အစည်းအလိုက် ပြည်ပချေးငွေ ထုတ်ယူသုံးစွဲမှုနှင့် ပြန်လည်ပေးဆပ်မှု အခြေအနေတွင် ၂၀၁၈ ခုနှစ် စက်တင်ဘာအတွင်းတွင် ချေးငွေအများဆုံး ထုတ်ယူမှုသည် JICA ထံမှဖြစ်ပြီး ချေးငွေအများဆုံး ပြန်လည်ပေးဆပ်ရမှုသည် တရုတ်နိုင်ငံဖြစ်ကြောင်းနှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ချေးငွေအများဆုံး ထုတ်ယူမှုသည် JICA ထံမှဖြစ်ကာ ချေးငွေ အများဆုံးပြန်လည်ပေးဆပ်ရမှုသည် တရုတ်နိုင်ငံဖြစ်ကြောင်း ဒုတိယဝန်ကြီးက ဇူလိုင် ၂၄ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြောကြားထားသည်။

ဒုတိယဝန်ကြီးက “ကြွေးမြီခံနိုင်ရည်ရှိမှု အခြေအနေကို အဓိက အညွှန်းကိန်းများ ဖြစ်တဲ့ ပြည်ပကြွေးမြီနှင့် GDP အချိုး၊ စုစုပေါင်းကြွေးမြီနှင့် GDP အချိုးတို့နဲ့ တိုင်းတာပါတယ်။ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့နဲ့ ကမ္ဘာ့ဘဏ်တို့ကနေပြီးတော့ Lower Middle Income နိုင်ငံများအတွက် ပြည်ပကြွေးမြီနဲ့ GDp အချိုး ၄၀ ရာခိုင်နှုန်းနဲ့ စုစုပေါင်းကြွေးမြီနဲ့ GDP အချိုး ၅၅ ရာခိုင်နှုန်းထက် မကျော်လွန်သေးလျှင် ကြွေးမြီ ခံနိုင်ရည်ရှိကြောင်း သတ်မှတ်ထားပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် ကာလအပိုင်းအခြားအလိုက် ရယူခဲ့သည့် ပြည်ပကြွေးမြီအခြေအနေတွင် ၁၉၈၈ ခုနှစ်မတိုင်မီကာလနှင့် ၁၉၈၈-၁၉၈၉ မှ ၂၀၁၀-၂၀၁၁ အထိ ကာလအတွင်း ရယူခဲ့သည့် ကြွေးမြီများသည် ချေးငွေ ဆက်လက်ထုတ်ယူရန် မရှိတော့ကြောင်း၊ ၂၀၁၁-၂၀၁၂ မှ ၂၀၁၅-၂၀၁၆ အထိ ကာလအတွင်းနှင့် ၂၀၁၆-၂၀၁၇ မှ ၂၀၁၈-၂၀၁၉ ကာလအတွင်း ရယူထားသည့် ကြွေးမြီများမှ သက်တမ်းကျန်ရှိနေသေးသည့် ချေးငွေများကို ဆက်လက်ထုတ်ယူနိုင်ပါကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

ထို့နောက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၁၀/၂၀၂၀) အား လွှတ်တော်က အတည်ပြုရန်အတွက် အဆုံးအဖြတ်ရယူရာတွင် ကန့်ကွက်သူမရှိ သဘောတူခဲ့သည်။


READ NEXT
Cancel OK