Top News

၂၀၂၀ အထွေထွေရွေးကောက်ပွဲသည် လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲမဖြစ်နိုင်ဟု ကော့မှူးမြို့နယ်တွင် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးဌေးအောင် ပြောကြား
24htopnews | July 19, 2024 12:12 PM CST

၂၀၂၀ အထွေထွေရွေးကောက်ပွဲသည် လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲ မဖြစ်နိုင်ဟု ကော့မှူးမြို့နယ်တွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် House of Orchid (ယခင် Orchid ဟိုတယ်) ပိုင်ရှင် ဦးဌေးအောင်က ပြောကြားသည်။

အမျိုးသားပါတီဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအနေဖြင့် ပြည်ပအဖွဲ့အစည်းများအချို့မှ အထောက်အပံ့များ ရယူထားမှု ရှိသည်ဟုဆိုကာ နိုင်ငံရေးပါတီ ၃၀ ခန့်မှ တာဝန်ရှိသူများကို ဦးဌေးအောင်က ၎င်း၏ House of Orchid တွင် သြဂုတ် ၈ ရက်က တွေ့ဆုံပြောကြားရာ၌ ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဦးဌေးအောင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲကို သတင်းမီဒီယာအား ဝင်ရောက်သတင်းယူခွင့်မပေးခဲ့ဘဲ ဦးဌေးအောင်က ၎င်း၏ ဖေ့ဘွတ်စ်စာမျက်နှာတွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲတွင် အာဏာရပါတီ NLD အနေဖြင့် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ၊ နာမည်ကြီး အမေရိကန်သူဌေး ဂျော့ဆိုးရောစ့်နှင့် အမေရိကန် အဖွဲ့အစည်းအချို့ထံမှ အထောက်အပံ့ အကူအညီများ ရယူထားသည် သဘောမျိုး ဦးဌေးအောင်က ပါတီများကို ရှင်းလင်းခဲ့သည်။

“ အဲတော့ ဒီလို Ruling ပါတီကနေ Involve ဖြစ်နေတဲ့ နိုင်ငံတကာအထောက်အပံ့ကိစ္စတွေက ကျွန်တော့်မှာ ဒါဇင်နဲ့မက ရှိပါတယ်” ဟု ဦးဌေးအောင်က ပြောကြားသည်။

NLD ပါတီအနေဖြင့် ပြည်ပအဖွဲ့အစည်းများထံမှ အထောက်အပံ့များ ရယူကြောင်းကို ယခင်က ထုတ်ဖော်မပြောကြားခဲ့ဘဲ ယခုမှ ထုတ်ဖော်ပြောဆိုရခြင်းမှာ လက်ရှိတွင် ၎င်းအနေဖြင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းတစ်ဦး ဖြစ်နေသောကြောင့် ပြောခွင့်ရှိသည်ဟု ယူဆ၍ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ အဲတော့ ကျွန်တော် ဒီနေ့ပြောမှာက လွတ်လပ်တဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် ဒီလိုအခြေအနေနဲ့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ ဒါက ကျွန်တော့်ကို ၂၀၁၂ ကပါ။ ၁၅ ကပါလို့ ကျွန်တော့်ကို လာမပြောပါနဲ့။ ဘယ်တုန်းက ပြစ်မှုကျူးလွန်တာပဲဖြစ်ဖြစ် အဲဒါတွေကို ယူလို့ ရပါတယ်။ နောက်ကြောင်းပြန် အရေးယူလို့မရတဲ့ကိစ္စတွေမှာ ဒီကိစ္စတွေ မပါပါဘူး” ဟု ဦးဌေးအောင်က ပြောကြားသည်။

ထိုသို့ ပြောကြားမှုနှင့်ပက်သက်၍ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံပွဲအပြီးတွင် ဦးဌေးအောင်အား သတင်းမီဒီယာများက NLD ပါတီအနေဖြင့် မည်သည့်အဖွဲ့အစည်းများထံမှ မည်သည့်အချိန်တွင် မည်သည့်အထောက်အပံ့များ ရယူခဲ့ကြောင်း မေးမြန်းခဲ့သည်။

ထိုသို့ မေးမြန်းမှုအပေါ် ဦးဌေးအောင်က “ကျွန်တော် ပြောထားပြီးသားပါ။ ခင်ဗျားတို့ သတင်းမီဒီယာက သတင်းအဖြစ်ပဲ ပြည်သူကို ချပြလို့ရတယ်။ အခုဘာဖြစ်နေလဲဆိုရင် ငွေတွေကို ဟိုရွှေ့ဒီရွှေ့တောင်လုပ်နေပြီ။ အဲဒီတော့ အန္တရယ်က ဘာရှိလဲဆိုတော့ ပျောက်ပျက်သွားမှာ ကြောက်ရတယ်။ ဒါဟာ သတင်းမီဒီယာက ချပြရမယ့်အရာ မဟုတ်တဲ့အတွက် ဒီလောက်နဲ့ပဲ သိထားလိုက်ပါ။ ဒီထက်ခိုင်ခိုင်လုံလုံ ရှိပါတယ်” ဟု ပြောကြားသည်။

အဆိုပါကိစ္စရပ်များနှင့်ပတ်သက်၍ အစိုးရတာဝန်ရှိသူများထံ တရားဝင်တင်ပြတိုင်ကြားမှုရှိခဲ့ပြီး မည်သည့်အချိန်ကာလတွင် တိုင်ကြားခဲ့သည်ကိုတော့ ၎င်းအနေဖြင့် မေ့လျော့နေကြောင်း ဦးဌေးအောင်က မီဒီယာများအား ပြောကြားသည်။

၎င်းတင်ပြတိုင်ကြားမှုသည် သမ္မတ ဦးဝင်းမြင့်လက်ထက်တွင်ဖြစ်ပြီး သမ္မတအနေဖြင့် ထိုက်သင့်သည့် အရေးယူဆောင်ရွက်မှု ရှိခဲ့သော်လည်း ဆုံးခန်းတိုင်ဆောင်ရွက်ခဲ့ခြင်းမရှိဟု ဦးဌေးအောင်က ဆိုသည်။

“ ကျွန်တော်က ဘယ်လောက်ထိ စိန်ခေါ်ပြောလဲဆိုရင်မဟုတ်ရင် ကျွန်တော့် အရေးယူလေ အမြဲပြောပြောနေတာ။ ကျွန်တော့်ခိုင်မာမှုက အဲဒါနဲ့ အမြဲသက်သေပြတယ်” ဟု ဦးဌေးအောင်က ပြောကြားသည်။

ဦးဌေးအောင်အနေဖြင့် နိုင်ငံရေးပါတီများအား NLD အစိုးရအနေဖြင့် OIC ၊ ဂျော့ဆိုးရောစ့်နှင့် အမေရိကန် အဖွဲ့အစည်းအချို့ထံမှ အထောက်အပံ့ အကူအညီများ ရယူထားသည့်ကိစ္စရပ်များအား ရှင်းလင်း ပြောကြားခဲ့ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဌ  ဦးကျော်စွာစိုးက ပြောကြားသည်။

“ အဲဒီဟာကတော့ သူက တင်ပြတာလေ။ တင်ပြတာဖြစ်တဲ့အတွက် ကျွန်တော်တို့အတွက် ခိုင်မာခြင်း၊ မခိုင်မာခြင်း ဆိုတာက ကျွန်တော်တို့က တရားသူကြီး မဟုတ်ပါဘူး။ သူက တိုင်လာတာ။ တိုင်လာတဲ့အတွက် ထပ်ဆင့်ပြီးကာမှ ဒီဥစ္စာက မျှတအောင် NLD အစိုးရ ဖြေရှင်းပေးပါဆိုတဲ့ဟာကို ပြောရမှာပေါ့နော်။ ဒီလိုတော့ တိုင်လာတာဖြစ်တဲ့အတွက် ဒီကိစ္စကို ဖြေရှင်းပေးပါ။ ဒါမှ တရားမျှတဲ့ ရွေးကောက်ပွဲကိုပါဝင်တဲ့အခါမှာ သန့်သန့်ရှင်းရှင်းနဲ့ ပါဝင်နိုင်မှာ ဖြစ်ပါတယ်” ဟု ဦးကျော်စွာစိုးက ပြောကြားသည်။

ဦးဌေးအောင် ပြောကြားသည့်အချက်များနှင့် ပတ်သက်၍ သြဂုတ် ၉ ရက်တွင် ယခုတွေ့ဆုံပွဲ တက်ရောက်သည့် နိုင်ငံရေးပါတီများနှင့် ထပ်မံတွေ့ဆုံကာ အစိုးရအား ဥပဒေနှင့်အညီ ထောက်ပြရန်ရှိကြောင်း အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုးမောင်က ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေတို့တွင် ပြည်ပအဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦး၏ ငွေကြေး၊ ပစ္စည်းနှင့် အခြားအထောက်အပ့ံတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ရယူခြင်းအား တားမြစ်ထားခြင်းကြောင့် အဆိုပါ ဥပဒေ၊ နည်းဥပဒေများအရ NLD ပါတီသည် တရားဝင် ရပ်တည်ခွင့်ရှိသည့် အဖွဲ့အစည်းမဟုတ်ကြောင်း ဦးဌေးအောင်က မီဒီယာများ၏ မေးမြန်းမှုအပေါ် ထည့်သွင်းပြောကြားသည်။

ကော့မှူးမြို့နယ် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဌေးအောင်၏ ပြောကြားချက်များနှင့် ပက်သက်၍ NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးညွန့်က “ ဒါတွေက မမှန်မကန် စွပ်စွဲချက်တွေ ဖြစ်တဲ့အတွက် ဘယ်လိုတုံ့ပြန်မယ်ဆိုတာ အဖွဲ့လိုက် အစည်းအဝေးထိုင်ပြီးတော့မှ ပြောကြားပါမယ်။ အခုနေမှတော့ ကျွန်တော့်တို့ မပြောသေးပါဘူး။ ဒီစွပ်စွဲချက်တွေ မမှန်ကန်ဘူးဆိုတာပဲ ကျွန်တော်တို့ ပြောချင်ပါတယ်” ဟု ပြောကြားသည်။


READ NEXT
Cancel OK