ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပဒိုမန်းငြိမ်းမောင်သည် KNU မှ တရားဝင်နုတ်ထွက်ကာ ၎င်း၏ဇာတိမြို့နယ်ဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့တွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၌ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုကဲသို့ ကရင်အမျိုးသားအစည်းအရုံးမှ နုတ်ထွက်ကာ ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ရခြင်းမှာ လက်ရှိငြိမ်းချမ်းရေး ဆောင်ရွက်ချက်များနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ရေးအတွက် ပြည်တွင်းနိုင်ငံရေး ကူညီလုပ်ဆောင်နိုင်ရန်ဖြစ်ကြောင်း ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။
“ ကျွန်တော်တို့ ပြည်တွင်းနိုင်ငံရေးအနေနဲ့ ဆောင်ရွက်မယ်ဆိုရင် ကျွန်တော်တို့ KNU အဖွဲ့အစည်းဝင်အနေနဲ့ဆိုရင် လုပ်လို့မရဘူးလေ၊ KNU က လက်နက်ကိုင်အဖွဲ့အစည်းတပိုင်း ဖြစ်တဲ့အခါကျတော့ ပြည်တွင်းနိုင်ငံရေးမှာ လုပ်ကိုင်ဆောင်ရွက်မယ်ဆိုရင် လုပ်ကိုင်ဆောင်ရွက်လို့မရဘူး၊ ဒါကြောင့်မို့လို့ ပထမတစ်ချက်အနေနဲ့ ထွက်ရတာဖြစ်တယ်ပေါ့နော်၊ နောက်တစ်ခုကတော့ ဒီမှာပြန်လည်ပြီးတော့ အမျိုးသားရေးအတွက် နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ကတော့ လက်ရှိငြိမ်းချမ်းရေးဆောင်ရွက်မှုမှာ အခုထက်ပိုပြီးတော့ အကျိုးပြုနိုင်မယ်လို့ ယုံကြည်တယ်၊ နောက်တစ်ခုကတော့ ကရင်အမျိုးသားတွေ အပါအဝင် တိုင်းရင်းသားတွေရဲ့ အခွင့်အရေးအတွက် ပိုပြီးတော့ ဆောင်ရွက်ပေးနိုင်မယ်လို့ ယုံကြည်တယ်၊ တတိယတစ်ချက်ကတော့ ကျွန်တော်တို့ တိုင်းပြည်မှာ လူမျိုးစုံနေထိုင်တဲ့ တိုင်းပြည်ဖြစ်တဲ့အခါကျတော့ တိုင်းရင်းသားလူမျိုးပေါင်းစုံ စည်းလုံးရေး၊ ချစ်ကြည်ရေးအတွက် ကျွန်တော်ပိုမိုပြီးတော့ ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်တယ်၊ အဲဒါတွေက အဓိကပါပဲ’’ ဟု ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။
ထို့ပြင် ကရင်နိုင်ငံရေးပါတီများသည် ကရင်အမျိုးသားကိုယ်စားပြုသည့် ပါတီများဖြစ်သည့်အတွက် ၎င်းတို့နှင့်ပူးပေါင်းဆောင်ရွက်၍ အမျိုးသားရေးတာဝန်ကို ထမ်းဆောင်သွားမည်ဖြစ်ကြောင်း၊ အဓိကအရေးကြီးသည်မှာ ပြည်သူများသာဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် ကရင်၊ ဗမာ စုပေါင်း၍ ရှေးအစဉ်အဆက်နေထိုင်ခဲ့သည့် ဒေသတစ်ခုဖြစ်သည့်အတွက်ကြောင့် ပြည်သူများကို အဓိကစည်းရုံးရန်လိုကြောင်းနှင့် ပြည်သူများထောက်ခံမှုသာ အရေးကြီးကြောင်း ၎င်းက ပြောကြားသည်။
“ ကျွန်တော် ကရင်တိုင်းရင်းသားတွေတင်မကဘူး၊ ကျွန်တော်တို့ မြို့နယ်မှာရှိတဲ့ ဗမာတိုင်းရင်းသားတွေပါ ပြောချင်တယ်၊ ကျွန်တော်က ၂၀၁၃ခုနှစ်မှာ ကျွန်တော့်ဒေသကို ကျွန်တော်ပြန်လာလို့ရတယ်၊ လူထုအကျိုးပြုလုပ်ငန်းတွေ ကျွန်တော်အများကြီးလုပ်ပေးခဲ့တယ် ကရင်၊ ဗမာ လူမျိုးရယ် မခွဲခြားဘူး စာသင်ခန်းတွေ ဆောက်ပေးခဲ့တယ်။ ဆေးခန်းတွေ ဆောက်ပေးခဲ့တယ်။ အခုလက်ရှိဆိုရင် ကျွန်တော် ကရင်အမျိုးသားတိုးတက်ရေးဖောင်ဒေးရှင်းကို ၂၀၁၅ က တရားဝင်မှတ်ပုံတင်ထားတယ်၊ ဒီကာလအတွင်းမှာ ကျွန်တော် ကျောင်းထားပေးထားတဲ့ တက္ကသိုလ်အသီးသီးပေါ့နော်။ ပညာရေးကောလိပ်၊ ပညာရေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ နောက်ပြီးတော့ ကွန်ပျူတာတက္ကသိုလ်၊ သူနာပြုကောလိပ် သူနာပြုတက္ကသိုလ် အစရှိသည့် ကောလိပ်အသီးသီးတွေကို ကျွန်တော်ပို့ပေးခဲ့တဲ့ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေဟာ ၂၅၀ ရှိပါတယ်။ ၂၅၀ ထဲမှာ ၅၇ ယောက်က ဘွဲ့ရပြီးတော့ အလုပ်အသီးသီးကို ဝင်သွားပြီ။ အဲကလေးတွေကို ကျွန်တော်ရွေးချယ်တဲ့နေရာမှာ ကရင်၊ ဗမာ မရွေးချယ်ဘူး၊ ကလေးတစ်ယောက်ဟာ ဆယ်တန်းအောင်ပြီးရင် စာတော်တယ်။ နောက်ပြီးတော့ မိဘတွေက တက္ကသိုလ်ပို့နိုင်တဲ့ အင်အားမရှိဘူး။ အဲဒါတွေကို သူတို့ရဲ့ သက်ဆိုင်ရာ အထက်တန်း ကျောင်းအုပ်ဆရာကြီး ဆရာမကြီးတွေက ရွေးတယ်။ လျှောက်တယ်။ ဆရာ ဆရာမကြီးတွေက သူတို့ကော်မတီဖွဲ့ပြီးတော့ ရွေးတယ်။ ကျွန်တော်ကထောက်ပံ့တယ်၊ ကျွန်တော့် မြို့နယ်မှာ ကျွန်တော်လူမှုရေးလုပ်ငန်းတွေ ကျွန်တော်လုပ်ခဲ့တာဆိုလို့ရှိရင် ဒီငြိမ်းချမ်းရေး စတင်ဆောင်ရွက်ထဲက ကျွန်တော်ဆောင်ရွက်တဲ့အခါကျတော့ ကျွန်တော်ကို တကယ်ယုံကြည်လို့ရှိရင် ကျွန်တော့်ကို တကယ်အားကိုးလို့ရှိရင် သူတို့အကျိုးအတွက်ကို ကျွန်တော်တကယ်လုပ်ပေးနိုင်မယ်ဆိုရင် ကျွန်တော့်ကို မဲထည့်မယ်လို့ ယုံကြည်တယ်၊ အခုလဲ လုပ်ပေးတယ်။ ရှေ့လျှောက်လဲ လုပ်ပေးသွားမှာဖြစ်တယ်၊ ဒါကျွန်တော်က လက်တွေ့နဲ့ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါတယ်” ဟု ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။
ပန်းတနော်မြို့နယ်သည် ကရင်တိုင်းရင်းသား အများစုနေထိုင်ရာ ဒေသတစ်ခုဖြစ်ပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ စသည့် ပါတီကြီးများကလည်း ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်နေရာအတွက် ကိုယ်စားလှယ်လောင်းများကို ကရင်တိုင်းရင်းသားများသာ ရွေးချယ်ထားကြောင်း သိရသည်။
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်