Top News

KIO/ KIA လက်နက်ကိုင်အဖွဲ့က ရှမ်းနီတိုင်းရင်းသားကျောင်းသားနှစ်ဦးအား မတရားဖမ်းဆီး သတ်ဖြတ်ခြင်းအပေါ် အရပ်ဘက်အဖွဲ့အစည်းပေါင်း ၂၉ ဖွဲ့ သဘောထားထုတ်ပြန်
24htopnews | July 19, 2024 11:12 AM CST

KIO/ KIA လက်နက်ကိုင်အဖွဲ့က ရှမ်းနီတိုင်းရင်းသားကျောင်းသားနှစ်ဦးအား မတရားဖမ်းဆီး သတ်ဖြတ်ခြင်းအပေါ် အရပ်ဘက်အဖွဲ့အစည်းပေါင်း ၂၉ ဖွဲ့က သဘောထားထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။

 ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၆ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ပါဟုတ်ကျေးရွာနေ ရှမ်းနီတိုင်းရင်းသားကျောင်းသားများဖြစ်သည့် မောင်သန့်ဇင်အောင်နှင့် မောင်ဇော်မျိုးဦးတို့ကို ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာအုပ်စု ဆယ်စင်းကျေးရွာတွင် KIO/ KIA လက်နက်ကိုင်တပ်ဖွဲ့က မတရားဖမ်းဆီး သတ်ဖြတ်ခြင်းနှင့်ပတ်သက်၍ အရပ်ဘက်အဖွဲ့အစည်းများက အပြင်းအထန်ကန့်ကွက်ရှုတ်ချပြီး အချက်ငါးချက်ပါသော သဘောထားကြေညာချက်တစ်စောင်ကို ဇူလိုင် ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ အချက်များမှာ (၁) လူမျိုးအခြေပြု လက်နက်ကိုင်တပ်ဖွဲ့သည် အာဏာရှင်စိတ်ဝင်လျက် ရှမ်းနီတိုင်းရင်းသားများအပေါ် မတရားဖမ်းဆီးသတ်ဖြတ်လာသည်ကို အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း၊ (၂) ကျောင်းသားနှစ်ဦးအပေါ် မတရားဖမ်းဆီးသတ်ဖြတ်ခြင်းသည် ဖက်ဒရယ်ဒီမိုကရေစီစနစ်နှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအပေါ် များစွာထိခိုက်စေပြီး အတူနေတိုင်းရင်းသားတို့၏ လူ့အခွင့်အရေး ဆုံးရှုံးနေခြင်းနှင့် နိုင်ငံရေးတန်းတူညီမျှမှု မရှိခြင်းတို့ကို ထိတ်လန့်အံ့သြဖွယ်ပေါ်လွင်လာစေကြောင်း၊ (၃) တိုင်းရင်းသားမျိုးနွယ်စုများအချင်းချင်း နာကြည်းမုန်းတီးစိတ်များ ပိုမိုပြင်းထန်လာခြင်းနှင့်အတူ မလိုလားအပ်သည့် လူမျိုးရေးပဋိပက္ခများဖြစ်ပွားအောင် တမင်ဆောင်ရွက်နေသကဲ့သို့ဖြစ် လာနေကြောင်း၊ (၄) KIO/ KIA လက်နက်ကိုင်တပ်ဖွဲ့နှင့် မဟာမိတ်ပြုထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကလည်း ဝိုင်းဝန်းထိန်းကျောင်းပေးရန် အလေးအနက် တိုက်တွန်းတောင်းဆိုကြောင်း၊ (၅) နိုင်ငံတော်အစိုးရအဖွဲ့ဝင် လူကြီးမင်းများ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်အဖွဲ့မှ တာဝန်ရှိသူများ၊ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးမှ တာဝန်ရှိသူများ၊ လူ့အခွင့်အရေးကို လေးစားလိုက်နာကြသည့် မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာသံရုံးများနှင့် ကချင်ပြည်နယ်ရှိ တိုင်းရင်းသားပါတီများ၊ ဘာသာရေးခေါင်းဆောင်များကလည်း KIO/ KIA လက်နက်ကိုင်တပ်ဖွဲ့က ရှမ်းနီတိုင်းရင်းသားကျောင်းသားနှစ်ဦးအပေါ် မတရားဖမ်းဆီး သတ်ဖြတ်ခြင်းနှင့်ပတ်သက်၍ ဥပဒေအရ တရားမျှတစွာ စစ်ဆေးပေးနိုင်ရေး၊ နောက်နောင်တွင် မည်သည့်လူ့အခွင့်အရေး ချိုးဖောက်မှုမျှ မလုပ်ဆောင်စေရေး၊ တိုင်းရင်းသားအချင်းချင်း တန်းတူညီမျှမှုရှိစွာ ဆက်ဆံရေးတို့အတွက် ဝိုင်းဝန်းစောင့်ကြည့်တိုက်တွန်းပေးရန် အလေးအနက်တောင်းဆိုကြောင်း ပါရှိသည်။

“အဓိကတော့ လူ့အခွင့်အရေးမချိုးဖောက်ဖို့ အတူနေတိုင်းရင်းသားအချင်းချင်း သင့်မြတ်ရေးနဲ့ အပြန်အလှန်လေးစားရေးပေ့ါ” ဟု ကျွန်းတစ်ထောင်မြေဖောင်ဒေးရှင်းအဖွဲ့ဒါရိုက်တာ မနန်းဝါနုက ပြောကြားသည်။

အဆိုပါသဘောထားထုတ်ပြန်ချက်ကို သျှမ်းနီလူငယ်ကွန်ရက်၊ ကျွန်းတစ်ထောင်မြေ ဖောင်ဒေးရှင်းအပါအဝင် အရပ်ဘက်အဖွဲ့အစည်း ၂၉ ခုတို့က ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 


READ NEXT
Cancel OK