Top News

၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် ပထမခြောက်လပတ်တွင် ပြည်ထောင်စုဌာန၊ အဖွဲ့အစည်းများက ကျပ်ဘီလျံ ၁၁၅၀၀ ကျော် သုံးစွဲထား
24htopnews | July 19, 2024 11:12 AM CST

၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ် ပထမခြောက်လပတ်တွင် ပြည်ထောင်စုဌာန၊ အဖွဲ့အစည်းများက ကျပ်ဘီလျံ ၁၁၅၀၀ ကျော် သုံးစွဲထားကြောင်း ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် ပထမခြောက်လပတ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ အစီရင်ခံစာအရ သိရသည်။

ဇူလိုင် ၂၄ ရက်ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် အဆိုပါအစီရင်ခံစာနှင့်ပတ်သက်ပြီး စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက  ရှင်းလင်းခဲ့သည်။

“ရငွေအပေါ်မှာ အကောင်အထည်ဖော်မှုနဲ့ပတ်သက်ပြီး ပြည်ထောင်စုဌာနအဖွဲ့အစည်းများရဲ့ ပထမခြောက်လပတ် စုစုပေါင်းရငွေ လျာထားချက် ကျပ် ၁၀၉၄၂ ဘီလျံ၊ အကောင်အထည်ဖော်နိုင်မှုကတော့ ကျပ် ၁၁၀၂၂ ဘီလျံဖြစ်သဖြင့် ၁၀၀ ဒသမ ၇၄ ရာခိုင်နှုန်း အကောင်ထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း တင်ပြအပ်တယ်။ သုံးငွေအပေါ်မှာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုနဲ့ပတ်သက်ပြီး ပထမခြောက်လပတ်အတွက် သုံးငွေလျာထားချက် ကျပ် ၁၄၈၄၉ ဘီလျံ၊ အကောင်အထည်ဖော်နိုင်မှု ကျပ် ၁၁၅၂၇ ဘီလျံဖြစ်သဖြင့် ၇၇ ဒသမ ၆၄ ရာခိုင်နှုန်း အကောင်အထည်ဖော် ဆောင်ရွက်ကြောင်း တင်ပြအပ်ပါတယ်” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။

ထို့ပြင် ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်နှင့် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တို့၏ ပထမခြောက်လပတ်ရငွေနှိုင်းယှဉ်ချက်အရ  ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် ပထမခြောက်လပတ်တွင် ရငွေ ကျပ် ၉၃၆၄ ဒသမ ၁၄၁ ဘီလျံဖြစ်ပြီး ၂၀၁၉ -၂၀၂ဝဘဏ္ဍာနှစ် ပထမခြောက်လပတ်တွင် ရငွေ ကျပ် ၁၁၀၂၂ ဒသမ ၁၄၄ ဘီလျံဖြစ်ကြောင်း၊ သုံးငွေနှိုင်းယှဉ်ချက်အရ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် ပထမခြောက်လပတ်တွင် ကျပ် ၉၉၂၇ ဒသမ ၉၉၉ ဘီလျံဖြစ်ပြီး ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ် ပထမခြောက်လပတ် သုံးငွေမှာ ကျပ် ၁၁၅၂၇ ဒသမ ၄၉၄ ဘီလျံ ဖြစ်ကြောင်း ဒုတိယဝန်ကြီးကဆိုသည်။

“ရငွေလျာထာချက်များကို မပြည့်မီရတဲ့ အဓိကအကြောင်းရင်းများ စိစစ်ရာမှာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှာ အမျိုးသားဇာတ်ရုံ (ရန်ကုန်) အတွက်ကို တရုတ်ပြည်သူသမ္မတနိုင်ငံမှ နည်းပညာနဲ့ ပစ္စည်းအကူအညီမရရှိသေးခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှာ FARM Project ဒိန်းမတ်-မြန်မာစီမံကိန်း၊ မဲခေါင်၊ လန်ချန်းစီမံကိန်းနဲ့ Training Course On Food Processing စီမံကိန်းတို့အတွက် ထောက်ပံ့ငွေတွေ၊ မြန်မာနိုင်ငံ သမဝါယမမှတစ်ဆင့် ငွေကြေးကဏ္ဍမှပါဝင်ခြင်းနဲ့ တိုးချဲ့ဆောက်ရွက်ခြင်းစီမံကိန်းအတွက် ကနေဒါနိုင်ငံ သမဝါယမအဖွဲ့ချုပ်က ထောက်ပံ့ငွေများ လျာထားတဲ့အတိုင်း မရရှိခြင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတွင် ပြည်ပချေးယူရငွေဖြင့် ဆောင်ရွက်မယ့် စီမံကိန်းလုပ်ငန်းများအတွက် စာချုပ်ချုပ်ဆိုရန်နဲ့ အချို့ပစ္စည်းများအတွက် ငွေပေးချေရန် ဆောင်ရွက်ဆဲဖြစ်ခြင်း၊ JICA (ODA) ချေးငွေနဲ့ဆောင်ရွက်သော ဆက်သွယ်ရေးကွန်ရက်များ အဆင့်မြှင့်တင်မှုစီမံကိန်းအတွက် ဒီဇိုင်းအတည်ပြုခြင်းနဲ့ ပစ္စည်းတင်ပိုု့မှု နောက်ကျနေခြင်းတို့ကြောင့် ပြည်ပချေးယူရငွေများ လျော့နည်းရခြင်းဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။ အလားတူကျန်းမာရေးနှင့် အာကစားဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့တွင် ပြည်ပချေးငွေအထောက်အပံ့များ မရရှိခြင်းနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများကြောင့် ရငွေလျာထားချက်များ လျော့နည်းရကြောင်း သိရသည်။

ရငွေအပိုင်းသုံးသပ်ချက်အရ သာမန်ရငွေတွင် အခွန်အကောက်ရငွေများ ပိုမိုရရှိခဲ့ခြင်း၊ လျာထားချက်ကို ပြည်မီကျော်လွန်ပြီး ပြည်ထောင်စု အခွန်အကောက်ရငွေတစ်ရပ်လုံး၏ ၈၅ ရာခိုင်နှုန်းခန့် ကောက်ခံလျက်ရှိသည့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအနေဖြင့် စည်းကြပ်မှုမှလွတ်ကင်းနေသော ဝင်ငွေအပေါ် သက်သောအခွန်ရာခိုင်နှုန်းဖြင့် အခွန်ထမ်းဆောင်ခွင့်ပြုခဲ့သည့်အတွက် ဝင်ငွေခွန်ပိုမိုရရှိကြောင်း၊ ပြည်ထောင်စု၏ အခွန်အကောက်ရငွေ ပထမခြောက်လပတ် လျာထားချက်အပေါ် ကောက်ခံရရှိမှုမှာ ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် ၁၀၄ ဒသမ ၂၃ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် ၁၂၆ ဒသမ ၆၆ ရာခိုင်နှုန်းဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

 


READ NEXT
Cancel OK