ရခိုင်နှင့် ချင်းပြည်နယ်အတွင်း အပြစ်မဲ့အရပ်သားများ မတော်မတရား ထိခိုက်သေဆုံးရမှု ဖြစ်စဉ်နှင့်ပတ်သက်သည့်သူများကို ပြင်းထန်စွာရှုတ်ချကြောင်း NCA လက်မှတ်ရေးထိုးထားသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) က ဧပြီ ၂၃ ရက်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ယင်းထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်အတွင်း နေ့စဉ်ရက်ဆက်ဖြစ်ပွားနေသော စစ်ပွဲများကြောင့် သေကြေဒဏ်ရာရမှုများသည် အလွန်ပင်စိုးရိမ်ဖွယ်အဆင့်သို့ ရောက်ရှိလာကြောင်း၊ ဧပြီ ၁၃ ရက်က ကျောက်ဆိပ်ကျေးရွာအနီး ပစ်ခတ်မှုကြောင့် အပြစ်မဲ့အရပ်သား ရှစ်ဦးသေဆုံးပြီး ၁၃ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခြင်း၊ ၁၉ ရက်တွင် ဆက်လက်ဖြစ်ပွားခဲ့သော ကျောက်ဆိပ်ရွာသားများအား ခေါ်ယူစစ်ဆေးခံရခြင်းနှင့် နေ့စဉ်ကြုံတွေ့နေရသော စစ်၏ဖြစ်ရပ်များသည် ရခိုင်ပြည်သူတစ်ရပ်လုံး တုန်လှုပ်ချောက်ခြားခဲ့ရသော ဖြစ်ရပ်များဖြစ်ကြောင်း ပါရှိသည်။
ထို့ပြင် ဧပြီ ၂၀ ရက်က WHO မှ ဝန်ထမ်း ဦးပြည့်စုံဝင်းမောင်နှင့် အရပ်သားဝန်ထမ်း ကျန်းမာရေးကြီးကြပ် (၂) ဦးအောင်မျိုးဦးတို့ ရန်ကုန်မြို့ အမျိုးသားဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ရခိုင်ပြည်နယ်ရှိ မြို့နယ်များမှ COVID-19 ရောဂါစောင့်ကြည့်ခံရသူများ၏ နှာခေါင်းနှင့် အာခေါင်တို့ဖတ် နမူနာများသွားပို့သည့်ကား ပစ်ခတ်ခံရသည့်အတွက် ဦးပြည့်စုံဝင်းမောင် သေဆုံးခြင်း၊ ဦးအောင်မျိုးဦး ဒဏ်ရာရရှိခြင်း၊ ဧပြီ ၂၂ ရက် ဖြစ်ပျက်သော CPS ပိုးသတ်ဆေး ကုမ္ပဏီဝန်ထမ်းယာဉ်မောင်း ဦးနွယ်နွယ်မောင် သေဆုံးရခြင်း၊ မင်းပြားနှင့် ပလက်ဝတို့တွင် သေကြေဒဏ်ရာရမှုများ ဆက်လက်ဖြစ်ပွားနေခြင်းတို့အတွက် မိသားစုများနှင့် ထပ်တူဝမ်းနည်းရကြောင်း ALP ပါတီက ထုတ်ပြန်ခဲ့သည်။
အဆိုပါ သတင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အရံဗဟိုကော်မတီဝင် ဦးခိုင်အောင်သိန်းဌေးက “ WHO ဝန်ထမ်း ပစ်သတ်ခံရတာနဲ့ ပတ်သက်ပြီးတဲ့နောက် CPS ပိုးသတ်ဆေးကုမ္ပဏီက တစ်ယောက်ကလည်း ထပ်ဖြစ်တယ်ဆိုတော့ နိုင်ငံတော်အတိုင်ပင်ခံရုံးကလည်း စတိတ်မန့် ထုတ်တယ်ဆိုတော့လေ။ ပြီးတော့ တိုက်ပွဲကလည်း တအားစိပ်လာတဲ့အခါ ဧပြီ ၁၂ ရက်က ကြေညာချက်တစ်ခု ထုတ်ထားတဲ့အပေါ်မှာ ထပ်ပြီးတော့ တောင်းဆိုလိုက်တဲ့သဘောပါ။ ပြည်သူတွေ အရမ်းထိခိုက်နစ်နာလာတဲ့အပေါ်မှာ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ပြင်းထန်စွာဆက်လက်ဖြစ်ပွားနေခြင်းကြောင့် စစ်ဘေးရှောင် တစ်သိန်းခုနစ်သောင်းကျော် ရှိသည့်အပြင် နောက်ထပ်တိုးပွားလာမည့် အခြေအနေရှိနေသည့်အတွက် ပြည်တွင်း ငြိမ်းချမ်းရေးလမ်းစများ တဖြည်းဖြည်းမှေးမှိန်လာသကဲ့သို့ ခံစားလာမိကြောင်း၊ စစ်ကို စစ်ဖြင့် မဖြေရှင်းဘဲ နိုင်ငံရေးပြဿနာကို စားပွဲပေါ်တွင် အဖြေရှာနိုင်မည့်နည်းကို အာရုံစိုက် လုပ်ဆောင်ခြင်းဖြင့်သာ နိုင်ငံတော်အေးချမ်းသာယာရေးကို ပိုမိုအထောက်အပံ့ဖြစ်စေနိုင်မည်ဟု ယုံကြည်ကြောင်း ALP ပါတီက တိုက်တွန်းထားသည်။
“ ကျွန်တော်တို့ကတော့ စားပွဲပေါ်မှာ ဖြေရှင်းတဲ့နည်းလမ်းကို လုပ်စေချင်တယ်။ ဒါပေမဲ့ အခြေအနေအရ တိုက်နေကြတယ်ဆိုရင် ဒါကတော့ ဘယ်လိုပြောမလဲ ဖြစ်သင့်ဖြစ်ထိုက်လို့ တကယ်လို့ ဖြစ်တယ်။ ကိုယ့်လိုအပ်ချက်တွေ၊ လိုအင်ဆန္ဒတွေ မပြည့်လို့ နှစ်ဖက်တိုက်နေကြတယ်ဆိုရင်လည်း အရပ်သားသေဆုံးမှု နည်းနိုင်သမျှနည်းအောင် တိုက်ကြပေါ့နော်။ ပြီးရင် တကယ်လို့ တစ်ခုခုဖြစ်တယ်ဆိုလို့ရှိရင်လည်း မင်းပြားမှာဖြစ်တဲ့ ပြဿနာလိုမျိုးဟာမျိုးဆိုရင် ဒီဘက်ကလည်း တာဝန်မယူဘူး။ ဟိုဘက်ကလည်း တာဝန် မယူဘူး။ အဲဒီလိုနှစ်ဖက်ဖြစ်နေတဲ့ဟာကို အရပ်ဘက်တွေ သေတဲ့အခါ နှစ်ဖက်စလုံးက တာဝန်မယူတဲ့ဟာမျိုး မဖြစ်စေချင်ဘူး။ တကယ်လို့ဖြစ်တယ်ဆိုရင်လည်း ကျွန်တော်တို့ လုပ်လိုက်တယ်။ မှားသွားတယ်ပေါ့။ ဒါထင်ယောင်ထင်မှား ဖြစ်တယ်ပေါ့နော်။ မသိလို့ လုပ်လိုက်တယ်။ အဲဒီလိုဟာမျိုးပေါ့။ တစ်ဖက်က လုပ်လိုက်ရင်လည်း ကျွန်တော်တို့ လုပ်လိုက်တာပါဆိုတဲ့ဟာမျိုးပေါ့။ တိုက်ပွဲတွေသာ ဖြစ်နေကြတာ တာဝန်ခံမှုတာဝန်ယူမှု မရှိဘူးပေါ့နော်။ ပြီးရင် ဒီတိုက်ပွဲက ဘယ်လောက်အထိ သွားမလဲ။ အခုမိုးကျတော့မယ်။ သူတို့က ၁၀ တန်း စာမေးပွဲဖြေနေတုန်းကလည်း မရပ်ဘူး။ အခု COVID-19 ဖြစ်နေလည်း မရပ်ဘူး။ ဘာကို ရည်ရွယ်ပြီးတော့ ဘာကိုဦးတည်ပြီးတော့ တိုက်နေကြတာလဲဆိုတာ နားမလည်ဘူး” ဟု ဦးခိုင်အောင်သိန်းဌေးက ပြောကြားသည်။
ထို့ပြင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အနေဖြင့် အချက်လေးချက်ကိုလည်း တောင်းဆိုခဲ့ပြီး (၁) နှစ်ဘက်တိုက်ခိုက်မှု အမြန်ရပ်ဆိုင်းရန်၊ (၂) စစ်ကြောင့် ထိခိုက်နစ်နာသေဆုံးသူ မိသားစုများအပေါ် လူသားချင်းစာနာထောက်ထားမှု အကူအညီ အမြန်ဆုံးဆောင်ရွက်ပေးရန်၊ (၃) စစ်ဘေးရှောင်ပြည်သူများ မိမိနေရပ်ကျေးရွာများသို့ ပြန်လည်အခြေချပြီး အမိုးအကာအောက်၌ အန္တရာယ်ကင်းစွာ နေထိုင်နိုင်ရေးနှင့် မိုးဦးကျ ကျောင်းမဖွင့်မီ စစ်ဘေးရှောင်ကလေးများ စာသင်ကြားနိုင်ရေးတို့ကို အလေးထားစဉ်စားပေးရန်နှင့် (၄) ဖြစ်ပျက်ခဲ့သော စစ်၏အနိဋ္ဌာရုံများကို သင်ခန်းစာရယူ၍ အပြစ်မဲ့ပြည်သူများ မဖြစ်သင့်သော နစ်နာမှုများ ဆက်လက် မဖြစ်စေရေး အလေးထားဆောင်ရွက်ကြရန် စသည့်အချက်များ ဖြစ်သည်။
“ သူ့ဘက်ကိုယ့်ဘက် လိုအပ်ချက် အလျှော့အတင်းကိုတော့ နိုင်ငံရေးနည်းကို နိုင်ငံရေးနဲ့ပဲ ဖြေရှင်းတာ ကောင်းပါတယ်” ဟု ဦးခိုင်အောင်သိန်းဌေးက ဆိုသည်။
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်