လက်ရှိအစိုးရလေးနှစ်တာကာလအတွင်း အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနအနေဖြင့် စုံစမ်းစစ်ဆေးခဲ့သည့် အမှုများအနက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေနှင့် အကျုံးဝင်သောအမှု ၂၆၈ မှုကို စုံစမ်းစစ်ဆေးခဲ့ပြီး ပြည်သူ့ဘဏ္ဍာအဖြစ် ငွေကြေးနှင့် ပစ္စည်းတန်ဖိုး ကျပ် ၂ ဒသမ ၁၇၂ ဘီလျံ သိမ်းဆည်းနိုင်ခဲ့ကာ စုံစမ်းစစ်ဆေးဆဲ ငွေကြေးခဝါချမှုများမှ ငွေကြေးနှင့် ပစ္စည်းတန်ဖိုး ကျပ် ၇၉ ဒသမ ၄၀ ဘီလျံကို ယာယီသိမ်းဆည်းထားကြောင်း အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဥပဒေနှင့် အကျိုးဆောင်ဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးမြင့်လေးက ပြောကြားသည်။
“ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနအနေနဲ့ လေးနှစ်တာကာလအတွင်း စုံစမ်းစစ်ဆေးခဲ့တဲ့ အမှုတွေအနက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေနှင့် အကျုံးဝင်သောအမှု ၂၆၈ မှုကို စုံစမ်းစစ်ဆေးခဲ့တာ ရှိပါတယ်။ ဒီစုံစမ်းစစ်ဆေးခြင်းကနေပြီး ပြည်သူ့ဘဏ္ဍာအဖြစ် တရားရုံးတွေက ပြစ်ဒဏ်ချမှတ်သိမ်းဆည်းခဲ့တဲ့ ငွေကြေးနဲ့ ပစ္စည်းတန်ဖိုးစုစုပေါင်း ကျပ် ၂ ဒသမ ၁၇၂ ဘီလျံ သိမ်းဆည်းနိုင်ခဲ့ပါတယ်။ စုံစမ်းစစ်ဆေးဆဲ ငွေကြေးခဝါချမှုတွေက ယာယီသိမ်းဆည်းထားတဲ့ ငွေကြေးနဲ့ ပစ္စည်းတန်ဖိုး စုစုပေါင်း ငွေကျပ် ၇၉ ဒသမ ၄၀ ဘီလျံဖြစ်ပြီး ပြစ်မှုကျူးလွန်ကြောင်း တွေ့ရှိရတဲ့ ငွေကြေးနဲ့ ပစ္စည်းတွေကို တရားစွဲဆို တင်ပို့သွားမှာ ဖြစ်ပါတယ်” ဟု ဦးစိုးမြင့်လေးက ပြောကြားသည်။
အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၏ လက်ရှိသက်တမ်းလေးနှစ်တာကာလအတွင်း ဆောင်ရွက်မှုအဖြစ် ဧပြီ ၂၅ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့မှုအရ စီးပွားရေးဆိုင်ရာပြစ်မှု ၂၀၄ မှုနှင့် ဝန်ထမ်းမသမာမှု ၁၉၉ မှု၊ ပုဂ္ဂလိကဘဏ်များ၏ မ,တည်ငွေ ရင်းတိုးမြှင့်ခြင်း၊ သံသယဖြစ်ဖွယ် ငွေကြေးလွှဲပြောင်းခြင်း၊ ငွေကြေးခဝါချခြင်း အပါအဝင် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ အကြုံးဝင်သောအမှု ၂၆၈ မှု စုစုပေါင်း ၆၇၁ မှုရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ သိရသည်။
“ စုံစမ်းစစ်ဆေးခဲ့တဲ့ အမှုတွေကနေ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ခဲ့တဲ့ ငွေကြေးနဲ့ ပစ္စည်းတန်ဖိုးက နိုင်ငံခြားငွေ အပါအဝင် မြန်မာကျပ်ငွေအနေဖြင့် စုစုပေါင်း ၅ ဒသမ ၈၃ ဘီလျံခန့် သိမ်းဆည်းနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ငွေကျပ် ၅၃၆ ဒသမ ၄၃ ဘီလျံနဲ့ နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၅၇ သန်းတို့အပေါ် အခွန်စည်းကြပ်နိုင်ဖို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနကို အကြောင်းကြားနိုင်ခဲ့ပါတယ်” ဟု အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဥပဒေနှင့် အကျိုးဆောင်ဌာနမှ ညွှန်ကြားရေးမှူး ဦးစိုးမြင့်လေးက ပြောကြားသည်။
အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနအနေဖြင့် အများပြည်သူ ထိခိုက်နစ်နာစေသော ကိစ္စရပ်များ၊ နိုင်ငံတော်ဘဏ္ဍာဆုံးရှုံးမှုများ အပါအဝင် စီးပွားရေးဆိုင်ရာပြစ်မှုများ၊ ဝန်ထမ်းမသမာမှုများနှင့် ငွေကြေးခဝါချမှုများကို အဓိကထား စုံစမ်းဖော်ထုတ်လျက်ရှိသည့်အပြင် နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ တာဝန်ပေးအပ်သည့် ကိစ္စရပ်များ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ အကူအညီ တောင်းခံသည့် ကိစ္စရပ်များ၊ အခြား တည်ဆဲဥပဒေများအရ အရေးယူနိုင်သည့် ပြစ်မှုများကို ပြည်ထဲရေးဝန်ကြီးဌာန၏ တာဝန်ပေးချက်အရ စုံစမ်းစစ်ဆေးလျက်ရှိသည်။
“ တရားရုံးကို သက်သေခံတင်ပို့ထားပြီး ပြည်သူ့ဘဏ္ဍာသိမ်းဆည်းဖို့ တရားစစ်ဆေး စီရင်ဆဲအမှုတွေက ငွေကြေးနဲ့ ပစ္စည်းတန်ဖိုး စုစုပေါင်းငွေကျပ် ၂၆ ဒသမ ၁၇ ဘီလျံ ဖြစ်ပါတယ်။ လုပ်ငန်း၊ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေ လုံခြုံရေးအတွက် အထောက်အကူပြု စိစစ်ပေးနိုင်မှုအနေနဲ့ လူပုဂ္ဂိုလ် ၃ ဒသမ ၇ သန်းကျော်ကို စိစစ်ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်” ဟု ဦးစိုးမြင့်လေးက ပြောကြားသည်။
လတ်တလောတွင် ဘဏ်လိုင်စင်ရုပ်သိမ်းထားပြီး ဖျက်သိမ်းရန် စီစဉ်နေသည့် အာရှရန်ကုန်ဘဏ်၏ မ,တည်ငွေရင်း တိုးမြှင့်ရန် အဆိုပြုငွေအပေါ် စစ်ဆေးရာ အဆိုပါငွေမှာ အခွန်ထမ်းဆောင်ပြီး တရားဝင်ရငွေဖြစ်ကြောင်း အထောက်အထားမရှိသည့်အပြင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက စစ်ဆေးခဲ့သည့် အထောက်အထားများတွင် ဘဏ်ရှယ်ယာ အရောင်းအဝယ်ပြုလုပ်စဉ်က ပေးချေသည့်ငွေများမှာ အခွန်ဆောင်ထားပြီး တရားဝင်ရငွေဟု ယူဆ၍မရသည့် အထောက်အထားများ ပါဝင်သည့်အတွက် ဘဏ်လိုင်စင်ရုပ်သိမ်းပြီး ဖျက်သိမ်းရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ပြောကြားထားသည်။
“ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၁၇ ခုနှစ်မှာ ရှယ်ယာအရောင်းအဝယ်နဲ့ အရှုပ်အရှင်း တိုင်ကြားချက်ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး အကြောင်းကြားစာတွေကို စတင်ရရှိခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အာရှရန်ကုန်ဘဏ်ဟာ မ,တည်ငွေရင်းကို ပြည့်ဝစွာ မထည့်သွင်းခဲ့တဲ့ အနေအထားတွေရှိခဲ့ပါတယ်။ ဘဏ်က မတည်ရင်းနှီးငွေပမာဏ တိုးမြှင့်ထည့်သွင်းဖို့ အဆိုပြုမှု ၂၀၁၆ ခုနှစ်မှာ တစ်ကြိမ်ရှိခဲ့ပါတယ်။ ဒီငွေဟာ တရားဝင်ရရှိတဲ့ငွေ ဟုတ် မဟုတ် အခွန်ထမ်းဆောင်ပြီးတဲ့ ငွေ ဟုတ် မဟုတ် စုံစမ်းစစ်ဆေးမှုတွေကို သက်ဆိုင်ရာဌာနတွေနဲ့ ဆက်သွယ် ဆောင်ရွက်ခဲ့ပါတယ်။ ဒီလို စုံစမ်းစစ်ဆေးတဲ့အခါမှာ ဘဏ်ကထည့်သွင်းဖို့ အဆိုပြုတဲ့ငွေဟာ အခွန်ထမ်းဆောင်ပြီးတဲ့ တရားဝင်ရငွေဖြစ်ကြောင်း အထောက်အထားတွေ မရရှိခဲ့ပါဘူး။ အဲဒီအပြင် အခုနှစ်အစပိုင်းမှာ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကိုပေးပို့တဲ့ သူတို့ စစ်ဆေးထားတဲ့ အထောက်အထားတွေထဲမှာ ဘဏ်ရဲ့ ရှယ်ယာတွေကို ရှယ်ယာ အရောင်းအဝယ် ပြုလုပ်ခဲ့စဉ်က ပေးချေခဲ့တဲ့ငွေတွေမှာ အခွန်ဆောင်ပြီး တရားဝင် ဝင်ငွေတွေလို့ ယူဆမရကြောင်း အထောက်အထားတွေ ပါဝင်ခဲ့ပါတယ်။ ဒီလိုပေါ်ပေါက်ချက်အရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ ပြည်ထောင်စု ရှေ့နေချုပ်ရုံးရဲ့ ဥပဒေသဘောထားကို မေးမြန်းရယူပြီး နိုင်ငံတော်သမ္မတရုံးရဲ့ လမ်းညွှန်ချက်နဲ့အညီ အဆင့်ဆင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီနှစ်တွေအတွင်းမှာ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ အစည်းအဝေးတွေမှာလည်း စစ်ဆေးတွေ့ရှိချက်တွေကို အကြိမ်ကြိမ် တင်ပြပြီး နောက်ဆုံး မတ် ၁၆ ရက်မှာ ကျင်းပတဲ့ ဒါရိုက်တာအဖွဲ့အစည်းအဝေးမှာ အပြီးသတ် ဆုံးဖြတ်ချက်အရ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ငွေရေးကြေးရေးအဖွဲ့အစည်းတွေ ဥပဒေပုဒ်မ ၁၅ အရ လိုင်စင်ရုပ်သိမ်းဖို့ အခြေအနေတွေ ပေါ်ပေါက်လာရင် ပုဒ်မ ၁၆ အရ ရက်ပေါင်း ၉၀ အတွင်း ဆုံးဖြတ် ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ အခုနှစ် ဖေဖော်ဝါရီလအတွင်းမှာမှ ခိုင်မာတဲ့ အထောက်အထားတွေ ရရှိခဲ့တဲ့အတွက်ကြောင့် အခုမတ်လအတွင်းမှာ ဆုံးဖြတ်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်” ဟု ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ပြောကြားသည်။
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်