Top News

ရခိုင်ပြည်နယ်တွင် WHO ၏မော်တော်ယာဉ် ပစ်ခတ်ခံရခြင်းသည် တပ်မတော်က ပစ်ခတ်ခဲ့ခြင်းမဟုတ်ဘဲ ဖြတ်သန်းသွားလာနေသည့်ယာဉ်များကို အကြောင်းမဲ့ပစ်ခတ်ရန် အကြောင်းမရှိဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ပြောကြား
24htopnews | July 18, 2024 9:12 PM CST

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ရာမောင်တံတားတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ မော်တော်ယာဉ် ပစ်ခတ်ခံရခြင်းသည် တပ်မတော်က ပစ်ခတ်ခဲ့ခြင်းမဟုတ်ဘဲ ဖြတ်သန်းသွားလာနေသည့်ကားများကို အကြောင်းမဲ့ပစ်ခတ်မှုလုပ်ရန် အကြောင်းမရှိကြောင်းနှင့် တပ်မတော်ကသာ ပစ်ခတ်ခဲ့ပါက ယင်းအချိန်တွင် တံတား၌ ဖြတ်သွားဖြတ်လာများ ရှိသည့်အတွက် ဖုံးကွယ်ထား၍မရသည့် အခြေအနေမျိုးဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဧပြီ ၂၅ ရက်က နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်၌ သတင်းမီဒီယာအချို့နှင့်တွေ့ဆုံသည့် သတင်းစာရှင်းလင်းပွဲတွင် ရာမောင်တံတား၌ WHO ကား ပစ်ခတ်ခံရသည့် ကိစ္စနှင့်ပတ်သက်၍ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

WHO အမှတ်တံဆိပ်ပါကား ပစ်ခတ်ခံရသည့် ဧပြီ ၂၀ ရက် နံနက် ၉ နာရီခန့်က မင်းပြားမြို့နယ် ရာမောင်တံတားနားတွင် AA အကြမ်းဖက်သောင်းကျန်းသူများက  လာရောက်ပစ်ခတ်ခဲ့ခြင်းကြောင့် ထိတွေ့မှု အနည်းငယ်ဖြစ်ပွားခဲ့ပြီး မွန်းလွဲပိုင်း၌ COVID-19 သံသယလူနာ၊ စောင့်ကြည့်လူများ၏ ဓာတ်ခွဲနမူနာများကို ရန်ကုန်အမျိုးသားဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပို့ဆောင်မည့် WHO ကားသည် ရာမောင်တံတားသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ UN ကား ရောက်လာတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့က WHO ကားကို တံတားမှာပဲ ဆက်မသွားခိုင်းပဲနဲ့ ရပ်ခိုင်းထားတယ်။ သူက နေ့ခင်းပိုင်းလောက်မှာ ရောက်လာတဲ့အတွက် ရပ်ခိုင်းထားတယ်။ ရပ်ခိုင်းထားပြီးတော့ ညနေ ၅ နာရီလောက်မှာ ပစ်ခတ်နေတာတွေ ရပ်တန့်သွားတဲ့အတွက် ညနေ ၅ နာရီလောက်မှာ အဲဒီကားက ခွင့်တောင်းတယ်။ သူတို့ ရန်ကုန်ကို ဆက်သွားနိုင်ဖို့ဆိုပြီး ခွင့်တောင်းတယ်။ ခွင့်တောင်းတော့ တံတားမှာ လုံခြုံရေးကျနေတဲ့ တာဝန်ရှိသူတစ်ဦးနဲ့ ရဲတပ်ဖွဲ့ဝင်တွေကလည်း စစ်ဆေးပေးပါတယ်။ အဲဒီမှာ ရဲတပ်ဖွဲ့ဝင်တွေလည်းရှိတယ်။ စစ်ဆေးပြီးတော့ အဲဒီမှာ တာဝန်ကျ ရဲအရာရှိကလည်း ဒီကားကို စစ်ဆေးပြီးတော့ ဒါက WHO က ပိုင်တဲ့ကား မှန်တယ်။ ပြီးရင် COVID-19 သံသယလူနာတွေ စောင့်ကြည့်လူနာတွေရဲ့ နမူနာတွေ သွားပို့တာ မှန်တဲ့အတွက်ကြောင့် ဖြတ်သန်း ခွင့်ပေးလိုက်မယ်ဆိုပြီး ဖြတ်သန်းခွင့် ပေးလိုက်ပါတယ်။ ဖြတ်သန်းခွင့်ပေးပြီး နောက်ပိုင်းမှာ ဖြစ်ပေါ်လာတဲ့ အခြေအနေဖြစ်တယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

AA အနေဖြင့် ရန်ကုန်- စစ်တွေ လမ်းမပေါ်ရှိ ရာမောင်တံတားသည် ဆက်သွယ် လမ်းကြောင်းပေါ်ရှိ အရေးကြီးသည့်နေရာဖြစ်ခြင်း၊ စစ်ဆေးမှုများလည်း ရှိနေခြင်းကြောင့် အကြိမ်ကြိမ် လာရောက်နှောင့်ယှက် ပစ်ခတ်ခြင်းများရှိပြီး ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းကစတင်၍ ရန်ကုန်- စစ်တွေ ကားလမ်းမပေါ်တွင် နှောင့်ယှက်ပစ်ခတ်ခြင်း၊ မိုင်းထောင် မိုင်းဆွဲတိုက်ခိုက်ခြင်းများကို ပြုလုပ်နေခြင်းဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “ WHO က ကားကိုလည်း ကျွန်တော်တို့အနေနဲ့ ပစ်ခတ်မှုတွေ ရှိနေချိန်အတွင်းမှာ နေ့ခင်းကတည်းက ရောက်တယ်။ ပစ်ခတ်မှုတွေရှိနေချိန်မှာ ကျွန်တော်တို့ မလွှတ်ဘူး။ ငါးနာရီကျမှ ပစ်ခတ်မှုတွေ ရပ်စဲသွားတဲ့အချိန်ကျမှ ကျွန်တော်တို့ လွှတ်ပေးလိုက်တာဖြစ်တယ်။ တပ်မတော်အနေနဲ့က ဒီလိုမျိုးစစ်ဆေးနိုင်တယ်။ ကားတွေကို စစ်ဆေးနိုင်တယ်။ စစ်ဆေးလို့လည်းရတယ်။ စစ်ဆေးပြီး လွှတ်ပေးပြီးသား ကားကို ကျွန်တော်တို့အနေနဲ့ ပစ်ခတ်စရာအကြောင်းလည်း မရှိဘူး။ ပြီးရင် ဒီမှာ ဖြတ်သန်းနေတဲ့ ကားတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ အကြောင်းမဲ့ ပစ်ခတ်မှုလည်း လုပ်စရာအကြောင်းမရှိဘူး။ တပ်မတော်တင် မကဘူး။ အဲဒီမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရှိတယ်။ အဲဒီတံတားမှာ ဖြတ်သွား ဖြတ်လာတွေ အကုန်ရှိတယ်။ တပ်မတော်ကသာ လုပ်ခဲ့တယ်ဆိုရင် ဒါသည် ဘယ်လိုမှ ဖုံးကွယ်ထားစရာလည်း အကြောင်းမရှိဘူး။ ဖုံးကွယ်ထားလို့ကို မရတဲ့အခြေအနေမျိုး ရှိတယ်။ ကျွန်တော်တို့ စစ်ဆေးနိုင်တယ်။ စစ်လည်း စစ်ဆေးခဲ့တယ်။ စစ်ဆေးပြီးမှ လွှတ်ပေးလိုက်တဲ့ကားကို လုပ်စရာအကြောင်း မရှိဘူးလို့ ပြောချင်တယ်” ဟု ပြောကြားသည်။

WHO ကားကို ပစ်ခတ်ခဲ့ခြင်းမှာ ကားလမ်း၏ လက်ဝဲဘက်တောင်ကြောပေါ်က ပတ်ခတ်ခဲ့ခြင်းကြောင့် ကား၏ ဘယ်ဘက်ခြမ်းကို ထိမှန်၍ ဒဏ်ရာရသေဆုံးခြင်းဖြစ်ကြောင်း၊ ဧပြီ ၂၁ တွင် ပစ်ခတ်ခံရသည့် Hijet ယာဉ်သည် ညာမောင်းဖြစ်ပြီး အမ်းဘက်မှ စစ်တွေဘက်သို့ လာခဲ့သည့်အတွက် ယင်းတောင်ကြောပေါ်က ပစ်ခတ်ရာတွင် လက်ယာဘက်က မှန်ခြင်းကြောင့် သေဆုံးရခြင်းဖြစ်ကြောင်းနှင့် သေဆုံးသူဆီမှရရှိသည့် ကျည်ဖူးသည် တပ်မတော်က သုံးစွဲသည့် ကျည်အမျိုးအစားမဟုတ်သည်ကိုလည်း သက်သေအအထောက်အထား အခိုင်အလုံ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ရာမောင်တံတားအား ပစ်ခတ်ခဲ့သည့် တောင်ကြောပေါ်သို့ တပ်မတော်က ရှင်းလင်းရာတွင် ရန်သူ့အလောင်းအချို့ ရရှိခဲ့ခြင်းများရှိပြီး ယင်းတောင်ကြောပေါ်တွင် ပစ်ကျင်း ၁၆၃ ကျင်း တူးထားသည်ကိုလည်း တွေ့ရှိရကြောင်းနှင့် ယင်းတောင်ကြောကို ရှင်းလင်းရာတွင် တပ်မတော်မှ စစ်သည်အချို့ ဒဏ်ရာရရှိခဲ့ခြင်းများလည်းရှိကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။


READ NEXT
Cancel OK