Top News

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်နေသူများကို ပြည်ပရောက်မြန်မာများက ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်
24htopnews | July 18, 2024 9:12 PM CST

ပြည်ပရောက် မြန်မာများဖြင့် ဖွဲ့စည်းထားသည့် ပြည်သူ့ဂုဏ်ရည်အသင်းက ၁၁ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို COVID-19 ကူးစက် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကိစ္စတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်နေသူများကို ဂုဏ်ပြုချီးမြှင့်ကြောင်း ဧပြီ ၂၅ ရက်တွင် ထုတ်ပြန်သည်။

ထိုသို့ ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့်အတူ အလှူငွေ ကျပ် ၄၀၃ သိန်းကို COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီထံ ဧပြီ ၂၅ ရက်က လှူဒါန်းခဲ့ကြောင်းလည်း ပြည်သူ့ဂုဏ်ရည်အသင်းက ထုတ်ပြန်သည်။

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတွင် ပါဝင်ဆောင်ရွက်နေသည့် ကျန်းမာရေးဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်းများကို ပြည်သူ့ဂုဏ်ရည်ဆုဖြင့် ဂုဏ်ပြုခြင်းနှင့် အလှူငွေပေးအပ်ပွဲကို ရန်ကုန်မြို့ အနောက်မြင်းပြိုင်ကွင်းလမ်းရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနဧည့်ရိပ်သာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်သူ့ဂုဏ်ရည်အသင်း (Citizen of Burma Award) သည် မြန်မာနိုင်ငံအတွင်းရှိ အများအကျိုးပြုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများကို ပြည်သူ့ဂုဏ်ရည်ဆုနှင့် ဆုကြေးငွေများ နှစ်စဉ်ချီးမြှင့်လေ့ရှိပြီး ယခုချီးမြှင့်သည့်ဆုသည် ၁၁ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု ဖြစ်သည်။

“ ဒီနှစ်မှာလည်း ပုံမှန်အတိုင်း ဆန်ခါတင်ရွေးချယ်တာတွေ လုပ်နေတုန်းမှာပဲ COVID ကိစ္စ ဝင်လာတယ်။ ဝင်လာတော့ တကယ့်သူရဲကောင်းတွေ ပေါ်လာတယ်။ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆရာဝန်၊ ဆရာမ၊ ပရဟိတအဖွဲ့တွေ။ အဲဒီလူတွေအားလုံးက ဒီနှစ် ပြည့်သူ့ဂုဏ်ရည်ဆုအတွက် ထိုက်တန်တဲ့ သူရဲကောင်းတွေ။ စွမ်းစွမ်းတမံ ဆောင်ရွက်နေတဲ့သူတွေကို ဂုဏ်ပြုဖို့ ရွေးချယ်သင့်တယ်လို့ အဖွဲ့ထဲက ဗဟိုကော်မတီဝင်တွေ ၀ိုင်းဆွေးနွေးကြရင်းနဲ့ ပြည်သူ့ဂုဏ်ရည်ဆုပေးဖို့ ဆုံးဖြတ်လိုက်တာ” ဟု ပြည်သူ့ဂုဏ်ရည်အသင်း အထွေထွေအတွင်းရေးမှူး ဦးဇော်ဇော်အောင်က ပြောကြားသည်။

၁၁ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို COVID-19 အရေးတွင် ပါဝင်ဆောင်ရွက်နေသည့် ကျန်းမာရေးဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်းများအား ပေးအပ်ခဲ့ခြင်းကြောင့် ယခုနှစ် ပြည်သူ့ဂုဏ်ရည်ဆု ဆန်ခါတင်စာရင်းတွင် ပါဝင်သူများကို ၁၂ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုချီးမြှင့်မည့် အချိန်တွင် ထည့်သွင်းရွေးချယ်သွားမည်ဟု ၎င်းက ဆိုသည်။

ပြည်သူ့ဂုဏ်ရည်အသင်းမှ လှူဒါန်းငွေများကို COVID-19 ကာကွယ်ရေးအတွက် လိုအပ်သည့် နေရာများတွင် ဗဟိုကော်မတီ ဆုံးဖြတ်ချက်ဖြင့် သုံးစွဲသွားမည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီဝင် ဒေါက်တာသာထွန်းကျော်က ပြောကြားသည်။

ပြည်သူ့ဂုဏ်ရည်အသင်းက နှစ်စဉ် ပြည်သူ့ဂုဏ်ရည်ဆုကို ဒေါ်လာတစ်သောင်းနှင့် ပြည်သူ့ဂုဏ်ရည် (အထူးဆု) ကို ဒေါ်လာ တစ်ထောင် သတ်မှတ်ကာ ချီးမြှင့်လေ့ရှိသော်လည်း အလှူငွေများ ထပ်မံကောက်ခံ၍ COVID-19 အရေး ပါဝင်ဆောင်ရွက်နေသူများအတွက် ရည်ရွယ်လှူဒါန်းခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ယမန်နှစ် ပြည်သူ့ဂုဏ်ရည်ဆုကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် အထူးဆုလေးဆုကို ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်၊ မသန်စွမ်း စေတနာ့ဝန်ထမ်းဖြစ်သည့် ဆရာမဒေါ်အိအိညိမ်း၊ ကချင်လူငယ် တက်ကြွလှုပ်ရှားသူ မဆွတ်ဆိုင်းထွယ်နှင့် Clean Yangon အဖွဲ့တို့ကို ချီးမြှင့်ခဲ့သည်။

ပြည်သူ့ဂုဏ်ရည်အသင်းကို အမေရိကန်၊ အင်္ဂလန်၊ ဂျပန်၊ စင်ကာပူနှင့် အခြားသော ပြည်ပရောက် မြန်မာနိုင်ငံသားများစု ပေါင်း၍ ၂၀၁၀ ခုနှစ် မတ်လတွင် စတင်တည်ထောင်ခဲ့ကြောင်း သိရသည်။


READ NEXT
Cancel OK