Top News

COVID-19 ရောဂါပိုး ရှိ မရှိ စမ်းသပ်ပေးနိုင်မည့်စက်များသည် ၂၀၁၉ ခုနှစ်ကတည်းက သွေးလှူသည့်နေရာ၌ အသုံးပြုနေသည့်စက်များကို Installation ထပ်လုပ်ထားခြင်းဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ပြောကြား
24htopnews | July 18, 2024 9:12 PM CST

COVID-19 ရောဂါပိုး ရှိ မရှိ တစ်ရက်လျှင် ၁၄၀၀ ဦးခန့် အတည်ပြုစမ်းသပ်ပေးနိုင်သော COBAS 6800 စက်များသည် ၂၀၁၉ ခုနှစ်ကတည်းက သွေးလှူသည့်နေရာတွင် စစ်ဆေးရန် အသုံးပြုသည့်စက်များကို Installation ထပ်လုပ်ထားခြင်းဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဧပြီ ၂၅ ရက်က နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်၌ သတင်းမီဒီယာအချို့နှင့်တွေ့ဆုံသည့် ရှင်းလင်းပွဲတွင် တပ်မတော်က ထုတ်ပြန်ထားသည့် COVID-19 ရောဂါကို အတည်ပြုစမ်းသပ်ပေးနိုင်သော COBAS 6800 စက်များနှင့်ပတ်သက်၍ မေးမြန်းမှုကို ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ နေပြည်တော်မှာ တစ်လုံး၊ ရန်ကုန်မှာ တစ်လုံးရှိပြီးသား ဖြစ်တယ်။ ဒီစက်က ၂၀၁၉ ခုနှစ်ကတည်းက ကျွန်တော်တို့မှာ ရှိတယ်။ ခုနကပြောတဲ့ COVID-19 အတွက် မဟုတ်ဘူး။ ၂၀၁၉ ခုနှစ်ကတည်းက HIV စစ်လို့ ရတယ်။ A, B စစ်လို့ရတယ်။ အဓိကကတော့ သွေးလှူတဲ့ဟာမှာစစ်ဖို့။ နိုင်ငံတော်ရဲ့ အမျိုးသားသွေးလှူဘဏ်မှာ အဲဒီစက်တစ်လုံး ရှိတယ်။ ဒါက အရင်ကတည်းက ရှိတဲ့စက်။ အဲဒီဥစ္စာကိုမှ Reagent ထပ်ထည့်တယ်။ Installation ထပ်လုပ်ပြီးတော့ သုံးလို့ရတာပေါ့” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

COVID-19 ရောဂါဖြစ်ပွားသည့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာနောက်ပိုင်းတွင်း ယင်းစက်များတွင် COVID-19 Reagent များ ပေါ်လာခြင်းကြောင့် စစ်၍ရခြင်းဖြစ်ပြီး COBAS 6800 စက်နှစ်လုံးသည် Fully Automatic စက်များဖြစ်ပြီး တစ်ရက်လျှင် လူဦးရေ ၁၃၀၀ နှင့် ၁၄၀၀ စစ်နိုင်ကြောင်း၊ ကျိုင်းတုံမြို့သို့ ပို့ဆောင်မည့် စက်သည်လည်း ယခင်ကတည်းက ရှိသည့်စက်ဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “ အဲဒီစက်ကလည်း COVID-19 အတွက် မဟုတ်ဘူး။ ယခင်ကတည်းကရှိတဲ့ စက်မျိုးဖြစ်တယ်။ PCR စက်ဆိုတဲ့ဟာ ဖြစ်တယ်။ Semi Automatic ဖြစ်တယ်။ ကျိုင်းတုံကို ပို့ဖို့အတွက် အဲဒီစက်နှစ်လုံးထဲကဟာ မဟုတ်ပါဘူး။ Semi Automatic စက်တစ်လုံးကို ကျိုင်းတုံ ပို့ဖို့လုပ်နေတယ်။ သို့သော် ကျွန်တော်တို့ အဆောက်အဦတွေ ဆောက်ရမယ်။ လိုအပ်တဲ့ဟာတွေ လုပ်ရမယ်။ ကျွန်တော်တို့ မေလထဲမှာ ပို့နိုင်ဖို့ ဆောင်ရွက်ထားတယ်”  ဟု ပြောကြားသည်။

အထက်ပါစက်များသည် COVID-19 ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ  ညွှန်ကြားလာပါက အများပြည်သူကို စစ်ဆေးနိုင်ရန်အတွက် လုပ်ဆောင်ပေးသွားရန် ဖြန့်ခွဲထားခြင်းဖြစ်ပြီး ကျိုင်းတုံကဲ့သို့နေရာများကို ပို့ဆောင်ခြင်းသည် အများပြည်သူကို စစ်ဆေးပေးနိုင်ရေး ပို့ဆောင်ခြင်းဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

COVID-19 ရောဂါနှင့်ပတ်သက်၍ တပ်မတော်က ဆောင်ရွက်ထားသည့် စီမံချက်များအပေါ်တွင် လိုက်ပါလုပ်ဆောင်မှုများနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ COVID-19 နှင့်ပတ်သက်သည့် အစည်းအဝေး လေးကြိမ်တွင် ဆုံးဖြတ်ခဲ့သော မဟာဗျူဟာ၊ နည်းဗျူဟာများနှင့်အညီ ဆောင်ရွက်နေကြောင်းနှင့် ဆေး၊ ဆေး ပစ္စည်းလှူဒါန်းမှုများ၊ တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့၏ လက်ရှိတာဝန်ထမ်းဆောင်နေမှုများ၊ ပြည်သူများအတွက် Facility Quarantine ထားသည့်နေရာ ပြင်ဆင်ထားမှုများလည်း ဆောင်ရွက်နေကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

COVID-19 ကို စစ်ဆေးအတည်ပြုရန် လိုအပ်ပါက တပ်မတော်မှ ပါဝင်ကူညီမည်ဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မတ်လကုန်ပိုင်းကတည်းက မီဒီယာများကို ပြောကြားထားသည်။

COVID-19 ရောဂါကို ဓာတ်ခွဲစစ်ဆေးအတည်ပြုနိုင်သည့်စက် အနည်းဆုံး နှစ်လုံးရှိပြီး လက်ရှိတွင် တပ်မတော်သားများအတွက် စစ်ဆေးပေးနေကြောင်း၊ နေပြည်တော်တွင်သာရှိကြောင်း၊ တပ်မတော်၏ ဇီဝလုံခြုံရေးအဆင့် (၃) ဖြစ်ကြောင်း၊ တပ်မတော် ဆေးသုတေသနဌာနတွင် ရှိကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။ ဇီဝလုံခြုံရေးအဆင့် (၃) ဆိုသည်မှာ ဇီဝနှင့်ဆိုင်သော ရောဂါပိုးအားလုံးကို စစ်ဆေးနိုင်ရန် လုပ်ဆောင်ထားသည့်စက် ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။


READ NEXT
Cancel OK