တပ်မတော်၏ လုံခြုံရေးဆောင်ရွက်ပေးမှုကြောင့် ချင်းပြည်နယ်၊ ပလက်ဝမြို့ ဆက်သွယ်ရေးလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး ဒေသခံပြည်သူများအတွက် အခြေခံစားသောက်ကုန်များ ပါဝင်သော ထောက်ပံ့ရေးပစ္စည်းများမှာ ဧပြီ ၁၉ ရက် တွင် ပလက်ဝမြို့သို့ ရောက်ရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဧပြီ ၂၀ ရက်တွင် သတင်းထုတ်ပြန်သည်။
ပလက်ဝ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ပလက်ဝ-မီဇိုရမ် ကားလမ်းဖောက်လုပ်ရေးစီမံကိန်းနှင့် ပလက်ဝတံတား တည်ဆောက်ရေးလုပ်ငန်းများ ပျက်ပြားစေရန် ရည်ရွယ်၍ AA အဖွဲ့က ဒေသတွင်း နှောင့်ယှက်တိုက်ခိုက်မှုများ၊ မိုင်းထောင်ဖောက်ခွဲခြင်းကို ၂၀၁၉ ခုနှစ်ဆန်းပိုင်းမှစ၍ ဆက်တိုက်ဆောင်ရွက်လာမှုကြောင့် ပလက်ဝဒေသတွင်းရှိ ပွိုင့် ၉၀၄၊ ပွိုင့် ၈၈၆ နှင့် မြိတ်ဝနေရာတစ်ဝိုက်တို့တွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဒေသတွင်းကုန်စည်စီးဆင်းမှုများနည်းပါး လာသဖြင့် ကုန်စျေးနှုန်းများ မြင့်တက်လာသည့်အတွက် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တိုက်ပွဲရှောင်ပြည်သူများမှာ စားနပ်ရိက္ခာအခက်အခဲများ ကြုံတွေ့ခဲ့ရသည်။
ပလက်ဝမြို့အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ဒေသခံပြည်သူများ လတ်တလော စာရေး အဆင်ပြေစေရေးအတွက် နယ်မြေ ခံတပ်ဌာနချုပ်ရှိ စစ်သည်၊ မိသားစုများ စားသုံးရန် စုပုံထားရှိသော ရိက္ခာများထဲမှ ဆန် များကို မတ်၁၄ရက်နှင့် ဧပြီလ ၁၅ ရက်တို့ တွင် ဆန်အိတ် ၁၀၀ စီပေးအပ်လှူဒါန်းခဲ့ပြီး တပ်မတော်အနေဖြင့်လည်း ပလက်ဝဒေသ အတွင်း နယ်မြေစိုးမိုးရေးနှင့် ဆက်သွယ်ရေး လမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်စေရေးအတွက် မတ်လဆန်းပိုင်းမှ စတင်ကာ ဆောင်ရွက်ခဲ့ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင်ပါရှိသည်။
ကျောက်တော်-ပလက်ဝ ဆက်သွယ်ရေးလမ်းကြောင်း (ရေလမ်း၊ကားလမ်း အပါဝင်) ၃၇ မိုင် နှင့်ဆမီး-ပလက်ဝလမ်း ၄၃ မိုင် လမ်းကြောင်းများ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ခဲ့ရာ AA အဖွဲ့နှင့် ထိတွေ့တိုက် ပွဲများ မကြာခဏဖြစ်ပွားခဲ့သောကြောင့် ဒေသခံပြည်သူများအတွက် ချင်းပြည်နယ် အစိုးရအဖွဲ့နှင့် NGO အဖွဲ့များက လှူဒါန်း ထားသော စားသောက်ကုန်ပစ္စည်းများကို ချင်းပြည်နယ် မတူပီမြို့မှတစ်ဆင့် ပေးပို့ သော်လည်း ဆမီးမြို့တွင် ရောက်ရှိရပ်တန့် ခဲ့ရကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
တပ်မတော်အနေဖြင့် လမ်းကြောင်း လုံခြုံရေးများကို တိုးမြှင့်ဆောင်ရွက်ခဲ့ခြင်းကြောင့် ၎င်းပစ္စည်းများကို ဧပြီ ၁၆ ရက်တွင် ဆမီးမြို့မှ ဆက်လက်ပို့ဆောင်ခဲ့ပြီး စိမ်း စမ်းဝကျေးရွာသို့ ညနေပိုင်းတွင် ရောက်ရှိ ခဲ့ကြောင်း၊ ထိုသို့ရောက်ရှိချိန်တွင် ပလက်ဝ မြို့၏ အရှေ့တောင်ဘက်၊ အရှေ့ဘက်နှင့် မြောက်ဘက်တို့တွင် AA အဖွဲ့နှင့် ထိတွေ့တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားလာသဖြင့် နယ်မြေလုံခြုံရေးအရ ထောက်ပံ့ပစ္စည်းများ တင်ဆောင်လာသည့်ယာဉ်တန်းကို စိမ်းစမ်းဝကျေးရွာရှိ လုံခြုံရေးစခန်းတွင် ခေတ္တရပ်တန့်ခဲ့ပြီး တပ်မတော်စစ်ကြောင်းများက လိုအပ်သော လုံခြုံရေးလုပ်ငန်းနှင့် နယ်မြေစိုး မိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
တပ်မတော်စစ်ကြောင်းများက လိုအပ်သော လုံခြုံရေးလုပ်ငန်းများနှင့် နယ်မြေစိုး မိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီးနောက် လုံခြုံရေးပေါ်မူတည်၍ ရှေ့တန်းတပ်မဌာနချုပ်၏ စီစဉ်ပေးမှုဖြင့် ဧပြီ ၁၉ ရက်တွင် စိမ်းစမ်းဝကျေးရွာမှ ဆက်လက်ပို့ဆောင်ခဲ့ရာ ဧပြီ ၁၉ ရက် မွန်းလွဲပိုင်းတွင် အခြေခံစား သောက်ကုန်များပါဝင်သော ထောက်ပံ့ရေး ပစ္စည်းများသည် ပလက်ဝမြို့သို့ လုံခြုံစွာ ရောက်ရှိခဲ့ကြောင်း တပ်မတော်က သတင်း ထုတ်ပြန်ခဲ့သည်။
ပလက်ဝဒေသတွင်းရှိ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက် ချင်းပြည် နယ်အစိုးရအဖွဲ့နှင့် NGO အဖွဲ့များက လှူဒါန်းထားသည့် ဆန် ၈၃၀ အိတ်၊ ဆီ ၂၀၀ ပိဿာ၊ ကြက်သွန်နီ ၇၅၀ ပိဿာ၊ အာလူး ၃၀၀ ပိဿာနှင့် ဆေးပစ္စည်းမျိုးစုံပါဝင်သော ဆေးပုံး ၁၈ ပုံးတို့ကို ဧပြီ ၁၉ ရက် ညနေပိုင်း တွင် ပလက်ဝမြို့ရှိ တာဝန်ရှိသူများထံ စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ကြောင်းလည်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။
၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ထောက်ပံ့ပစ္စည်းများ တင်ဆောင်လာသော ယာဉ်တန်းကို AA အဖွဲ့က နှောင့်ယှက်ပစ်ခတ်ခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာများနှင့် အင်တာနက်ဝက်ဘ်ဆိုဒ်များတွင် မဟုတ် မမှန်ရေးသား ထုတ်ပြန်မှုများတွေ့ရှိရပြီး ထောက်ပံ့ပစ္စည်းယာဉ်တန်းကို လမ်းကြောင်း တစ်လျှောက် တပ်မတော်စစ်ကြောင်းများက လုံခြုံရေး ဆောင်ရွက်ပေးခဲ့မှုများကြောင့် AA အဖွဲ့က ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့မှုမရှိ ကြောင်းနှင့် ယာဉ်တန်းတွင်လည်း တစ်စုံ တစ်ရာ ထိခိုက်ခြင်းများမရှိကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်