Top News

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ COVID-19 ရောဂါစောင့်ကြည့်ခံရသူများ၏ နှာခေါင်း၊ အာခေါင်တို့ဖတ် နမူနာများအား ရန်ကုန်မြို့သို့ပို့ဆောင်ရန် ထွက်ခွာလာသည့် UN တံဆိပ်ပါ မော်တော်ယာဉ်ကို AA အဖွဲ့က ပစ်ခတ်ခဲ့သဖြင့် အရပ်သားဝန်ထမ်းတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခ
24htopnews | July 18, 2024 9:12 PM CST

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ COVID-19 ရောဂါ စောင့်ကြည့်ခံရသူများ၏ နှာခေါင်း၊ အာခေါင်တို့ဖတ် နမူနာများအား ရန်ကုန်မြို့သို့ ပို့ဆောင်ရန် ထွက်ခွာလာသည့် WHO ပိုင် UN တံဆိပ်ပါ မော်တော်ယာဉ်အား ဧပြီ ၂၀ ရက် ညနေပိုင်းတွင် မင်းပြားမြို့နယ် ရာမောင်ဇက်ဆိပ်အနီးတွင် ရခိုင်လက်နက်ကိုင်အဖွဲ့ (ULA/AA) က လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် အရပ်သားဝန်ထမ်းတစ်ဦး သေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စစ်တွေမြို့တွင် လေကြောင်း ခရီးစဉ်များ ရပ်နားထားရသဖြင့် COVID-19 ရောဂါစောင့်ကြည်ခံရသူများ၏ နှာခေါင်း၊ အာခေါင်တို့ဖတ်နမူနာများအား ရန်ကုန်မြို့ရှိ အမျိုးသားဓာတ်ခွဲမှုဆိုင်ရာ ဌာနသို့ ပို့ဆောင်ရန် စစ်တွေမြို့မှ ဧပြီ ၂၀ ရက် နံနက် ၈ နာရီတွင် ထွက်ခွာလာသည့် WHO ခန့်ဝန်ထမ်း အရပ်သားယာဉ်မောင်း ဦးပြည့်စုံဝင်းမောင် မောင်းနှင်ပြီး အရပ်သား ဝန်ထမ်း ကျန်းမာရေးကြီးကြပ် (၂) ဦးအောင် မျိုးဦး လိုက်ပါလာသော WHO မှ ဒေသဆိုင်ရာ ပိုလီယိုအရာရှိ၏ WHO ပိုင် UN(5/34) မော်တော်ယာဉ်အား မင်းပြားမြို့နယ် ရာ မောင်တံတားအလွန် ရာမောင်ဇက်ဆိပ်အနီးတွင် ဧပြီ ၂၀ ရက် ညနေ ၅ နာရီခန့်၌ ULA/AA အဖွဲ့က လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်သည်။

ထိုသို့ ပစ်ခတ်မှုကြောင့် ယဉ်မောင်း ဦးပြည့်စုံဝင်းမောင်၏ ယာဘက်တင်ပါး ဖောက်ဝင်ဒဏ်ရာတစ်ချက်နှင့် ယာဘက်တတောင်ဆစ် စုတ်ပြတ်ဒဏ်ရာတစ်ချက်ရရှိ ခဲ့ပြီး ကျန်းမာရေးကြီးကြပ် (၂) ဦးအောင်မျိုး ဦး၏ ယာဘက်လက်ဝါး စုတ်ပြတ်ဒဏ်ရာ တစ်ချက် (လက်မပြတ်ခါနီး) ဒဏ်ရာများ ရရှိခဲ့သဖြင့် မင်းရွာကျေးလက်ကျန်းမာရေး ဌာနမှတစ်ဆင့် မင်းပြားပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ WHO ပိုင် မော်တော်ယာဉ်မှာ ပစ်ခတ်ခံရသည့်နေရာတွင် မြောင်းထဲကျကျန်ခဲ့သဖြင့် ဧပြီ ၂၁ ရက်တွင် သွားရောက်ယူဆောင်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

တစ်ကမ္ဘာလုံးက COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အလေးထားတိုက်ဖျက်ဆောင်ရွက်နေချိန်တွင် ULA/AA အကြမ်းဖက်အဖွဲ့က ရန်ကုန်မြို့ရှိ အမျိုးသားဓာတ်ခွဲမှုဆိုင်ရာ ဌာနသို့ ပို့ဆောင်ရန် သွားရောက်သည့် UN တံဆိပ်ပါ WHO မော်တော်ယာဉ်အား ယခု ကဲ့သို့ ပစ်ခတ်တိုက်ခိုက်ခြင်းမှာ လူသားမဆန်သည့် အကြမ်းဖက်လုပ်ရပ်ဖြစ်ကြောင်း ဝေဖန်ထောက်ပြ ပြောဆိုနေကြေသည်ဟု လည်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ရာ မောင်တံတားပေါ်တွင် ဖြတ်သန်းသွားလာနေသည့် အရပ်သားကားများ၊ ကုန်ကားများ အမြဲတမ်းရှိသော်လည်း UN တံဆိပ်ပါ မော်တော်ယာဉ်အား AA အဖွဲ့က ပစ်ခတ်ခဲ့ခြင်းသည် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်း သာဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“အဓိကကတော့ ရာမောင်တံတားက အချက်အချာကျတဲ့နေရာဖြစ်တော့ ဒီကောင်တွေ လာပစ်နေကျနေရာပဲ။ လာပစ်နေကျပဲ။ ဒီရာမောင်တံတားပေါ်မှာ အမြဲတမ်း ဖြတ်သွားဖြတ်လာ လုပ်နေတဲ့ ကားတွေ၊ အရပ်သားကားတွေ၊ ကုန်ကားတွေ အမြဲတမ်းရှိနေတာပဲ။ အဲဒီဟာတွေထဲကမှ UN က ကားကို ရွေးပြီးပစ်သွားတာ။ ရည်ရွယ်ချက်ရှိရှိ လုပ်တယ်လို့ပဲ ကျွန်တော်တို့ ကတော့ မြင်တယ်။ ရည်ရွယ်ချက်ရှိရှိလုပ် တယ်လို့ပဲ မြင်တယ်။ တပ်ကတော့ ဘာပစ်စရာ အကြောင်းရှိမလဲဗျာ။ ဒီလောက် မြင် မြင်ထင်ထင်ရှိနေတာကို။ တပ်ကလည်း အဲဒီနားလေးမှာ မရှိပါဘူး။ တပ်ကလည်း လုံခြုံရေးယူထားတဲ့ ရာမောင်တံတားထိပ်မှာပဲ ရှိပါတယ်။ ပစ်ခံရတာက ရာမောင်တံတားကို လွန်ပြီးမှ ဟိုဘက်ကုန်းရိုးပေါ်က ပစ်ခံရတာပါ။ တောင်ဘက်ကုန်းရိုးပေါ်က ပစ်တာပါ” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

ဧပြီ ၂၀ ရက် ညနေပိုင်းတွင် မင်းပြားမြို့ ၌ လုံခြုံရေးဖြစ်ရပ်တစ်ခုတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) မှ ဝန်ထမ်းဖြစ်သူ ဦးပြည့်စုံဝင်းမောင်သည် ဧပြီ ၂၁ ရက်တွင် ဒဏ်ရာရရှိရာမှတစ်ဆင့် အသက်ဆုံးရှုံး သွားရကြောင်းကို အလွန်ဝမ်းနည်းစွာဖြင့် အတည်ပြုအပ်ပါသည်ဟု ရန်ကုန်မြို့ရှိ ကုလ သမဂ္ဂရုံးက ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ယင်း ဖြစ်စဉ်အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် အလံတစ်ဝက်လွှင့်ထူခဲ့သည်။

အဆိုပါဖြစ်ရပ်သည် WHO ၏ လုပ် ဖော်ကိုင်ဖက်မှ UN တံဆိပ်အမှတ်အသားပါသော မော်တော်ယာဉ်ဖြင့် COVID-19 ရောဂါ စောင့်ကြည့်ခံရသူများ၏ စစ်ဆေးချက်နမူနာများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအား ကူညီထောက်ပံ့သည့် အနေဖြင့် စစ်တွေမြို့မှ ရန်ကုန်မြို့သို့ သယ်ယူပို့ဆောင်နေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကုလသမဂ္ဂ (UN) သည် ယင်းဖြစ်ရပ်၏ အခြေအနေများအား စုံစမ်းစစ်ဆေးနေ ကြောင်း ရန်ကုန်မြို့ရှိ ကုလသမဂ္ဂရုံးက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

AA အကြမ်းဖက်သောင်းကျန်းသူများ အနေဖြင့် ၂၀၁၉ ခုနှစ် ဇွန် ၂၇ ရက်ကလည်း ရခိုင်ပြည်နယ် မောင်တောဒေသအတွက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့မှ ထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်လာသော ကုန်ကားခြောက်စီးကို ကျောက်တော်မြို့ မဟာမုနိဘုရားကြီးလမ်းဆုံ ကျောက် ကြပ်ကျေးရွာအနီး၌ ရီမုမိုင်းသုံးလုံးဖောက် ခွဲ၍ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ဖူးသည်။

 


READ NEXT
Cancel OK