Top News

ဒီမိုကရေစီကူးပြောင်းရေးနှင့် အရပ်ဘက် စစ်ဘက် ဆက်ဆံရေး
24htopnews | July 16, 2024 5:12 PM CST

အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးဟူသည် အရပ်ဘက်အဖွဲ့အစည်းနှင့် စစ်ဘက်အဖွဲ့အစည်းနှစ်ခုအကြား ထိတွေ့ဆက်ဆံရသော နယ်ပယ်ကို ခေါ်ဆိုခြင်းဖြစ်သည်။ ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းတွင် အရပ်ဘက်အာဏာ ရှိသကဲ့သို့ စစ်ဘက်အာဏာလည်း ရှိသည်။ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးသည် အရပ်ဘက်နယ်ပယ်နှင့် စစ်ဘက် နယ်ပယ် နှစ်ခုအကြား ဆက်ဆံရေးကို ဖော်ပြခြင်းဟု အကြမ်းဖျင်း မှတ်ယူနိုင်သည်။ အရပ်ဘက် စစ်ဘက်ဆက်ဆံရေးသည် စစ်ဘက်အပေါ် အရပ်ဘက်က မည်ကဲ့သို့ စနစ်တကျ လွှမ်းမိုးထိန်းချုပ်ထားသည်ကို ဖော်ပြသည်။ အရပ်ဘက် စစ်ဘက်ဆက်ဆံရေးကို ပညာရှင်အမျိုးမျိုးက ရှုထောင့်အမျိုးမျိုးမှ လေ့လာသုံးသပ်ကြသည်။ အကြမ်းဖျင်းအားဖြင့် နိုင်ငံရေးသိပ္ပံနယ်နှင့် လူမှုဗေဒနယ်ဟူ၍ နယ်ပယ်နှစ်ခုဖြင့် ခွဲခြားလေ့လာသည်။ ထိုနယ်ပယ်များမှ ဆင့်ပွား၍ ဥပဒေနယ်ပယ်၊ ဒဿနိကနယ်ပယ်၊ စိတ်ပညာနယ်ပယ်၊ ယဉ်ကျေးမှုနယ်ပယ်၊ မနုဿဗေဒနယ်ပယ်၊ ဘောဂဗေဒနယ်ပယ်၊ သမိုင်းနယ်ပယ်၊ သံတမန်ရေးရာနယ်ပယ်၊ မီဒီယာနယ်ပယ်နှင့် စစ်ဘက်နယ်ပယ်ဟူ၍ နယ်ပယ်ပေါင်းစုံမှ လေ့လာသုံးသပ်ကြသည်။

အရပ်ဘက် စစ်ဘက်ဆက်ဆံရေးအပေါ် နယ်ပယ်ပေါင်းစုံမှ လေ့လာသုံးသပ်ကြသောကြောင့် ရှုထောင့်ပေါင်းစုံ ထွက်ပေါ်လာသည်။ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးအပေါ် မည်ကဲ့သို့သော ရှုထောင့်မှ လေ့လာသည်ဖြစ်စေ၊ မလေ့လာလျှင် မဖြစ်သည့် အကြောင်းခြင်းရာ ငါးမျိုး ရှိသည်။ ယင်းတို့မှာ စစ်ဘက်ကို အရပ်ဘက်မှ ထိန်းချုပ်မှု၊ စစ်ဘက်ဆိုင်ရာ ပရော်ဖက်ရှင်နယ်လစ်ဇင်၊ စစ်ပွဲ၊ အရပ်ဘက်-စစ်ဘက် လုပ်ငန်းဆောင်ရွက်မှုများနှင့် စစ်ဘက်ဆိုင်ရာ အင်စတီကျူးရှင်းတို့ ဖြစ်ကြသည်။ အရပ်ဘက်ဟု ဆိုရာ၌ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် စစ်ဘက်ဆက်ဆံရေးကိုပါ ထည့်သွင်းဆွေးနွေးရပေလိမ့်မည်။ ယခင်က နိုင်ငံများသည်သာ အခရာဖြစ်သည်။ နိုင်ငံများတွင် ပြည်သူနှင့် အစိုးရသာ ရှိသည်ဟု အကြမ်းဖျင်း သတ်မှတ်ကြသည်။ ဒုတိယကမ္ဘာစစ်အပြီး ကုလသမဂ္ဂအဖွဲ့ကြီး ပေါ်ပေါက်လာပြီးနောက်ပိုင်း နိုင်ငံမဟုတ်သော ဇာတ်ကောင်များ၏ အခန်းကဏ္ဍသည် တိုး၍အရေးပါလာခဲ့သည်။ စစ်အေးကာလအလွန် နိုင်ငံတကာ အဖွဲ့အစည်းများသည် နယ်ပယ်အသီးသီးတွင် ပုံစံအမျိုးမျိုးဖြင့် ပေါ်ထွက်လာကြသည်။ အဆိုပါ အဖွဲ့အစည်းများသည် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်သို့ ခြေဆန့်လာနိုင်ခဲ့သည်။ ထို့ကြောင့် အရပ်ဘက် စစ်ဘက် ဆက်ဆံရေးကို လေ့လာရာတွင် အရပ်ဘက်ဟူသော စကားရပ်တွင် နိုင်ငံတကာအဖွဲ့အစည်းများကိုပါ ထည့်သွင်းသတ်မှတ်မှ ပြည့်စုံနိုင်မည်ဖြစ်သည်။

အရပ်ဘက် စစ်ဘက် ဆက်ဆံရေးကို လေ့လာ၍ တွေ့ရှိချက်တစ်ခု ရှိခဲ့သည်။ အစိုးရ၏ အုပ်ချုပ်ရေးနယ်ပယ်တွင် စစ်ဘက်က ဝင်ရောက်စွက်ဖက်မှု ဖြစ်ပေါ်လာခြင်း အကြောင်းဖြစ်သည်။ အစိုးရ၏ အုပ်ချုပ်မှု ညံ့ဖျင်းခြင်းသည် စစ်ဘက်က အုပ်ချုပ်ရေး နယ်ပယ်အတွင်း ဝင်ရောက်လာနိုင်သည့် အခွင့်အလမ်းကို ပိုမိုဖြစ်ပေါ်လာစေသည်။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများရှိ အုပ်ချုပ်မှု ညံ့ဖျင်းသော အစိုးရအဖွဲ့များတွင် စစ်ဘက်က အခွင့်အလမ်းသာမှုကို ပိုမိုဖြစ်ပေါ်လာစေသည်။ ဒုတိယကမ္ဘာစစ်ပြီးကာလများတွင် စစ်ဘက် အာဏာသိမ်းမှုများ ပိုမိုများပြားလာခဲ့သည်။ အထူးသဖြင့် ၁၉၆၀ နှင့် ၁၉၇၀ ခုနှစ်အကြား စစ်တပ်အာဏာသိမ်းမှုများ နိုင်ငံများစွာတို့တွင် ဖြစ်ပွားခဲ့သည်။ ယင်းသို့သော အခြေအနေကြောင့် မည်သည့်အခြေအနေတွင် စစ်တပ်အာဏာသိမ်းမှု ဖြစ်ပွားနိုင်သနည်း ဆိုသည့်အချက်ကို မီဒီယာများနှင့် ပညာရှင်များ၏ စိတ်ဝင်စားမှု ကြီးထွားလာသည်။ စစ်တပ်အာဏာသိမ်းမှု ဖြစ်ပွားအောင် မည်သို့သော အခြေအနေများက တွန်းအားပေးသနည်းဆိုသည်ကို လေ့လာခဲ့ကြသည်။ ယနေ့ခေတ်တွင်မူ စစ်ဘက်ဦးဆောင်မှု နေရာ၌ အရပ်သားအစိုးရများ ဦးဆောင်မှုကို အစားထိုးနိုင်မှုများ သိသိသာသာ မြင့်တက်လာခဲ့ပြီဖြစ်သည်။ အချို့သောနိုင်ငံများတွင် အရပ်သားအစိုးရ၏ လက်အောက်သို့ တပ်မတော်အား အလုံးစုံသွတ်သွင်း ထိန်းချုပ်နိုင်ခဲ့သည်အထိ ရှိလာခဲ့ပြီဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို လုပ်ဆောင်နေသော နိုင်ငံများတွင် အလွန်အရေးပါသော ကဏ္ဍတစ်ရပ်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

နိုဝင်ဘာ ၆ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်


READ NEXT
Cancel OK