လွန်ခဲ့သည့်နှစ်က Johns Hopkins တက္ကသိုလ်မှ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ပညာရှင်များက အချက်အလက်များ အကြီးအကျယ် စုဆောင်းပြီးနောက် ကမ္ဘာ့နိုင်ငံတိုင်းကို ရောဂါကူးစက်ပျံ့နှံ့မှုတစ်ရပ်အတွက် ကြိုတင်ပြင်ဆင်မှုအပေါ် အဆင့်သတ်မှတ်ချက်များ ထုတ်ပြန်ခဲ့ဖူးသည်။ နိုင်ငံပေါင်း ၁၉၅ နိုင်ငံအနက် အမေရိကန်က ပထမနှင့် ဗြိတိန်က ဒုတိယနေရာ ရရှိခဲ့သည်။ နိုင်ငံအသီးသီး၏ COVID-9 ကူးစက်ပျံ့နှံ့မှုအပေါ် ကိုင်တွယ်ပုံများအား တိကျသည့် အကဲဖြတ်ချက်တစ်ရပ်ပေးရန် အချိန်စောလွန်းနေသေးသော်လည်း ယခု ကပ်ရောဂါအလွန်ကာလသို့ ရောက်လျှင် လွန်ခဲ့သည့်နှစ်က အဆင့်သတ်မှတ်ချက်များနှင့် အကြီးအကျယ် ခြားနားသွားမည်မှာ သေချာ၍နေသည်။
၂၀၂၀ ပြည့်နှစ် မတ် ၁၁ ရက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က SARS-CoV -2 ဗိုင်းရပ်စ်ကြောင့် ယခု COVID-19 ရောဂါကူးစက်ပျံ့နှံ့ နေမှုကို ကပ်ရောဂါအဖြစ် ကြေညာခဲ့သည်။ ယင်းကမ္ဘာ့ကျန်းမာရေး အကျပ်အတည်းကို တုံ့ပြန်သည့်အနေဖြင့် အဖွဲ့ဝင်နိုင်ငံများသည် ဗိုင်းရပ်စ်ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန်နှင့် လျှော့ချရန် ကျယ်ပြောသော အတိုင်းအတာရှိ နည်းလမ်းများအား လုပ်ဆောင်လာကြရသည်။
ယခုအခါ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ တုံ့ပြန်ဆောင်ရွက်ရေး နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုကို အာရုံစိုက်လုပ်ဆောင်မည့် အထူးအစည်းအဝေးတစ်ရပ်ကို နယူးယောက်မြို့တွင် ဒီဇင်ဘာ ၃ ရက် နှင့် ၄ ရက်၌ ကျင်းပပြုလုပ်ရန် ကုလသမဂ္ဂ အထွေထွေ ညီလာခံ က နိုဝင်ဘာ ၅ ရက်၌ အဆိုပြုခဲ့သည်။ အထွေထွေညီလာခံအဖွဲ့ဝင် ၁၉၃ နိုင်ငံမှ ၁၅၀ ၏ ထောက်ခံချက်ဖြင့် ထုတ်ပြန်ခဲ့သည့် ပြဋ္ဌာန်းချက်အရ ယင်းအထူးအစည်းအဝေးသည် ခေါင်းဆောင်များနှင့် အစိုးရအကြီးအကဲများကို တစ်စိတ်တစ်ဝမ်းတည်းဖြစ်စေရန် ရည် ရွယ်ထားသည်။ ယင်း အထူးအစည်းအဝေး ပြုလုပ်ရန် မည်သည့်နိုင်ငံကမှ ဆန့်ကျင်မဲ ပေးခဲ့ခြင်းမရှိ သော်လည်း အမေရိကန်၊ အစ္စရေးနှင့် အာမေးနီးယားနိုင်ငံများက မဲမပေးဘဲ နေခဲ့ကြသည်။
ကုလအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ယင်းအထူး အစည်းအဝေးသည် အဖွဲ့ဝင်နိုင်ငံများ အတူတကွ ရှေ့ဆက် ပူးပေါင်းလုပ်ဆောင်နိုင်မည့် အခွင့် အလမ်းတစ်ရပ်ကို ရရှိနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း ၎င်း၏ပြောရေးဆိုခွင့်ရှိသူ စတီဗင်ဒူဂျာရစ်က ပြောကြားခဲ့သည်။ နိုင်ငံများသည် ကနဦးတွင် အနီးကပ် ပူးပေါင်း လုပ်ဆောင်မှု၊ ဗိုင်းရပ်စ်ကာကွယ်ဆေးထုတ်လုပ်မှု၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စိန်ခေါ်မှုနှင့် ကပ်ရောဂါကို တိုက်ဖျက်မှု အစရှိသည်တို့တွင် ပူးပေါင်းဆောင်ရွက်မှု အားနည်းသည့်အပေါ် ဂူတာရက်စ်က အားမလိုအားမရ ဖြစ်နေသည်ဟု ဒူဂျာရစ်က ဆိုသည်။ အထွေထွေညီလာခံခန်းမတွင် ကြိုတင်အသံသွင်းထားသည် ခေါင်းဆောင်များ၏ ငါးမိနစ် စာဗီဒီယိုများကို ထုတ်လွှင့်ရန် အဆိုတင်သွင်းခဲ့သည်။
စက်တင်ဘာလတွင် နှစ်စဉ်ပြုလုပ်နေကျ အထွေထွေညီလာခံပြုလုပ်ခဲ့သည့် ပုံစံအတိုင်း ပြုလုပ်သွားမည်ဖြစ်ပြီး ယင်းပုံစံအရ အစည်းအဝေးခန်းမတွင် ကိုယ်စားလှယ်များ က လူကိုယ်တိုင်လာရောက်၍ အတိုချုံးမိတ် ဆက်စကားပြောကြားခဲ့ပြီးနောက် ယင်းဗီဒီယိုဖိုင်များကို ပြသသွားမည်ဖြစ်သည်။ နယူးယောက်ပြည်နယ်တွင် ပြုလုပ်သည့်ညီလာခံကို တက်ရောက်ကြမည့် နိုင်ငံတကာမှ ဧည့်သည့်များသည် ၁၄ ရက်အသွားအလာ ကန့်သတ် နေထိုင်ရန်လိုအပ်သည်။ အမေရိကန်သည် ကပ်ရောဂါတိုက်ဖျက်ရေးနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အခန်းကဏ္ဍ တိုးချဲ့လုပ်ဆောင်မှုကို ကန့်ကွက်ကြောင်း အရိပ် အမြွက် ဖော်ပြထားခဲ့ပြီးဖြစ်သည်။
ကပ်ရောဂါနှင့်ပတ်သက်၍ ကမ္ဘာလုံးဆိုင်ရာစည်းလုံးညီညွတ်မှုရှိစေရန်၊ ကုသဆေး နှင့် ကာကွယ်ဆေး အသုံးပြုခွင့်ရရှိစေရန်၊ ပူးပေါင်းဆောင်ရွက်မှုရှိစေရန်နှင့် ကမ္ဘာတစ်ဝန်း ကျန်းမာရေးဆိုင်ရာခြိမ်းခြောက်မှုများကို ပူးပေါင်းတုံ့ပြန်ရန် အစရှိသည့် ပြဋ္ဌာန်းချက် လေးရပ်ကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံက ယခုနှစ်အတွင်း ထုတ်ပြန်ခဲ့သည်။ ဂျာမနီက ယင်းပြဋ္ဌာန်းချက်သည် တိကျသေချာမှု မရှိကြောင်း ဝေဖန်ခဲ့ပြီး ဗြိတိန်က အစိုး ရမဟုတ်သည့်အဖွဲ့အစည်းများနှင့် အခြားလူမှုရေးအဖွဲ့အစည်းများ၏ တင်ပြမှုများကို တောင်းဆိုခဲ့သည်။
ယခုအခါ မြန်မာနိုင်ငံတွင်လည်း COVID-19 ဒုတိယလှိုင်းကြောင့် ဖြစ်ပေါ်လာသည့် ကျန်းမာရေးနှင့် စီးပွားရေးဆိုင်ရာ ထိုးနှက်ချက်များကို ပြည်သူများ အပြင်းအထန် ခံစားနေရရာ ယင်းအချိန်တွင် COVID-19 ကို တုံ့ပြန်ဆောင်ရွက်ရေးအစီအစဉ်၌ အဓိက ဦးစားပေးလုပ်ငန်းမှာ ပြည်သူများကို ကာကွယ်စောင့်ရှောက်ပေးရေး ဖြစ်သည်ကို သတိပြုရန်လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
■ နိုဝင်ဘာ ၇ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်
-
တစ်လအတွင်း ထိုင်းနိုင်ငံမှ တန်ဖိုးဒေါ်လာ သုည ဒသမ ၂၈ သန်းကျော်ရှိသည့် ဆေးဝါးပစ္စည်းများ တန်ချိန် ၂၀ ကျော် တင်သွင်း
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်