မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဘေးကင်းလုံခြုံစွာသွားလာနိုင်ရေးနှင့် အရပ်သား သေဆုံးမှုများဖြစ်နေသည့်အတွက် လမ်းမကြီးအပါအဝင် ဆက်စပ်နယ်မြေများတွင် တိုက်ပွဲများရပ်ရန် အစိုးရဘက်က ကျိုင်းတုံဆွေးနွေးပွဲတွင်တောင်းဆိုခဲ့ပြီး မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များက သက်ဆိုင်ရာခေါင်းဆောင်များအား ပြန်လည်တင်ပြမည်ကာ အကြောင်းပြန်မည်ဟု ပြောဆိုကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။
အစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)နှင့် မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်လေးဖွဲ့ ဖြစ်သည့် ကချင်လက်နက်ကိုင်အဖွဲ့(KIO/KIA)၊ တအာင်းလက်နက်ကိုင်အဖွဲ့(PSLF/TNLA)၊ ရခိုင်လက်နက်ကိုင်အဖွဲ့(ULA/AA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNTJP/MNDAA)တို့သည် သြဂုတ် ၃၁ ရက်က ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ Amazing Kengtong Resort တွင် တွေ့ဆုံဆွေးနွေးရာ၌ ယင်းကိစ္စရပ်အား ထည့်သွင်း ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေးက ပြောကြားသည်။
“ဒီကနေ့ ကွတ်ခိုင်ဘက်မှာ ဖြစ်သွားခဲ့တဲ့ အပြစ်မဲ့အရပ်သားပြည်သူတွေ သေဆုံးမှုနဲ့ပတ်သက်လို့လည်း အစိုးရဘက်က ဒါကို ဖတ်ပြပြီးတော့ ကျွန်တော်တို့ ကြေးနန်းတွေချပြပြီးတော့ ဆွေးနွေးပါတယ်။ အဲဒီအပေါ် မှာလည်း အငြင်းပွားမှုတွေလည်း ရှိပါတယ်။ခြုံပြီးပြောရရင်တော့ ကျွန်တော်တို့ လက်ရှိဖြစ်ပွားနေတဲ့ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ ကျွန်တော်တို့ အစိုးရဘက်ကလည်း NRPC အနေ နဲ့ ဒီအပေါ်မှာလည်း ကျွန်တော်တို့ ထုတ်ဖော်ပြီးတော့ ပြောပါတယ်။ အခု တိုက်ပွဲနဲ့မသက် ဆိုင်တဲ့ အရပ်သားပြည်သူတွေ သေဆုံးမှုနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ဒီအစည်းအဝေး ပွဲမှာ ဆွေးနွေးပါတယ်။ အလားတူပဲ EAO တွေဘက်ကလည်း ပြန်ပြီးတော့ သူတို့ရဲ့တောင်းဆိုချက်တွေ သူတို့ရဲ့ထင်မြင်ယူဆ ချက်တွေ ပြန်ပြီးတော့ ဆွေးနွေးတယ်။ ဆွေးနွေးတော့ ကျွန်တော်တို့ တော်တော်လေး အကြိတ်အနယ်ဆွေးနွေးပါတယ်”ဟု ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။
ထို့ပြင် သတင်းထောက်တစ်ဦးက ယခု ဆွေးနွေးပွဲအပြီး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် အများပြည်သူဘေးကင်းလုံခြုံစွာ အသုံးပြုနိုင်သည့် အနေအထားသည် တိုးတက်မှုရှိ မရှိ မေးမြန်းခဲ့သည်။
အဆိုပါမေးမြန်းမှုအား ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “ကျွန်တော်တို့ဘက်က အဲဒါကို တောင်းဆိုတယ်။ အစိုးရဘက် က တောင်းဆိုတယ်။ ကျွန်တော်တို့ အခု တပ်မတော်ဘက်က လုပ်နေတာက ဒီပြည်ထောင် စုလမ်းမကြီး ကုန်သွယ်ရေးလမ်းမကြီး အမြန်ဆုံးပွင့်ဖို့ ဆက်စပ်လမ်းတွေပွင့်ဖို့ ကျွန်တော်တို့ ဦးတည်ပြီး လုပ်နေတာဖြစ်တယ်။ ပြောရရင်တော့ သွားတိုက်နေတာမဟုတ်ဘူး။ ဒီ လမ်းမပေါ်က လမ်းကြောင်းတစ်လျှောက်မှာ ရှင်းနေတာဖြစ်တယ်။ အလွတ်သဘော တွေ့တဲ့အခါမှာလည်း အပြင်မှာ Tea Break တွေမှာ ကျွန်တော်တို့ ပြောတယ်။ ဒီလမ်းကြောင်းရှင်းဖို့အတွက်ကို လုပ်ပါ။ ဒါကိုတော့ ကျွန်တော်တို့က တောင်းဆိုထားတယ်။နောက် အဲဒီအပြင် ကျွန်တော်တို့က အခု လတ်တလော ဒီလမ်းမကြီးအမြန်ဆုံးလုံခြုံစွာနဲ့ ကူးသန်းသွားလာနိုင်ဖို့ အဲဒါအပြင် ဆက်စပ်နယ်မြေတွေမှာ တိုက်ပွဲတွေ မဖြစ်ပွားဖို့ ကျွန်တော်တို့က သူတို့ကို အဆိုပြုချက်နှစ်ခုရှိတယ်။ အဲဒါကို သူတို့ထဲမှာလည်း မဆုံး ဖြတ်နိုင်တဲ့အတွက် သူတို့ပြန်သွားရင် ခေါင်းဆောင်တွေထဲမှာလည်း ပြန်ဆွေးနွေးဖို့ရှိပါ တယ်။ဆွေးနွေးပြီးရင်တော့ တစ်စုံတစ်ရာ အကြောင်းပြန်မယ်လို့ သိရတယ်။ ကျွန်တော်တို့ကတော့ ဒါကို အမြန်ဆုံးလုပ်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုထားတယ်”ဟု ပြော ကြားသည်။
တိုက်ပွဲ လျှော့ချမည်ဆိုသည့်ကိစ္စသည် နှစ်ဦးနှစ်ဖက်စလုံးပေါ်တွင် မူတည်ကြောင်း၊ မိမိတို့ဘက်မှ သက်သက်ကြီးလျှော့၍မရကြောင်း၊ မြန်မာ့တပ်မတော်ဘက်မှလည်း လက်ရှိ မြေပြင်တွင်ရောက်နေသူများပေါ် မူတည်ပြီး အမိန့်ပေးသည့်အဖွဲ့အစည်း၏ ခေါင်းဆောင်များပေါ်တွင်လည်း မူတည်ကြောင်း ရခိုင်လက်နက်ကိုင်အဖွဲ့(AA) ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ဆွေးနွေးပွဲအပြီး မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားသည်။
“တိုက်ပွဲတွေကို ဘယ်လို ကျွန်တော် တို့လျှော့ချမလဲဆိုတဲ့ဟာမျိုးကို အချိန်ရသလောက်တော့ ရသလောက်ဆွေးနွေးခဲ့ပါတယ်။ ကျွန်တော်တို့ကတော့ ပြည်သူလူထုကို ထိခိုက်အောင်တော့ ဘယ်တော့မှမလုပ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလူထု အများစုက ရခိုင်ဒေသမှာဆိုရင် ရခိုင်လူမျိုး တွေဖြစ်တယ်။ တအာင်းမှာဆိုရင် တအာင်းလူမျိုးတွေဖြစ်တယ်။ ကချင်မှာဆိုရင် ကချင်လူမျိုးတွေဖြစ်တော့ ကျွန်တော်တို့က ကိုယ့် လူမျိုးတွေကို သတ်တဲ့အဖွဲ့အစည်းမဟုတ်ဘူး။ အရပ်သားတွေပစ်တာကတော့ လောလောဆယ်မှာတော့ ကျွန်တော်တို့ဘက်ကမပစ်ဘူးလို့ပြောလို့ရပါတယ်”ဟု ဒေါက်တာ ညိုထွန်းအောင်က ပြောကြားသည်။
ထို့အတူ အရပ်သားသေဆုံးမှုအတွက် မည်သည့်အဖွဲ့အစည်းက တာဝန်ခံမည်နည်းဟု သတင်းထောက်တစ်ဦး၏ မေးမြန်းမှုအပေါ် အောက်ခြေတွင် တိုက်ခိုက်ခဲ့သည့် ဒုံးဒလက်များကိုကြည့်ပါက သိကြောင်း၊ အဆိုပါ ဒုံးများသည် မည်သည့်နေရာက ထုတ်သည်ကိုကြည့်လိုက်ပါက မည်သူ့လက်ချက်ဖြစ် သည်ကို သိလိမ့်မည်ဖြစ်ပြီး ၎င်းတို့ တာဝန်ယူရမည်ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။
-
ပြင်သစ်ထိပ်သီးကလပ် လိုင်ယွန်အသင်း ဘဏ္ဍာရေးပြဿနာကြောင့် ရာသီကုန်တွင် လီဂူး-၂ သို့ တန်းဆင်းရန် ပြစ်ဒဏ်ချမှတ်ခံရ
-
ပေါ့ဘာနှင့် ဂျူဗင်တပ်စ်အသင်း နိုဝင်ဘာလကုန်တွင် စာချုပ်ဖျက်သိမ်းရန် သဘောတူညီမှုရရှိ
-
မျှော်လင့်ခြင်းများစွာဖြင့်
-
Nations League နဲ့ မျှော်လင့်ခြင်းများဆီသို့
-
အလန်ရှီးယား ရွေးချယ်သည့် ပရီးမီးယားလိဂ်အကောင်းဆုံးအသင်းတွင် လီဗာပူးလ်ကစားသမား (၄)ဦးပါဝင်ပြီး မန်စီးတီးနှင့် အာဆင်နယ်မှ ပါဝင်ခြင်းမရှိ