Top News

ပြင်သစ်ထိပ်သီးကလပ် လိုင်ယွန်အသင်း ဘဏ္ဍာရေးပြဿနာကြောင့် ရာသီကုန်တွင် လီဂူး-၂ သို့ တန်းဆင်းရန် ပြစ်ဒဏ်ချမှတ်ခံရ
24htopnews | November 18, 2024 6:12 PM CST

 

ပြင်သစ်ထိပ်သီးကလပ် လိုင်ယွန်အသင်းသည် ဘဏ္ဍာရေးပြဿနာကြောင့် ရာသီကုန်တွင် လီဂူး-၁ မှ လီဂူး-၂ သို့ တန်းဆင်းရန် ပြစ်ဒဏ်ချမှတ်ခံထားရကြောင်း သိရသည်။

လိုင်ယွန်အသင်း၏ရှယ်ယာ ၇၇ ဒသမ ၄၉ ရာခိုင်နှုန်းပိုင်ဆိုင်ထားသည့် အမေရိကန် စီးပွားရေးလုပ်ငန်းရှင် ဂျွန်တက်စ်တာသည် ပရီးမီးယားလိဂ်ကလပ် ပဲလေ့စ်အသင်း၏ ရှယ်ယာ ၄၀ ရာခိုင်နှုန်းနှင့် ဘရာဇီးလ်ကလပ် ဘိုတာဖိုဂိုအသင်း၏ရှယ်ယာ ၉၀ ရာခိုင်နှုန်းကိုလည်း ပိုင်ဆိုင်ထားသူဖြစ်သည်။ 

သို့သော် လိုင်ယွန်အသင်းမှာ ၎င်းရောက်ရှိလာပြီးကတည်းက ငွေကြေးပိုင်းမတည်ငြိမ်မှုများ ရင်ဆိုင်နေရပြီး ကြွေးမြီ ယူရို ၅၀၅ သန်း (ပေါင် ၄၂၂ သန်း) တင်ရှိနေကြောင်း မကြာသေးမီ က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ သိရှိခဲ့ရသည်။

ထို့ကြောင့် ပြင်သစ်ပရော်ဖက်ရှင်နယ် ဘောလုံးကလပ်များ စာရင်းကြီးကြပ်ရေးအဖွဲ့(DNGC) က လိုင်ယွန်အသင်းအား ဘဏ္ဍာရေးအခြေအနေတိုးတက်အောင် လုပ်ဆောင်နိုင်ခြင်းမရှိပါက ယခုရာသီကုန်တွင် လီဂူး-၂ သို့ တန်းဆင်းကစားရန်နှင့် ဇန်နဝါရီအပြောင်း အရွှေ့ကာလတွင် ကစားသမားခေါ်ယူခွင့်မပြုရန် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် လိုင်ယွန်အသင်း၏  လစာပေးချေမှုများကိုလည်း DNGC က ကြီးကြပ်မည်ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်ရာ လိုင်ယွန်အသင်းအနေဖြင့် ရာသီမကုန်မီ ဘဏ္ဍာရေးတိုးတက်မှုရှိစေရန် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အဓိက ကစားသမားများကို ရောင်းချခြင်း၊ တက်စ်တာပိုင်ဆိုင်သည့် ပဲလေ့စ်နှင့် ဘိုတာဖိုဂို အသင်းတို့၏ ရှယ်ယာရောင်းချခြင်း ပြုလုပ် ရဖွယ်ရှိနေသည်။ 

လိုင်ယွန်အသင်းသည် လီဂူး-၁ ချန်ပီယံဆုကို ၂၀၀၂ မှ ၂၀၀၈ ခုနှစ် အထိ ခုနစ်ရာသီဆက်တိုက်ရရှိဖူးသည့် ထိပ်တန်းကလပ်ဖြစ်ပြီး လီဂူး-၂ ချန်ပီယံဆု သုံး ကြိမ်၊ ပြင်သစ်ဖလား ငါးကြိမ်၊ ပြင်သစ်လိဂ် ဖလား တစ်ကြိမ်၊ ပြင်သစ်စူပါဖလား ရှစ်ကြိမ် ရရှိဖူးသည်။ လိုင်ယွန်အသင်းသည် ယခုရာသီ လီဂူး -၁ ပြိုင်ပွဲတွင် အဆင့် ၅ နှင့် ယူရိုပါလိဂ်ပြိုင်ပွဲတွင် အဆင့် ၉ နေရာ၌ ရပ်တည်လျက်ရှိသည်။


READ NEXT
Cancel OK