Top News

တပ်နေရာချထားရေးဆိုင်ရာ ကိစ္စရပ်များ၊ တိုက်ပွဲများမဖြစ်ပွားရန် မည်သို့ဆောင်ရွက်မည်ဆိုသည့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ ရယူရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ တပ်မတော်နှင့် ဆက်ဆွေးနွေးရန် NRPC နှင့် မြောက်ပိုင်းလေးဖွဲ့ သဘောတူ
24htopnews | July 12, 2024 9:12 AM CST

အစိုးရ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)နှင့် မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်လေးဖွဲ့ဖြစ်သည့် ကချင်လက်နက်ကိုင်အဖွဲ့(KIO/KIA)၊ တအာင်းလက်နက်ကိုင်အဖွဲ့(PSLF/TNLA)၊ ရခိုင်လက်နက်ကိုင်အဖွဲ့(ULA/AA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNTJP/MNDAA)တို့သည် သြဂုတ် ၃၁ ရက်က ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ Amazing Kengtong Resort တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် တပ်နေရာချထားရေးဆိုင်ရာ ကိစ္စရပ်များ၊ တိုက်ပွဲများ မဖြစ်ပွားရန် မည်သို့ဆောင်ရွက်မည်ဆိုသည့် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ ရယူရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ တပ်မတော်နှင့် ဆက်ဆွေးနွေးရန် NRPC နှင့် မြောက်ပိုင်းလေးဖွဲ့တို့ သဘောတူခဲ့ကြောင်း ဆွေးနွေးပွဲအပြီး ထုတ်ပြန်သည့် ပူးတွဲထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် နောက်တစ်ကြိမ်ထပ်မံတွေ့ဆုံဆွေးနွေးမှုကို စက်တင်ဘာ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ပြုလုပ်မည်ဖြစ်ပြီး တွေ့ဆုံမည့်နေရာကို နှစ်ဖက်ဆက်လက်ညှိနှိုင်းရန်လည်း သဘောတူခဲ့ကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။

“နောက်လာမယ့် Bilateral ကျရင်တော့ ကျွန်တော်တို့က မူအားဖြင့် သဘောတူညီချက်ယူမယ်။ အသေးစိတ်ကိုတော့ ဆက်ပြီးတော့ဆွေးနွေးမှာဖြစ်တယ်။ ကျွန်တော်တို့သွားမယ့် Bilateral သည် မူနဲ့သွားမယ့် Bilateral ဖြစ်တယ်။ မူအားဖြင့် သဘောတူညီချက်ရဖို့၊ တိုက်ပွဲတွေ ရပ်ဖို့ အဲဒါကို ဦးတည်တဲ့ Bilateral ဖြစ်တယ်။ နောက် ရေရှည်တိုက်ပွဲတွေ မဖြစ်ပွားရေးကတော့ တပ်နဲ့ ဆက်ညှိရမယ့်သဘော ကျွန်တော်တော့ ဖြေချင်တယ်”ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

Bilateral Ceasefire Agreement လက်မှတ်ရေးထိုးပြီးသည့်နောက် NCA နှင့်ပတ်သက်၍ ဆက်လက်ညှိနှိုင်းသွားရန်လည်း သဘောတူညီခဲ့ကြောင်း ပူးတွဲသတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

“ဆွေးနွေးညှိနှိုင်းမှုရဲ့ သဘောတရားပေါ့နော်။ သဘောတရားကတော့ လက်ရှိအမြန်ဆုံးရပ်ဖို့လိုတယ်။ တိုက်ပွဲမဖြစ်ဖို့လိုတယ်။ ပြီးရင် ဒီ Ceasefire ခိုင်မာဖို့လိုတယ်။ ခိုင်မာဖို့အတွက် သဘောတူညီချက်တွေလို တယ်။ အဲဒီတော့ တပ်ပိုင်းဆိုင်ရာနေရာချထားရေးဆိုတာ အဲဒါကိုပြောတာ။ ဘယ်တပ် ဘယ်မှာနေ၊ ဘယ်မှာနေ။ ပြီးရင် တစ်ဖွဲ့နဲ့ တစ်ဖွဲ့နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့အတွက် ထိတွေ့မှုတွေက သဘောသဘာဝအရ ဖြစ်တက်တယ်။ ဖြစ်တဲ့အခါကျရင် ဘယ်လိုစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်နဲ့ လုပ်မလဲဆိုတာ အသေးစိတ်ဆွေးနွေးရမယ်။ အဲဒါကြောင့်မို့လို့လည်း ကျွန်တော်တို့က ဒီဟာကို ဒီနေ့ဆွေးနွေးတာဖြစ်တယ်။ ကျွန်တော်တို့ ဒီနေ့အကြမ်းဖျင်းသဘောတူထားတဲ့ Process ကတော့ ဒီဟာတွေ ဆွေးနွေးဖို့သဘောတူလိုက်ပြီ။ သဘောတူလိုက်တဲ့အပိုင်းမှာ ကျွန်တော်တို့ တစ်ဆင့်ပေါ့။ လေးဖွဲ့လုံးနဲ့ ကျွန်တော်တို့ သဘောတူညီချက်တစ်ခု လုပ်ဖို့ဆိုပြီး EAO ဘက် အဆိုပြုထားတယ်။ ဒီအဆိုပြုချက်ကို ကျွန်တော်တို့ယူသွားမယ်။ ယူသွားပြီရင် ဟိုဘက်မှာ အစိုးရနဲ့တပ်မတော် ပြန်ပြီးဆွေးနွေးရမှာဖြစ်တယ်။ ဆွေးနွေးပြီးရင် နောက်တစ်ကြိမ် ၁၆၊ ၁၇ ပေါ့နော်။ ပြန်တွေ့ပြီးတော့ လက်မှတ်ရေးထိုးနိုင်မယ့် အနေအထားရောက်ဖို့ မျှော်လင့်တယ်။ အဲဒီလိုမျှော်လင့်ပြီးလုပ်နေတာဖြစ်တယ်။ လတ်တလောမှာ လက်ရှိဖြစ်နေတဲ့အနေအထား မဖြစ်ဖို့ ကျွန်တော်တို့က အဆိုပြုတဲ့အချက်တွေ ရှိပါတယ်။ အဲဒီအချက်တွေကိုလည်း သူတို့ လတ်တလောမှာ ဆုံးဖြတ်နိုင်ခြင်းမရှိဘူး။  သူတို့ရဲ့ခေါင်းဆောင်တွေကို ပြန်တင်ပြပြီး အကြောင်းပြန်မယ်လို့ ပြောပါတယ်”ဟု ညွှန် ကြားရေးမှူးချုပ်ဦးဇော်ဌေးက ပြောကြားသည်။

နိုင်ငံအတွင်းဖြစ်ပွားနေသောတိုက်ပွဲများ အမြန်ဆုံးရပ်တန့်နိုင်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးအတွက် နှစ်ဖက်စလုံးက နိုင်ငံရေးဆန္ဒ အပြည့်အဝဖြင့် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

“ဒီနေ့ဆွေးနွေးပွဲကတော့ ကျွန်တော်တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လက်ရှိပြတ်တောက်နေတဲ့အချိန်ကာလကို ရှေ့ဆက်ပြီးတော့  ဘယ်လိုသွားမလဲ။ မတွေ့တာကြာတယ်ဆိုတော့ ပြဿနာတွေကထပ်ပြီးတော့ ပိုဖြစ် တယ်ဆိုတော့ ဒီပြဿနာတွေကိုပြေပြေလည်လည် ဖြေရှင်းအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ဟာမျိုးပါ။ အဓိကရည်ရွယ်ချက်က။ (တပ်နေရာချထားရေးကိစ္စ)သိပ်ပြီးတော့ မဆွေးနွေးခဲ့ပါဘူး။ တပ်နေရာချထားရေးက မြန်မာ့တပ်မတော်ဘက်က ခေါင်းဆောင်တွေမပါတော့ ကျွန်တော်တို့ သိပ်ပြီးတော့ဆွေးနွေးမရဘူး။ (တပ်မတော်၏မူကြမ်းကို လက်မခံသည့် ကိစ္စ) ဒီနေ့ ကျွန်တော်တို့ဘက်က ယူလာတဲ့လေးဖွဲ့ပေါ့။ ဒီနေ့ပါလာတဲ့ ကိုးကန့်၊ ပလောင်၊ ရခိုင်၊ ကချင် လေးဖွဲ့ယူလာတဲ့ မူကြမ်းကိုတော့ NRPC ဘက်ကို ပေးခဲ့ပါတယ်။ ဒီနေ့ဆွေးနွေးပွဲက အလုပ်ဖြစ်တယ်လို့ပြောလို့ရပါတယ်။ အကောင်းဘက်ကို ရောက်တယ်။ ကျွန်တော်တို့လည်း အကောင်းဆုံးကို မျှော်လင့်ခဲ့တယ်” ဟု ရခိုင်လက်နက်ကိုင်အဖွဲ့မှ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ဆွေးနွေးပွဲအပြီး ပြန်လည်ထွက်ခွာချိန် မီဒီယာများနှင့် မိနစ်အနည်းငယ်တွေ့ဆုံရာ၌ ထည့်သွင်းပြောကြားသည်။

မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင် လေးဖွဲ့သည် ရှမ်းပြည်နယ် (အရှေ့ပိုင်း) အ ထူးဒေသ မိုင်းလားမှတစ်ဆင့် ကျိုင်းတုံမြို့သို့ သြဂုတ် ၃၁ ရက် နံနက်ပိုင်းတွင် မော်တော် ယာဉ်များဖြင့် ရောက်ရှိလာခြင်းဖြစ်ပြီး ဆွေးနွေးပွဲအပြီး ညနေပိုင်းတွင် မိုင်းလားသို့ပြန် လည်ထွက်ခွာသွားသည်။

 

 


READ NEXT
Cancel OK