Top News

သမိုင်းတရားခံ အဖြစ်မခံနိုင်၍ဟုဆိုကာ ၄၅ ဦးပါ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီမှ အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်း နုတ်ထွက် စာတင်
24htopnews | July 12, 2024 9:12 AM CST

သမိုင်းတရားခံ အဖြစ်မခံနိုင်၍ဟုဆိုကာ ၄၅ ဦးပါ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီမှ  အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော် ဦးစိန်ဝင်းက နုတ်ထွက်စာ တင်ခဲ့သည်။

ထိုသို့ နုတ်ထွက်ခြင်းနှင့် ပတ်သက်ပြီး ကော်မတီဥက္ကဋ္ဌထံ စက်တင်ဘာ ၂ ရက်က စာပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း ဦးစိန်ဝင်းက ပြောကြားသည်။

“စာက ယနေ့ တင်တာ ၂ ရက်နေ့။ အဓိက နုတ်ထွက်ရတာတော့ အချက် သုံးချက်ပေါ့။ နံပါတ်တစ်က အဆိုပြုချက် ပေါင်းချုပ်တွေကို အတည်ပြုတဲ့အခါမှာ လျှို့ဝှက်မဲစနစ်နဲ့ လုပ်ပါဆိုတာကို မဟုတ်ဘဲနဲ့ လက်ညှိုး ထောင်ပြီးတော့ လုပ်တဲ့အခါကျတော့ အင်အားကြီးတဲ့သူက နိုင်သလို ဖြစ်တာပေါ့။ နံပါတ် (၂) ကတော့ ဦးတည်ချက် ငါးရပ်နဲ့ ဆောင်ရွက်ပါမယ် ဆိုတဲ့ဟာက ဦးတည်ချက် ငါးရပ်နဲ့ ဆောင်ရွက်နိုင်တဲ့ အလားအလာ မရှိဘူး။ အားနည်းမှု တွေ့နေရတယ်။ နံပါတ်သုံးကတော့ တိုင်းရင်းသားတွေ မျှော်လင့်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ အနှစ်သာရ ပါဝင်ဖို့ ရရှိဖို့ အင်မတန်နည်းတယ်ဆိုတာ သွားတွေ့ရတယ်။ ဒါကြောင့်မို့ ဒီသုံးချက်နဲ့ အန်ကယ်က သမိုင်းတရားခံလည်း အဖြစ်မခံဘူး။ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး ဦးစားပေးမှု အားနည်းတဲ့အတွက် တိုင်းရင်းသားဘက်လည်း အန်ကယ်က စိတ်မကောင်းဖြစ်တဲ့အတွက် အကောင်းဆုံးတော့ ပူးပေါင်း ဆောင်ရွက်ခဲ့တယ်။ အဆိုးဆုံး ဖြစ်လာတဲ့အထဲမှာတော့ မပါချင်တော့ဘူး ဆိုပြီးတော့ ထွက်လိုက်တာပါ” ဟု အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိန်ဝင်းက ပြောကြားသည်။

အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ (အန်ယူဒီ) ကိုယ်စားပြု မအူပင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းသည် ဖွဲ့စည်းပုံပြင်ဆင်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ပြင်ဆင်ဖြည့်စွက် အကြံပြုချက် စုစုပေါင်း ၃၇၆၅ ချက်တွင် ၄၆၂ ချက်တိတိအား ပြင်ဆင်လိုသော စိတ်ဆန္ဒဖြင့် အဆိုပြုခဲ့ကြောင်း၊ သြဂုတ် ၂၉ ရက်တွင် ၎င်းအဆိုပြုချက်များ အတည်ပြုရာတွင် လျှို့ဝှက်မဲပေးစနစ် ဆောင်ရွက်ရန် တင်ပြသော်လည်း ဆောင်ရွက်ပေးနိုင်မှု မရှိသည့်အတွက် လည်းကောင်း၊ ဖွဲ့စည်းပုံပြင်ဆင်ရေး မူဝါဒ ဦးတည်ချက် ငါးချက်အပေါ် လိုက်နာမှု အားနည်းလျက်ရှိကြောင်း၊  တိုင်းရင်းသားများ ဖက်ဒရယ် ပြည်ထောင်စုဆန္ဒများ ဖြည့်ဆည်းပေးနိုင်မှု အားနည်းကြောင်း တွေ့ရှိရသဖြင့် စက်တင်ဘာ  ၂ ရက်မှစ၍ ၄၅ ဦးအဖွဲ့မှ နုတ်ထွက်ပါကြောင်းနှင့် အနာဂတ် သမိုင်းတရားခံအဖြစ် မခံနိုင်စေရန် နုတ်ထွက်ခွင့်ပြုပါရန် ပါတီဆုံးဖြတ်ချက်အရ လည်းကောင်း မိမိဆန္ဒအရ လည်းကောင်း တင်ပြအပ်ကြောင်း ဦးစိန်ဝင်း ၏ နုတ်ထွက်စာတွင် ဖော်ပြထားသည်။

ဦးစိန်ဝင်းသည် ယခင်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ မအူပင် မဲဆန္ဒနယ်တွင် အနိုင်ရရှိခဲ့သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦး ဖြစ်ခဲ့ကာ ပါတီနှင့် လမ်းခွဲ၍ အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေခြင်း ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် အဆိုပြုချက် ၃၇၆၅ ချက်နှင့် ပတ်သက်ပြီး ပုဒ်မ တစ်ခုအချင်းအလိုက် အဆိုပြုချက်များထဲမှ ဥပဒေကြမ်းတွင် ထည့်သွင်းမည့်အချက်ကို တစ်ဦးချင်း မဲပေး ရွေးချယ်သောနည်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ၄၅ ဦးပါ ပြင်ဆင်ရေး ပူပေါင်းကော်မတီထံမှ သိရသည်။

“ပထမတော့ ပါတီအလိုက်နဲ့ တစ်ဦးချင်း မဲပေးမလား ဆိုတာကို ဆုံးဖြတ်တာက တစ်ဦးချင်း မဲပေးဖို့ အတည်ဖြစ်တယ်။ အခုလက်ရှိထိတော့ အခန်း(၁)၊ ပုဒ်မ(၆)(စ) ထိ ပြီးသွားပြီ။ ပုဒ်မတစ်ချင်းအလိုက်မှာ တင်ပြချက်က ၁၀ ခုရှိရင် ရှိမယ်။ ဒီထဲကမှ ပြန်ပြီးတော့ မဲနဲ့ ပြန်ရွေးကြတာ။ ပုဒ်မတစ်ခုကို တစ်ခုပဲ တင်ရမှာ နှစ်ခုတင်လို့ မရဘူး။ အခုကတော့ မဲပေးတဲ့စနစ်ကို ပြန်ပြီးတော့ တိုင်ပင်ကြတယ်။ မဲပေးတဲ့စနစ်က ဟိုတစ်နေ့က လက်ညှိုးထောင်တာ အခုက အဲဒီလိုမဟုတ်ဘူး။ ပုဒ်မ တစ်ခုချင်းအလိုက် စာရွက်လေးတွေ ပေးမယ်။ ဒီအပေါ်မှာ  ကိုယ့်ဘာသာ ခြစ်ပေ့ါ။ လက်ညှိုးထောင်တာတော့ ကလေးကုလား ဆန်တယ်ဆိုပြီး တချို့ပါတီတွေက တင်ပြတယ်” ဟု ၄၅ ဦးပါ ပြင်ဆင်ရေး ပူးပေါင်းကော်မတီဝင် တစ်ဦးက ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းထွန်းဟိန်၊ ဒုတိယဥက္ကဋ္ဌအဖြစ် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ အတွင်းရေးမှူးအဖြစ် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၃) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုး၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ဒေါပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဝင်းအောင် (ခ) ဦးပြုံးချိုတို့ကို တာဝန်ပေးအပ်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၈ ဦး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့မှ ရှစ်ဦး၊ ပြည်ခိုင်ဖြိုးပါတီ၊ ရခိုင်အမျိုးသား ပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ နှစ်ဦးစီ၊ တအာင်း (ပလောင်) အမျိုးသားပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်ပါတီ၊ လီဆူး အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ မွန်အမျိုးသားပါတီ၊ “၀” ဒီမိုကရက်တစ်ပါတီနှင့် အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီတို့မှ ကိုယ်စားလှယ် တစ်ဦးစီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တစ်ဦး ပါဝင်သည်။

အဆိုပါ ကော်မတီအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်ပြီး ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ရန် အဆိုပြုချက်ပေါင်း ၃၇၆၅ ချက် ပါဝင်သော အစီရင်ခံစာကို ဇူလိုင် ၁၅ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့ပြီး လက်ရှိအချိန်တွင် ဥပဒေကြမ်း ရေးဆွဲနိုင်ရေးအတွက် အစည်းအဝေးများ ပြုလုပ်လျက် ရှိသည်။

 


READ NEXT
Cancel OK