Top News

အရပ်သား ပြည်သူများ၊ မြို့/ကျေးရွာများ၊ ပြည်သူများ ပိုင်ဆိုင်သော ပစ္စည်းများအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခြင်းများနှင့် လက်ရှိတိုက်ပွဲများ အမြန်ဆုံးရပ်တန့်ပေးရန် ရှမ်းမြောက်ရှိ အရပ်ဘက်အဖွဲ့အစည်း ၂၀ ကျော် တောင်းဆို
24htopnews | July 12, 2024 9:12 AM CST

အရပ်သား ပြည်သူများ၊ မြို့/ကျေးရွာများ၊ ပြည်သူများ ပိုင်ဆိုင်သော ပစ္စည်းဥစ္စာများအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရပ်တန့်ပေးရန်နှင့် လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများ အမြန်ဆုံး ရပ်တန့်ပေးရန် ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ အရပ်ဘက် အဖွဲ့အစည်း ၂၀ ကျော်က စက်တင်ဘာ ၁ ရက်တွင် သဘောထားကြေညာချက် ထုတ်ပြန်ကာ တောင်းဆိုသည်။

သြဂုတ် ၁၅ ရက်မှစ၍ ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် တပ်မတော်နှင့် ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်သည့် တအာင်းအဖွဲ့ (TNLA) ၊ ကိုးကန့်အဖွဲ့ (MNDAA) ၊ ရခိုင်အဖွဲ့ (AA) တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး အဆိုပါ တိုက်ပွဲများအတွင်း အရပ်သားများ ထိခိုက်နစ်နာနေမှုများနှင့် ပတ်သက်၍ ထိုသို့ သဘောထား ထုတ်ပြန်ကာ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့တွင် သြဂုတ် ၃၁ ရက် နံနက်ပိုင်း၌ ညီနောင်မဟာမိတ် သုံးဖွဲ့က မြို့တွင်းသို့ ဝင်ရောက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အတွက် တပ်မတော်နှင့် အဆိုပါ လက်နက်ကိုင်အဖွဲ့ တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကွတ်ခိုင်မြို့ ရပ်ကွက် (၂၊ ၄၊ ၅၊ ၈) နှင့် မြို့စွန်ရှိ မော်ဟစ်ကျေးရွာအနီးတွင် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

မော်ဟစ်ကျေးရွာအနီး ပစ်ခတ်မှုများကြောင့် ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် လသားအရွယ် ကလေးတစ်ဦး အပါအဝင် ငါးဦး သေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာရရှိခဲ့သည်။

လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် သြဂုတ် ၁၈ ရက်တွင် လားရှိုးမြို့နယ် ကုန်းဆာကျေးရွာမှ ဦးလုံအေး သေဆုံးခဲ့ပြီး သြဂုတ် ၂၃ ရက်တွင် လွယ်ပယ်ကျေးရွာမှ သုံးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ သြဂုတ် ၂၆ ရက်တွင် ပန်းဆေးကျေးရွာမှ ဦးအိုက်ငို့ (ခ) ကွန်ဌေး သေဆုံးခဲ့ကြောင်း၊ သြဂုတ် ၁၇ ရက်တွင် ပစ်ခတ်မှုများကြောင့် လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးထွန်းမြင့်တို့ သေဆုံးခဲ့ကြောင်း ရှမ်းမြောက် အရပ်ဘက်အဖွဲ့အစည်းများ၏ သဘောထားထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် တပ်မတော်နှင့် ညီနောင်မဟာ မိတ်သုံးဖွဲ့အကြား လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများအတွင်း ပြည်ထောင်စုလမ်းမကြီး ပေါ်တွင် သွားလာနေသည့် အရပ်သားပြည် သူများ၏ ကားနှင့်ကုန်ပစ္စည်းများ မီးရှို့ဖျက် ဆီးခံရမှုများရှိခဲ့ပြီး ထို့သို့ အရပ်သားပြည်သူ များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ အသက် အိုးအိမ်စည်းစိမ် ဆုံးရှုံးစေခြင်းနှင့် ပြည်သူ များ၏ဘဝလုံခြုံရေးအား ဟန့်တားနှောင့် ယှက်ခြင်းများကို ပြင်းထန်စွာရှုတ်ချကြောင်း ရှမ်းမြောက်အခြေစိုက် အရပ်ဘက်အဖွဲ့ အစည်းများက ကြေညာသည်။

အထက်ပါ ဖြစ်စဉ်များနှင့်ပတ်သက်၍ ရှမ်းပြည်နယ် (မြောက်ပိုင်း) လူသားချင်းစာ နာထောက်ထားမှု ပူးပေါင်းဆောင်ရွက် ရေး အဖွဲ့နှင့် အရပ်ဘက်အဖွဲ့စည်းများကမိသား စုများနှင့်အတူ ထပ်တူဝမ်းနည်းကြောင်း ဖော်ပြခဲ့ပြီး အရပ်သားပြည်သူများ၏ ဘေး ကင်းလုံခြုံရေးကို အကာအကွယ်ပေးထား သည့် မြန်မာ့ဥပဒေများကိုသော်လည်း ကောင်း၊ နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဥပဒေများနှင့် လူ့ အခွင့်အရေးဆိုင်ရာ ဥပဒေများကို လေးစား လိုက်နာရန် ရှမ်းမြောက်အခြေစိုက်အရပ်ဘက် အဖွဲ့အစည်းများက တောင်းဆိုခဲ့သည်။

လက်နက်ကိုင်အဖွဲ့များသည် ပြည်သူ များကို ကာကွယ်ပေးရန်နှင့် တရားမျှတမှုကို ရစေရန် ဖွဲ့စည်းထားသည်ဟု နားလည်ထား ကြောင်း၊ ထို့ကြောင့် တိုက်ပွဲများကြောင့် အရပ်သားပြည်သူများ ထိခိုက်ပြီး အသက် သေဆုံးသည့်အခါ သို့မဟုတ် ထိခိုက်ဒဏ် ရာ ရသည့်အခါ သို့မဟုတ် ကိုယ်အင်္ဂါပျက်စီး ဆုံးရှုံးသည့်အခါ လက်နက်ကိုင်အဖွဲ့များ တွင် တာဝန်အပြည့်အဝရှိသည်ဟု ရှမ်း မြောက်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်း များက သဘောထားထုတ်ပြန်သည်။

အထူးသဖြင့် တာဝန်ရှိသူများနှင့် ကျူး လွန်သူများကို အရပ်သားဥပဒေအရ အရပ် သားတရားရုံးများတွင် တရားစီရင်အပြစ် ပေးနိုင်ရေး ၊ ဥပဒေကြောင်းအရ တရားမျှတ မှုရှိစေရေးတို့ကို တာဝန်ယူစေလိုကြောင်း ရှမ်းမြောက်အခြေစိုက် အရပ်ဘက်အဖွဲ့အ စည်းများက တောင်းဆိုသည်။

ထို့ပြင် ထိုက်သင့်သော လျော်ကြေး၊ နစ်နာကြေးများကို ပေးအပ်ရန်နှင့် ပြန်လည် ထူထောင်ရေးနှင့် စိတ်ကျန်းမာရေးအတွ က် ကိုလည်း တာဝန်ယူဆောင်ရွက်ပေးရန် တောင်းဆိုကြောင်း၊ အရပ်သားပြည်သူများ ၏ ထိခိုက်ပျက်စီးသွားသော အိုးအိမ်၊ ဥစ္စာ များအတွက်ကိုလည်း ထိုက်သင့်သော လျော် ကြေးနှင့် နစ်နာကြေးများကို တာဝန်ယူပေး အပ်ပေးရန် ရှမ်းမြောက်အခြေစိုက်အရပ် ဘက်အဖွဲ့အစည်းများက တောင်းဆိုခဲ့ သည်။                       

 


READ NEXT
Cancel OK