Top News

၄၅ ဦးပါ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီမှ ရခိုင်အမျိုးသားပါတီဝင် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး နုတ်ထွက်စာတင်
24htopnews | July 12, 2024 9:12 AM CST

ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားသည့် လွှတ်တော်ကိုယ်စားလှယ် ၄၅ ဦးပါ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတွင် အဖွဲ့ဝင်အဖြစ်ပါဝင်လျက်ရှိသော ရခိုင်အမျိုးသားပါတီဝင် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးသည် စက်တင်ဘာ ၃ ရက်တွင် ကော်မတီဝင်အဖြစ် နုတ်ထွက်စာတင်ခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီမှ နုတ်ထွက်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးမှာ ပေါက်တောမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဇံနှင့် ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၅) ကိုယ်စားလှယ် ဦးမြင့်နိုင်တို့ဖြစ်သည်။

ရခိုင်အမျိုးသားပါတီဘက်မှ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီတွင် ဆက်လက်မပါဝင်သင့်ကြောင်း ၎င်းတို့အား သဘောထားပေးလာသဖြင့် ပါတီ၏သဘောဆန္ဒနှင့်အညီ နုတ်ထွက်ခွင့်ပြုရန် ပူးပေါင်းကော်မတီဥက္ကဋ္ဌထံ လိပ်မူပေးပို့သည့် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး၏ စာတွင်ဖော်ပြထားသည်။

''ပါတီက ပါတီအမြင်အရ နုတ်ထွက်ခိုင်းလို့ နုတ်ထွက်လိုက်တာပါ။ နှစ်ယောက်စလုံးကို ဆက်လက်ဆောင်ရွက်ရန်မသင့်သဖြင့်ဆိုပြီးတော့ သီးခြားမှတ်ချက်တော့မပေးဘူး။ ဆက်လက်ဆောင်ရွက်ရန်မသင့်တော်တော့သဖြင့်ဆိုပြီး မှတ်ချက်ဘဲ ပါတီကပေးပါတယ်။ မနေ့(စက်တင်ဘာ ၂ ရက်)က ညွှန်ကြားလာတယ်။ ဒီနေ့တင်လိုက်တယ်။ လူစားထိုးဖို့ိ့မရှိပါဘူး''ဟု ပေါက်တောမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဇံကပြောကြားသည်။

ထို့အတူ  သမိုင်းတရားခံ အဖြစ်မခံနိုင်၍ဟုဆိုကာ ၄၅ ဦးပါ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီမှ နုတ်ထွက်ကြောင်း အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော် ဦးစိန်ဝင်းသည် စက်တင်ဘာ ၂ ရက်က နုတ်ထွက်စာ တင်ထားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းထွန်းဟိန်၊ ဒုတိယဥက္ကဋ္ဌအဖြစ် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ အတွင်းရေးမှူးအဖြစ် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၃) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုး၊ တွဲဖက်အတွင်းရေးမှူးအဖြစ် ဒေါပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဝင်းအောင် (ခ) ဦးပြုံးချိုတို့ကို တာဝန်ပေးအပ်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၈ ဦး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့မှ ရှစ်ဦး၊ ပြည်ခိုင်ဖြိုးပါတီ၊ ရခိုင်အမျိုးသား ပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ နှစ်ဦးစီ၊ တအာင်း (ပလောင်) အမျိုးသားပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်ပါတီ၊ လီဆူး အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ မွန်အမျိုးသားပါတီ၊ “၀” ဒီမိုကရက်တစ်ပါတီနှင့် အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီတို့မှ ကိုယ်စားလှယ် တစ်ဦးစီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တစ်ဦး ပါဝင်သည်။

အဆိုပါ ကော်မတီအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်ပြီး ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ရန် အဆိုပြုချက်ပေါင်း ၃၇၆၅ ချက် ပါဝင်သော အစီရင်ခံစာကို ဇူလိုင် ၁၅ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တင်သွင်းခဲ့ပြီး လက်ရှိအချိန်တွင် ဥပဒေကြမ်း ရေးဆွဲနိုင်ရေးအတွက် အစည်းအဝေးများ ပြုလုပ်လျက် ရှိသည်။


READ NEXT
Cancel OK