Top News

မြန်မာ့စီးပွားရေးဦးပိုင်အား မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်ဆိုင်သော ကုမ္ပဏီအဖြစ် ပြောင်းလဲခဲ့ပြီး ကုမ္ပဏီ၏ လုပ်ငန်းများနှင့် ရည်ရွယ်ချက်များ မပြောင်းလဲကြောင်း ကြေညာ
24htopnews | July 11, 2024 10:12 AM CST

မြန်မာ့စီးပွားရေးဦးပိုင်အား မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်ဆိုင်သော ကုမ္ပဏီအဖြစ် ပြောင်းလဲခဲ့ပြီး ကုမ္ပဏီ လုပ်ငန်းများနှင့် ရည်ရွယ်ချက်များ မပြောင်းလဲကြောင်း ဖေဖော်ဝါရီ ၁၁ ရက်တွင် ကြေညာသည်။

မြန်မာ့စီးပွားရေးဘဏ်မှ အစုရှယ်ယာ ပါဝင်သည့် မြဝတီဘဏ်၊ Myanmar Brewery အပါအဝင် ကုမ္ပဏီ ၂၉ ခုအား ၁၉၅၀ ပြည့်နှစ် အထူးကုမ္ပဏီ အက်ဥပဒေနှင့် ၁၉၁၄ ခုနှစ် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေအရ ဖွဲ့စည်းထားသော အထူးကုမ္ပဏီများအဖြစ်မှ ၁၉၁၄ ခုနှစ် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေအရ ဖွဲ့စည်းထားသော ကုမ္ပဏီများအဖြစ်သို့ ပြောင်းလဲဖွဲ့စည်းခွင့် ပြုထားကြောင်း စီမံ/ဘဏ္ဍာ ဝန်ကြီးဌာနမှ သိရသည်။

ယခင်ကုန်သွယ်ရေး ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ် ၇/၁၉၉၀ (၁၉၉၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၉) ဖြင့် ၁၉၅၀ ပြည့်နှစ် အထူးကုမ္ပဏီ အက်ဥပဒေနှင့် ၁၉၁၄ ခုနှစ် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေတို့နှင့် အညီအဖြစ် အထူးကုမ္ပဏီအဖြစ် ဖွဲ့စည်းပေးခဲ့သော မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ကို ၁၉၁၄ ခုနှစ် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေအရ ဖွဲ့စည်းထားသော ကုမ္ပဏီအဖြစ် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ် ၉၀/၂၀၁၆ ဖြင့် ဖွဲ့စည်းခွင့်ပြုခဲ့သည်။

ထိုသို့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်အား အထူးကုမ္ပဏီအဖြစ်မှ ၁၉၁၄ ခုနှစ် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေအရ ဖွဲ့စည်းထားသော ကုမ္ပဏီအဖြစ် ပြောင်းလဲခွင့်ပြု လိုက်သဖြင့် မြန်မာ့စီးပွားရေးဦးပိုင်မှ ပါဝင်ဖွဲ့စည်းထားသည့် ကုမ္ပဏီ ၂၉ ခုကိုလည်း အထူးကုမ္ပဏီအဖြစ်မှ ၁၉၁၄ ခုနှစ် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေအရ ဖွဲ့စည်းထားသော ကုမ္ပဏီအဖြစ် ပြောင်းလဲဖွဲ့စည်းခွင့်ပြုခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲထားပြီးဖြစ်သည့် မြန်မာ့စီးပွားရေး ဦးပိုင်၏ ရှယ်ယာပါဝင်နေပြီး အထူးကုမ္ပဏီအဖြစ်မှ ၁၉၁၄ ခုနှစ် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေအရ ဖွဲ့စည်းထားသော ကုမ္ပဏီ အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းခဲ့သည့် ကုမ္ပဏီ ၂၉ ခုမှာ မြဝတီထရေးဒင်း လီမိတက်၊ အဓိပတိ လယ်ယာထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေး လီမိတက်၊ မြဝတီဘဏ်၊ Myanmar Brewery၊ Myanmar Imperial Jade Co.,Ltd၊ ငွေပင်လယ်မွေးမြူရေးနှင့် ရေလုပ်ငန်း ကုမ္ပဏီလီမိတက်၊ Myanmar Ruby Enterprise (Gems & Jewellery) Co.,Ltd၊ ရွှေဂန္ဓမာ အင်တာနေရှင်နယ် ထရေးဒင်း ကုမ္ပဏီလီမိတက်၊ မဏိဘောဂ ကုမ္ပဏီလီမိတက်၊ ဗန္ဓုလ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ၊ Myanmar Land and Development Ltd၊ Lann Pyi Marine Co.,Ltd နဝဒေးဟိုတယ်နှင့် ခရီးသွားလုပ်ငန်း လီမိတက်၊ မြန်မာ့ကြယ်ငါးပွင့် သဘောင်္လုပ်ငန်း လီမိတက်၊ မြဝတီ စိုက်ပျိုးရေး ဝန်ဆောင်မှုလုပ်ငန်း ကုမ္ပဏီ၊ အောင်သစ္စာဦး ကုမ္ပဏီလီမိတက်၊ Myawaddy Travels & Tours Co.,Ltd၊ Berger Paint Manufacturing Ltd၊ Myanmar Rubber Wood Co.,Ltd၊ ဟံသာဝတီဂေါက်ကွင်းနှင့် မြို့တော်အသင်းလီမိတက်၊ Myanmar Innoline Co.,Ltd၊ Virginia Tobacco Co.,Ltd၊ Myanmar POSCO Steel Col,Ltd၊ Myanmar POSCO C& C Co.,Ltd၊ Myanmar Wise – Pacific Apparel Yangon Co.,Ltd၊ Myanmar Inno International Ltd၊ The First Automotive Co.,Ltd၊ ဆင်မင်းဘိလပ်မြေ စက်မှုလက်မှုလုပ်ငန်း ကုမ္ပဏီလီမိတက်နှင့် ရမ္မာမော်တော်ယာဉ် ထုတ်လုပ်ရောင်းချရေး ကုမ္ပဏီလီမိတက် တို့ဖြစ်သည်။              

မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ကို ၁၉၉၀ ပြည့်နှစ် ဧပြီ ၂၇ ရက်တွင် အများပိုင် ကုမ္ပဏီအဖြစ် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ‘က’ အစုရှယ်ယာရှင်အဖြစ် ကာကွယ်ရေး ဝန်ကြီးဌာနနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)၊ ပစ္စည်းဝယ်ယူမှု ညွှန်ကြားရေးမှူးရုံးတို့မှ ထည့်ဝင်ပြီး ‘ခ’ အစုရှယ်ယာရှင်အဖြစ် စစ်မှုထမ်းများ၊ စစ်မှုထမ်းဟောင်းများ၊ တပ်ရင်း/တပ်ဖွဲ့များနှင့် စစ်မှုထမ်းဟောင်း အဖွဲ့များမှ ထည့်ဝင်ခဲ့ပြီး ‘က’ အစုရှင်၏ ရှယ်ယာများကို ‘ခ’ အစုရှယ်ယာရှင်သို့ လွှဲပြောင်းခွင့်နှင့်  ၁၉၅၀ ပြည့်နှစ် အထူးကုမ္ပဏီ အက်ဥပဒေနှင့် ၁၉၁၄ ခုနှစ် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေတို့နှင့် အညီအဖြစ် အထူးကုမ္ပဏီအဖြစ် ဖွဲ့စည်းပေးခဲ့သော မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ကို ၁၉၁၄ ခုနှစ် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေအရ ဖွဲ့စည်းထားသော ကုမ္ပဏီအဖြစ် အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ် ၉၀/၂၀၁၆ ဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။


READ NEXT
Cancel OK