Top News

မသိနားမလည်မှုနှင့် ဝေဖန်ပိုင်းခြားမှု
24htopnews | July 8, 2024 9:12 AM CST

ဗဟုသုတ နည်းပါးခြင်းသည် မသိနားမလည်မှုကို ဖြစ်စေ၏။ မသိနားမလည်မှု အမျိုးအစား သုံးမျိုးရှိသည်။ ယင်းတို့မှာ အချက်အလက်ဆိုင်ရာ မသိနားမလည်မှု၊ အရာဝတ္ထုဆိုင်ရာ မသိနားမလည်မှုနှင့် နည်းစနစ်ဆိုင်ရာ မသိနားမလည်မှုတို့ ဖြစ်ကြသည်။ လူအချို့သည် လေ့လာသင်ယူမှုနှင့် ဖွံ့ဖြိုးမှုတို့အတွက် အချိန်နှင့် အားထုတ်မှုတို့ကို ရင်း နှီးမြှုပ်နှံလေ့မရှိကြပေ။ လူတစ်ဦး၏ ဘဝမှနေ၍ မသိနားမလည်မှုကို လုံးဝဥဿုံ ဖယ်ရှား ပစ်ရေးသည် မဖြစ်နိုင်သည့် အလုပ်ဟုပင် ဆိုနိုင်သည်။ သို့သော် မသိနားမလည်မှု ချောက်ကမ်းပါးကို ကျဉ်းသွားအောင် ပြုလုပ်ခြင်းသည် လူတစ်ဦး၏ ရေရှည်ဘဝအတွက်   အကျိုး ဖြစ်ထွန်းစေနိုင်သည်။

မသိနားမလည်သူတစ်ဦးသည် အထူးသဖြင့် မိမိကိုယ်မိမိ မသိနားမလည်ကြောင်း  ယုံကြည်လက်ခံမှု မရှိပါက ယင်းမသိနားမလည်မှုက လေ့လာသင်ယူမှု၌ အခက်တွေ့ စေသည်။ မိမိကိုယ်မိမိ သိနိုင်စွမ်းရှိသူဟု မှားယွင်းစွာ ယုံကြည်သူတစ်ဦးသည် မိမိတို့၏ ယုံကြည်ထားမှုများကို မှန်မမှန် စိစစ်ရှင်းလင်းရန် မကြိုးစားတော့ဘဲ မသိနားမလည်သည့် အနေအထားအပေါ်၌သာ လုံးလုံးလျားလျား အားပြုနေတော့၏။ ထိုသူတို့သည် တစ်စုံ တစ်ရာ၏ အရေးကြီးမှုကို သိမြင်ခြင်းမရှိသကဲ့သို့ ယင်းကို နားလည်ခြင်းလည်း မရှိ သောကြောင့်  ယင်းတစ်စုံတစ်ရာသည် ခိုင်မာသော်လည်း ၎င်းယုံကြည်ထားမှုနှင့် ဆန့်ကျင် ပါက  ငြင်းဆန်ပယ်ချလိုက်တော့သည်။ လူတို့အနေဖြင့် အဘယ့်ကြောင့် သိမှုကို ရရှိနိုင်စွမ်း မရှိရသနည်းဟူသည့် အချက်အတွက် အခြားအကြောင်းတရားတစ်ရပ်မှာ ပညာရေးကို လက်ခံရရှိနိုင်စွမ်း မရှိခြင်းဖြစ်သည်။ ကမ္ဘာကြီး၏ အချို့သော အစိတ်အပိုင်းများတွင် ပညာရေးအခြေခံအဆောက်အအုံသည် လုံလောက်မှု မရှိသောကြောင့် လူတို့အနေဖြင့် အသိဉာဏ် ဗဟုသုတကို ရှာဖွေနိုင်စွမ်း မရှိကြပေ။

မသိနားမလည်မှုမှသည် ဝေဖန်ပိုင်းခြားနိုင်စွမ်း မရှိခြင်းဆီသို့ ဦးတည်သွားသည်။ လူတစ်ဦး၏ ဝေဖန်ပိုင်းခြားနိုင်စွမ်း မရှိခြင်းက ထိုသူကိုယ်တိုင်အပြင် သူနှင့် သက်ဆိုင်သည့် လူ့အဖွဲ့အစည်းတစ်ရပ်လုံးအတွက်ပါ ကြီးမားသော ဆိုးကျိုးသက်ရောက်မှုများကို ဖြစ်စေသည်။ ဝေဖန်ဝေဖန်ပိုင်းခြားခြင်းသည် ကောက်ချက်တစ်ရပ် ဖွဲ့စည်းရန်အတွက် အချက် အလက်များကို သုံးသပ်စစ်ဆေးခြင်း ဖြစ်သည်။ ယေဘုယျသဘောအရ ဝေဖန်ပိုင်းခြားခြင်း၌ အချက်အလက် အထောက်အထားများနှင့်ပတ်သက်၍ ကျိုးကြောင်းဆီလျော်သော၊  သံသယထားရှိသော၊ ဘက်မလိုက်သော သုံးသပ်မှု သို့မဟုတ် အကဲဖြတ်မှု ပါဝင်သည်။ ဝေဖန်ပိုင်းခြားခြင်းသည် မိမိဘာသာ ညွှန်ကြားသော၊ မိမိဘာသာ စည်းမျဉ်းချမှတ်သော၊ မိမိဘာသာ ကြီးကြပ်သော၊ မိမိဘာသာ အမှားပြင်ဆင်သော တွေးခေါ်မှုလုပ်ငန်းစဉ် ဖြစ်သည်။ အကောင်းဆုံးဖြစ်မှုနှင့် ပတ်သက်သော တင်းကျပ်သည့် စံနှုန်းများ၊ ယင်းစံနှုန်း များကို အသုံးပြုမှုနှင့်ပတ်သက်၍ သတိကြီးသော ကြီးကြပ်ထိန်းချုပ်မှုများနှင့် ကိုက်ညီရန် တင်ကူးကြံဆထားချက်များ ရှိသည်။ ဝေဖန်ပိုင်းခြားခြင်းသည် ထိရောက်သော ဆက်ဆံရေး နှင့် ပြဿနာဖြေရှင်းနိုင်စွမ်းတို့နှင့် အကျုံးဝင်သည့်အပြင် မိမိကိုယ်ကိုယ်သာ ဗဟိုပြုသော ဇာတိစိတ်နှင့် လူမှုရေးဗဟိုပြုစိတ်တို့အား ကျော်လွှားနိုင်စေသည်။ ဝေဖန်ပိုင်းခြားခြင်း ရှိသူသည် အနေအထားတစ်ရပ်ကို ရွေးချယ်လက်ခံရန်အတွက် ကျိုးကြောင်း ဆီလျော်သော အကြောင်းတရားများကို တင်ပြနိုင်ပြီး အဆိုပြုထားသော မှားယွင်းသည့်အကြောင်း တရားများကို မမှန်ကန်ကြောင်း ဖွင့်ချပြနိုင်သည်။

ဝေဖန်ပိုင်းခြားခြင်းတွင် ပါဝင်သည့် အဓိကကျွမ်းကျင်မှုများကို ယခုကဲ့သို့ သတ် မှတ်ထားသည်။ (၁) စိစစ်ခြင်း - တစ်စုံတစ်ရာကို စစ်ဆေးစမ်းသပ်ပြီး အဓိပ္ပာယ်ကိုလည်း ကောင်း၊ မည်သည်ကို ကိုယ်စားပြုသည်ကိုလည်းကောင်း သုံးသပ်နိုင်စွမ်းကို ဆိုလိုသည်။ (၂) အလွယ်တကူ နားလည်အောင် ရှင်းလင်းနိုင်ခြင်း - အချက်အလက်များကို ပြန်လည် ဖော်ပြနိုင်ရုံသာမက နားလည်ရလွယ်ကူသော နည်းလမ်းဖြင့် ဖော်ပြနိုင်ခြင်း ဖြစ်သည်။ (၃) အကဲဖြတ်ခြင်း - စိတ်ကူးထည်တစ်ခု၏ ခိုင်မာမှုကို ဆုံးဖြတ်နိုင်စွမ်း ဖြစ်သည်။ (၄) ရှင်းပြခြင်း - ဖော်ပြထားသည့် အချက်အလက်ကို ရှင်းလင်းအောင် ပြုလုပ်နိုင်သည့်အပြင် ယင်းအချက်အလက်ထဲသို့ ကိုယ်ပိုင်အမြင်ကိုပင် ပေါင်းထည့်နိုင်စွမ်း ဖြစ်သည်။ (၅) ကောက်ချက်ချခြင်း - ပေးထားသည့် အချက်အလက်အပေါ် အခြေခံလျက် ကောက်ချက် များ ဆွဲယူနိုင်စွမ်း ဖြစ်သည်။ (၆) ဖွင့်ဆိုပြခြင်း - ယင်းသည် အချက်အလက်များနှင့် ပတ် သက်၍ နားလည်နိုင်စွမ်း ဖြစ်သည်။ သက်ဆိုင်ရာ ပရိသတ်အတွက် အချက်များ၏ အဓိ ပ္ပာယ်ကို ပုံစံတစ်ရပ်အတွင်း ဆက်သွယ် ပြောဆိုနိုင်စွမ်း ဖြစ်သည်။ (၇) ဆုံးဖြတ်ချက်ချခြင်း - အကဲဖြတ်ခြင်းကဲ့သို့ပင် ဆုံးဖြတ်ချက်ချခြင်းသည် စိတ်ကူးထည်တစ်ရပ် သို့မဟုတ် အ ချက်အလက် အစိတ်အပိုင်းတစ်ရပ်နှင့် ပတ်သက်၍ ကိုင်တွယ်ဆောင်ရွက်နိုင်စွမ်း ဖြစ် သည်။ (၈) ဓမ္မဓိဋ္ဌာန်ကျခြင်း - စိတ်ကူးထည်ကို ဘက်လိုက်မှုများမပါဘဲ မျှတစွာ အကဲ ဖြတ်နိုင်စွမ်း ဖြစ်သည်။ (၉) ပြဿနာကို ဖြေရှင်းခြင်း - အရေးပါသော ကျွမ်းကျင်မှု တစ်ရပ်ဖြစ်ပြီး ပြဿနာတစ်ရပ်ကို စိစစ်ခြင်း၊ ဖြေရှင်းမှုတစ်ရပ်ကို ဖော်ထုတ်ခြင်းနှင့် အ ကောင်အထည်ဖော်ခြင်းတို့အပြင် အစီအစဉ်ကို အသုံးပြုနိုင်ခြင်း ပါဝင်သည်။ (၁၀) ဆင်ခြင်ခြင်း - မေးခွန်းတစ်ရပ် သို့မဟုတ် ပြဿနာတစ်ရပ်နှင့် ပတ်သက်၍ ယုတ္တိဗေဒ နည်းကျ တွေးခေါ်နိုင်စွမ်း ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ လူတစ်ဦး၏ မသိနားမလည်မှုနှင့် ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိမှု တို့သည် ထိုသူကိုယ်တိုင်အပြင် သူနှင့် သက်ဆိုင်သည့် လူ့အဖွဲ့အစည်းတစ်ရပ်လုံးအတွက်ပါ ကြီးမားသော ဆိုးကျိုးသက်ရောက်မှုများ ဖြစ်စေနိုင်သည်ကို သတိပြုရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

ဒီဇင်ဘာ ၂၀ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်


READ NEXT
Cancel OK