လူနှစ်ဦးက တူညီသည့် အရာဝတ္ထုကိုပင် ကြည့်ကြသည်။ သို့သော် ပြန်လည်ဖွင့်ဆိုပုံချင်း ခြားနား၏။ ယင်းမှာ ရှုထောင့်ကွဲပြားခြင်းကြောင့်ပင်ဖြစ်၏။ ဒဿနိကဗေဒတွင် ရှုထောင့်သည် ရှုမြင်ပုံ သို့မဟုတ် တွေးတောပုံနှင့် သက်ဆိုင်သော သဘောထား တစ်ရပ်ဖြစ်၏။ “ကျွန်တော့်ရဲ့ ကိုယ်ပိုင်အမြင်အရကတော့ ...” စသဖြင့် ဆိုတတ်ကြသည်။ ယင်းတွင် အဓိပ္ပာယ်အရ ‘ရှုထောင့်’ (Point of View) ဟူသည် ‘သဘောထားအမြင် (Perspective) နှင့် အနက်တူ စကားလုံးပင်ဖြစ်သည်။ ယင်းအသုံးအနှုန်းကို ၁၇၆၀ ခုနှစ်က စတင်သုံးစွဲခဲ့သည် ဟူသည့် အထောက်အထားများရှိသည်။ Point of View ဟူသည့် သဘောတရားသည် အမှန်တကယ်၌ အဓိပ္ပာယ် အမျိုးမျိုးဆောင်ပြီး ဒွိဟသဘောလည်း သက်ရောက်နေသည်။ များစွာသော အရာတို့ကို တစ်သီးပုဂ္ဂလဆန်သော၊ အစဉ်လာအတိုင်းဖြစ်သော၊ ကိုယ်ကျင့်တရားနှင့်ဆိုင်သော ရှုထောင့်များမှနေ၍ အကဲဖြတ်လေ့ရှိ တတ်ကြသည်။ ‘‘အလှတရားသည် ကြည့်သူနှင့်သာ ဆိုင်သည်” ဟူသည့် သဘောပင်။ အရှိတရားနှင့် ပတ်သက်သည့် လူသားတို့၏ သိမှုသည် သက်ဆိုင်ရာ ရှုထောင့်တစ်ရပ်ရပ်နှင့် ဆက်နွှယ်နေလျက် ရှိနေတတ်သည်။
Vazquez Campos နှင့် Manuel Liz Gutierrez တို့သည် Point of View ဟူသည့် သဘောတရားကို ချဉ်းကပ်ပုံနှစ်ရပ်ကို အသုံးပြုလျက် သုံးသပ်လေ့လာခဲ့ကြသည်။ ချဉ်းကပ်ပုံတစ်ရပ်သည် ‘‘ကြိုတင်ရှိနှင့်နေပြီးသား သဘောထား” ပေါ် အခြေပြုပြီး အခြားချဉ်း ကပ်ပုံမှာမူ ‘‘ရပ်တည်ရာနှင့် ရှုမြင်ရာ သဘောတရား” ကို အခြေပြုသည်။ Vazquez Campos နှင့် Manuel Liz Gutierrez တို့သည် ၎င်းတို့၏ စာတမ်းဖြစ်သည့် The Notion of Point of View တွင် ယင်းသဘောတရား၏ ဖွဲ့စည်းပုံအပေါ် ပြီးပြည့်စုံသည့် သုံးသပ်လေ့လာမှုများ ပြုလုပ်ပြခဲ့သည်။
ကြိုတင်ရှိနှင့်နေပြီးသား သဘောထား - ရှုထောင့်တစ်ရပ်၏ အတွင်းပိုင်း ဖွဲ့စည်းပုံသည် ကြိုတင်နေရာယူထားပြီးသား သဘောထားသာ ဖြစ်နေတတ်သည်။ တစ်စုံတစ်ရာအပေါ် ယုံကြည်သက်ဝင်ခြင်း၊ တစ်စုံတစ်ရာကို လိုလားခြင်း၊ တစ်စုံတစ်ရာကို တွေးထင်ထားခြင်းနှင့် တစ်စုံတစ်ရာကို အမှတ်ရခြင်းတို့ ကဲ့သို့သော အရာများက စိတ်ကို လွှမ်းမိုးချုပ်ကိုင်ထားမှုသည် အဆိုပြုချက် တစ်ရပ်ဆီသို့ ဦးတည်သွားစေသည့် သဘောဖြစ်သည်။ Vazquez Campos နှင့် Manuel Liz Gutierrez တို့က ယင်းရှုထောင့်များကို ကြိုတင်ရှိနှင့်နေပြီးသား သဘောထား အစုံစုံဖြင့် ဖွဲ့စည်းထားမှုအဖြစ် ရှုမြင်နိုင်ကြောင်း ထောက်ပြခဲ့ကြသည်။ ၎င်းတို့သည် Christopher Peacocke ၏ ‘‘အာရုံခံမှုနှင့် အကြောင်းအရာ (Sense and Content) အပေါ် ကောက်ချက်ဆွဲယူထားခြင်း ဖြစ်သည်။ ယင်းချဉ်းကပ်ပုံအတွင်း၌ လူတစ်ဦးသည် တစ်သီးပုဂ္ဂလ လူသားနှင့် အသားတင်ရှုထောင့်၊ ပုဂ္ဂိုလ်ရေးဆန်ခြင်းနှင့် မဆန်ခြင်း၊ သဘောတရားဆန်ခြင်းနှင့် မဆန်ခြင်းတို့ ကဲ့သို့သော ခြားနားချက် အမျိုးမျိုးနှင့် သက်ဆိုင်သည့် ယထာဘူတကျမှုဆိုင်ရာ အမျိုးအစားများကို တွက်ဆကြည့်တတ် ကြသည်။
ရပ်တည်ရာနှင့် ရှုမြင်ရာသဘောတရား - ကြိုတင်ရှိနှင့်နေပြီးသား သဘောထားက ရှုထောင့်တစ်ရပ်အား အတွင်းပိုင်းကျကျ ချဉ်းကပ်သော်လည်း ရပ်တည်ရာနှင့် ရှုမြင်ရာ သဘောတရားသည် ရှုထောင့်တစ်ရပ်၏ အပြင်ပန်းဆိုင်ရာနှင့် အခန်းကဏ္ဍကို ချဉ်းကပ်သည်။ Liz Gutierrez ၏ ‘‘ရှုမြင်ရာ” ဟူသည့် စကားရပ်သည် ရှုထောင့် သို့မဟုတ် အမြင်များအနေဖြင့် ကမ္ဘာလောကကြီးနှင့် မိမိကိုယ်တိုင်အပေါ် ရှုမြင်ပုံနည်းလမ်းကို ရည်ညွှန်းပြီး ‘‘ရပ်တည်ရာ” ဟူသည့် စကားရပ်သည် Jon Moline ၏ အဆိုဖြစ်သော ‘‘ရှုထောင့်များသည် သက်ဆိုင်ရာ ရပ်တည်ရာ နေရာများမှနေ၍ အရာဝတ္ထုများနှင့် ဖြစ်ရပ်များကို ရှုမြင်ပုံနည်းလမ်းများ ဖြစ်ကြသည်” ဟူသည့် အဆိုကို ကိုယ်စားပြုသည်။ Moline က ရှုထောင့်များကို သီအိုရီအချို့၊ နီတိအချို့ သို့မဟုတ် တရားသေ ယူဆချက်အချို့တို့အပေါ် အခြေခံသည့် စည်းမျဉ်းအချို့အဖြစ် ချုံ့ပစ်နိုင်သည် ဟူသည့် အဆိုကို ပယ်ချခဲ့သည်။ Moline က ‘‘ရပ်တည်ရာ” ဟူသည့် သဘောတရားကို နည်းလမ်းနှစ်ရပ်ဖြင့် သတ်မှတ်ခဲ့သည်။ တိုက်ရိုက်နည်းလမ်းအဖြစ် ‘‘ရပ်တည်ကြည့်မြင်ရာ နေရာ” အဖြစ် သတ်မှတ်ပြီး ချဲ့ထွင်ထားသည့် နည်းလမ်းအဖြစ် ‘‘အမြင်တစ်ရပ်ကို ဖြစ်ပေါ်စေသည့် (တွေးမြင်ယူဆချက်အပေါ် သြဇာလွှမ်းမိုးသည့်) ရပ်တည်ရာ” အဖြစ် သတ်မှတ်ခဲ့သည်။
မည်သို့ပင်ဆိုစေ၊ ကြိုတင်ရှိနှင့်နေပြီးသား သဘောထားများသည် လည်းကောင်း၊ ရပ်တည်ရာနှင့် ရှုမြင်ရာတို့သည် လည်းကောင်း ကွဲပြားခြားနားသည့် ရှုထောင့်များကို ဖြစ်ပေါ်စေနိုင်သည်သာ ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
ဒီဇင်ဘာ ၂၂ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်
-
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ငါးခုတွင် ရာသီဥတု ပြောင်းလဲမှုများနှင့် မြေဆီလွှာ တိုက်စားမှု လျှော့ချရန်အတွက် ရေဝေရေလဲ နေရာငယ်များတွင် ဒေသနှင့် ကိုက်ညီသည့်သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းမှု ပြုလုပ်
-
ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (LDC) တွင် မြန်မာနိုင်ငံသည် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အများဆုံး ရရှိခဲ့ပြီး မကြာမီ LDC စာရင်းဝင်နိုင်ငံအဖြစ်မှ လွတ်မြောက်တော့မည်ဟု ကုလသမဂ္ဂ အစီရင်ခံစာ၌ ဖော်ပြ
-
ဟေတီတွင် ရာဇဝတ်ဂိုဏ်းများနှင့် ဆက်နွှယ်သည့် အကြမ်းဖက်မှုများကြောင့် လူ ၂၀,၀၀၀ ကျော် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်
-
■ စီးရီးအေ ပွဲစဉ်(၆)၊ ဂျာမန်ဖလား ပထမအဆင့်နှင့် ပြင်သစ်လီဂူး ပွဲစဉ်(၆) ပွဲကြိုသုံးသပ်ချက်
-
■ ဟူစတန်ဒိုင်နမိုအသင်းနှင့် ယှဉ်ပြိုင်ရမည့် အင်တာမိုင်ယာမီအသင်း၏ US Open Cup ဗိုလ်လုပွဲကိုလည်း မက်ဆီ လွဲချော်ဖွယ်ရှိနေ