Top News

စီးပွားရေးကြီးထွားမှု၌ အားလုံးပါဝင်နိုင်ရေး
24htopnews | July 8, 2024 9:12 AM CST

စီးပွားရေးကြီးထွားမှုတွင် လူ့အဖွဲ့အစည်း၏ ကဏ္ဍအသီးသီး အနေဖြင့် အကျိုးကျေးဇူးများ ရရှိရေးနှင့်အတူ စီးပွားရေး၌ ပါဝင်သူများအတွက် တန်းတူညီမျှ အခွင့်အရေးများရရှိမှု တိုးတက်လာစေရေး သဘောတရားကို အားလုံးပါဝင်သော စီးပွားရေးကြီးထွားမှုဟု ခေါ်သည်။ ယင်းသဘောတရားသည် အစဉ်အလာ စီးပွားရေး ကြီးထွားမှု ပုံစံများတွင် ကျန်းမာရေး တန်းတူညီမျှမှုအပြင် လူသားအရင်းအနှီး၊ ပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး၊ လူမှုရေး ကာကွယ်စောင့်ရှောက်မှုနှင့် စားနပ်ရိက္ခာ လုံခြုံမှုတို့ ထည့်သွင်းလျက် ချဲ့ထွင်ထားခြင်း ဖြစ်သည်။

အားလုံးပါဝင်သော စီးပွားရေးကြီးထွားမှု အဓိပ္ပာယ် သတ်မှတ်ချက်သည် စီးပွားရေးနှင့် စီးပွားရေး ကြီးထွားမှုတို့နှင့် ပတ်သက်၍ မက်ခရို စီးပွားရေးနှင့် မိုက်ခရို စီးပွားရေးတို့အား ဆုံးဖြတ်သည့် အရာများအကြား တိုက်ရိုက် ဆက်နွှယ်မှုများကိုလည်း ရည်ညွှန်းသည်။ မိုက်ခရို စီးပွားရေး ဒိုင်မေးရှင်းသည် စီးပွားရေးမျိုးကွဲများ တည်ရှိမှုအတွက် ဖွဲ့စည်းပုံဆိုင်ရာ အသွင်ပြောင်းလဲမှု၏ အရေးပါပုံကို ရည်ညွှန်းပြီး မက်ခရို စီးပွားရေး ဒိုင်မေးရှင်းသည် ဂျီအန်ပီ သို့မဟုတ် ဂျီဒီပီနှင့် စုစုပေါင်း ထုတ်လုပ်နိုင်စွမ်းတို့ကဲ့သို့သော စီးပွားရေးဆိုင်ရာ စုစုပေါင်း ရလဒ်များ၌ ဖြစ်ပေါ်သော အပြောင်းအလဲများကို ရည်ညွှန်းသည်။

အားလုံးပါဝင်ခြင်းဟူသည် မျိုးကွဲ တည်ရှိမှုများနှင့် ပတ်သက်၍ ပြောဆိုရာ၌ အရေး အကြီးဆုံး စကားလုံးတစ်ခုဖြစ်သည်။ သို့သော် အားလုံး ပါဝင်ခြင်းနှင့် ပတ်သက်၍ အသုံး အများဆုံး စကားလုံးမှာ အားလုံးပါဝင်သော စီးပွားရေး ကြီးထွားမှု ဖြစ်သည်။ အားလုံး ပါဝင်သော စီးပွားရေးကြီးထွားမှု၏ အခြေခံသဘောမှာ စီးပွားရေး အဆင့်အတန်း၊ ကျား/မ၊ မသန်စွမ်းခြင်းနှင့် ဘာသာရေး အစရှိသည်တို့နှင့် မဆိုင်ဘဲ စီးပွားရေးကြီးထွားမှု၌ လူတိုင်း ပါဝင်ရန် သေချာစေရေး ဖြစ်သည်။ အားလုံးပါဝင်သော စီးပွားရေး ကြီးထွားမှုသည် ရေရှည်အမြင်ဖြင့် ချဉ်းကပ်ခြင်းဖြစ်ပြီး ဖယ်ထုတ်ထားသော အုပ်စုများအတွက် ဝင်ငွေ တိုးတက်စေသည့် နည်းလမ်းအဖြစ် ဝင်ငွေတိုက်ရိုက်ပြန်လည် ခွဲဝေချထားခြင်းထက်စာလျှင် ထုတ်လုပ်မှုရှိသော အလုပ်အကိုင်အပေါ် အဓိကထားသည်။

ထို့ကြောင့် အားလုံးပါဝင်မှုရှိသော စီးပွားရေးကြီးထွားမှုသည် ဖွံ့ဖြိုးရေးနှင့် ပတ်သက်သည့် ရေရှည်အမြင် တစ်ရပ်ဖြင့် ချဉ်းကပ်သည်။ ကမ္ဘာ့ဘဏ်၏ အဆိုအရ စီးပွားရေး ကြီးထွားမှု တစ်ရပ်သည် ရေရှည်ခိုင်မြဲနေပြီး နိုင်ငံလုပ်သား အင်အားစု၏ ကြီးမားသော အစိတ်အပိုင်း ပါဝင်မှုနှင့် ကဏ္ဍအသီးသီးအပေါ် ကျယ်ပြန့်စွာ အခြေပြုထားပါက ယင်း စီးပွားရေးကို အားလုံးပါဝင်သော စီးပွားရေးကြီးထွားမှုဟု ခေါ်ဆိုနိုင်ကြောင်း သိရသည်။ အားလုံးပါဝင်မှုဟူသည် လုပ်ငန်းစုများနှင့် လူပုဂ္ဂိုလ် တစ်ဦးချင်းတို့အတွက် စျေးကွက်များ၊ အရင်းအမြစ်များနှင့် ဘက်မလိုက်သော ကြီးကြပ်ရေး ဝန်းကျင်တို့အား အသုံးပြုရာ၌ အခွင့်အရေး တန်းတူညီမျှမှုရှိရေးပေါ်၌ မူတည်သည်။

စဉ်ဆက်မပြတ် စီးပွားရေး တိုးတက်မှု ရှိရန်အတွက် အားလုံးပါဝင်သော စီးပွားရေး ကြီးထွားမှု လိုအပ်သည်။ သို့သော် ယင်းကို ထိန်းထားနိုင်ရန်မှာ တစ်ခါတစ်ရံ၌ ခက်ခဲနိုင် သည်။ အဘယ့်ကြောင့်ဆိုသော် စီးပွားရေး ကြီးထွားမှုက ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အဓိက ပြဿနာတစ်ရပ်ဖြစ်သည့် အဂတိလိုက်စားမှုများ မြင့်တက်လာခြင်း ကဲ့သို့သော အနုတ်လက္ခဏာ သဘောဆောင်သည့် ပြင်ပအခြင်းအရာများကို ပေါ်ပေါက်လာစေသောကြောင့် ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ အားလုံးပါဝင်မှုအပေါ် အဓိကထားခြင်း အထူးသဖြင့် စျေးကွက်များ၊ အရင်းအမြစ်များနှင့် ဘက်မလိုက်သော ကြီးကြပ်ရေး ဝန်းကျင်တို့အား အသုံးပြုရာ၌ အခွင့်အရေး တန်းတူညီမျှမှု ရှိခြင်းသည် အောင်မြင်သော စီးပွားရေး ကြီးထွားမှုဖြစ်ရန် မရှိမဖြစ် လိုအပ်သော အရာဖြစ်သည်။ အားလုံးပါဝင်သော စီးပွားရေးကြီးထွားမှုသည် ရေရှည်အမြင်တစ်ရပ်ဖြင့် ချဉ်းကပ်ပြီး ဆင်းရဲသူများနှင့် ဖယ်ထုတ်ခံထားရသော အုပ်စုများ၏ ဝင်ငွေတိုးတက်စေရန်နှင့် ၎င်းတို့၏ လူနေမှု အဆင့်အတန်းများ တိုးတက်စေရန် နည်းလမ်းအဖြစ် ထုတ်လုပ်မှုဆိုင်ရာ အလုပ်အကိုင်အပေါ် အဓိကထားသည်။

ထို့ကြောင့် နိုင်ငံ၏ စီးပွားရေး ကြီးထွားမှု တိုးတက်အောင် ပြုလုပ်ရန် လိုအပ်သည့်အပြင် အားလုံးပါဝင်သော စီးပွားရေး ကြီးထွားမှု ဖြစ်ရန်လည်း လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဒီဇင်ဘာ ၂၃ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်


READ NEXT
Cancel OK