ဒီမိုကရေစီစနစ်၌ အစိုးရသည် နိုင်ငံသားများအပေါ် တာဝန်ခံရသောကြောင့် ဆုံးဖြတ်ချက် မှန်သမျှသည် ပွင့်လင်းမြင်သာမှု ရှိရမည်ဖြစ်သည်။ ဒီမိုကရေစီ၌ ချမှတ်သည့် ဆုံးဖြတ်ချက်များအတွက် တာဝန်ယူရသည်။ ဆုံးဖြတ်ချက် မှားယွင်းခဲ့ပါက ချက်ချင်းပြန်လည် ပြင်ဆင်ရမည်မှာလည်း အစိုးရ၏ တာဝန်ဖြစ်သည်။
ပြည်သူများအတွက် ထိရောက်သော ဆောင်ရွက်မှုများကို ချပြနိုင်သည့် အစိုးရတစ်ရပ်သည် မိမိတို့၏ တာဝန်ဝတ္တရားများကို ကြန့်ကြာနှောင့်နှေးမှု မရှိဘဲ ဆောင်ရွက်တတ်ကြသည်။ ကောင်းမွန်စွာ ဖွဲ့စည်းတည်ဆောက်ထားခြင်း၊ ကဏ္ဍတိုင်းတွင် ကျွမ်းကျင်ပိုင်နိုင်ခြင်း၊ အကောင်းဆုံးသော ဖြေရှင်းဆောင်ရွက်ပုံ နည်းလမ်းဖြင့် အုပ်ချုပ်နိုင်ခြင်းတို့သည် ပြည်သူတို့ သဘောကျ နှစ်ခြိုက်သော အစိုးရတစ်ရပ်၏ လုပ်ဆောင်ပုံများပင်ဖြစ်သည်။ နိုင်ငံသားတို့အတွက် ကောင်းကျိုးရှိသော စီမံကိန်းများကိုသာ အကောင်အထည်ဖော်၍ မိမိတို့ချမှတ်ခဲ့ သော လမ်းစဉ်များ၊ စီမံကိန်းများနှင့်ဆောင်ရွက်ချက်တို့အပေါ် တာဝန်ယူနိုင်သော အစိုးရ တစ်ရပ်သည် နိုင်ငံသားများအတွက် ကောင်းမွန်သောသမိုင်းတစ်ခုကို ဖန်တီးပုံဖော် ပေးနိုင်သည်။ အစိုးရတစ်ရပ်အနေဖြင့် ကျွမ်းကျင်မှု၊ ထိရောက်မှု၊ တာဝန်ခံမှု၊ တာဝန်ယူနိုင်မှု လိုလိုလားလား တု့ံပြန်တတ်မှုနှင့် တရားဝင်မှုစသည့် ၀ိသေသများရှိသင့်ပြီး တရားဥပဒေနှင့် အညီ အုပ်ချုပ်ကာ နိုင်ငံသားများ အားလုံးအပေါ် တစ်ပြေးညီရှိသော ဥပဒေကျင့်သုံး ဆောင်ရွက်တတ်ရန်သည် အရေးကြီးပေသည်။
ကောင်းသောအုပ်ချုပ်ရေးတစ်ရပ်ကို ထိန်းသိမ်းရာ၌ တာဝန်ခံမှုရှိခြင်းသည် အလွန် အရေးကြီးသည့် သဘောတရားတစ်ရပ် ဖြစ်လာသည်။ တာဝန်ခံမှုရှိခြင်းကို အရိုးရှင်းဆုံး အဓိပ္ပာယ်ဖွင့်ဆိုရလျှင် လူပုဂ္ဂိုလ်တစ်ဦးအနေဖြင့် မိမိယူထားသည့် လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ လုပ်ဆောင်ချက်များအတွက် ပြန်လည်ဖြေကြားနိုင်စွမ်း ရှိခြင်းပင်ဖြစ်သည်။ မိမိယူထားရသည့် တာဝန်သည် စီမံကိန်းတစ်ရပ်အတွက် သင့်တော်သူများကို ရွေးချယ်ပေးရခြင်းဖြစ်ပါက တာဝန်ခံမှု၌ ရွေးချယ်မှုကို သတ်မှတ်ချက်များ အသုံးပြုမှုနှင့်အညီ ဆောင်ရွက်ခဲ့ခြင်း ရှိမရှိ၊ သတ်မှတ်ထားသည့် ဘတ်ဂျက်အတွင်း အချိန်မီ လုပ်ငန်းစဉ်များကို လုပ်ဆောင်နိုင်ခြင်း ရှိမရှိ အစရှိသည်တို့ ပါဝင်သည်။ ထို့ကြောင့် တာဝန်ခံမှု၌ လုပ်ဆောင်ရ မည့် တာဝန်ဝတ္တရားဆိုင်ရာရှင်းလင်းသော သတ်မှတ်ချက်၊ အချိန်မူဘောင်နှင့် လုပ်ငန်း ဆောင်ရွက်ရန် ရရှိနိုင်သော ဘတ်ဂျက်တို့ ပါဝင်သည်။ ၎င်းအပြင် ယင်းလုပ်ငန်းတာဝန် များနှင့် ပတ်သက်သော လုပ်ဆောင်ချက်များအတွက် တာဝန်ယူမှုနှင့် ပတ်သက်၍ ရှင်း ရှင်းလင်းလင်း ဖြစ်ရန်လည်း အရေးကြီးသည်။ တာဝန်ယူသော သက်ဆိုင်ရာ ပုဂ္ဂိုလ်များ၌ လိုအပ်သော အရည်အချင်းများ ရှိ မရှိနှင့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန် ရင်းမြစ် များ လုံလောက်မှု ရှိ မရှိ အစရှိသည်တို့သည်လည်း အရေးကြီးသည်။
ထို့ပြင် ဥပဒေစိုးမိုးမှုတွင်လည်း အစိုးရအနေဖြင့် ပုဂ္ဂိုလ်တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်း တစ်ခုချင်း အပေါ်တွင်ဖြစ်စေ အထူးအခွင့်အရေး မပေးဘဲ တစ်ပြေးညီ ဆက်ဆံ၍ လုပ်ဆောင်ခြင်းပင် ဖြစ်သည်။ တရားဥပဒေ စိုးမိုးရေးအတွက် ဘက်လိုက်မှုကင်းသော ဥပဒေများဖြစ်ရေးသည် အရေးကြီးသည်။ မည်သို့သော ဆောင်ရွက်ချက်များတွင်မဆို အစိုးရအနေဖြင့် တရားမျှတသော ဥပဒေများကို အခြေခံ၍ ပွင့်လင်းမြင်သာစွာ လုပ်ဆောင်နိုင်ခြင်းသည် တရားဥပဒေ စိုးမိုးရေးကို ဖြစ်ထွန်းစေသည်။ တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေသော အကြောင်းတရားများတွင် အဂတိသည် အဓိကပင်ဖြစ်သည်။ အဂတိနည်းသော အဖွဲ့အစည်းတစ်ရပ်၊ နိုင်ငံတစ်ခုတွင် တရားဥပဒေ စိုးမိုးရေး အားကောင်းပေလိမ့်မည်။ အဂတိလိုက်စားမှုများသောနိုင်ငံတွင် တရားဥပဒေစိုးမိုးရေး ပျက်ပြားနေသည်ကို တွေ့ရပေလိမ့်မည်။ အာဏာရပုဂ္ဂိုလ်တို့၏ အဂတိသည် ပိုမို၍ ကြောက်စရာကောင်းသည်။ လူ့အဖွဲ့အစည်းနှင့် နိုင်ငံကို ပိုမို၍ သက်ရောက်စေသည်။ ကိုယ်ကျိုးအတွက် နိုင်ငံတော်၏ အခွင့် အာဏာနှင့် အရင်းအမြစ်များကို အလွဲအသုံးပြုသော အဂတိလိုက်စားမှုသည် အကြီးမားဆုံးသော တရားဥပဒေ ချိုးဖောက်မှု တစ်ရပ်ပင်ဖြစ်သည်။ ထို့ကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွင် အာဏာပိုင်အဖွဲ့အစည်းများ၊ အာဏာရပုဂ္ဂိုလ်များ၏ အဂတိကို ပိုမို၍ သတိပြုကိုင်တွယ် ရှင်းလင်းရန် လိုအပ်ခြင်းဖြစ်သည်။
သို့ဖြစ်ရာ မည်သည့်အစိုးရမျိုးမဆို ပြည်သူများ၏ ကောင်းကျိုးချမ်းသာကို ရှေးရှုရမည်ဖြစ်ပြီး မိမိတို့ တာဝန်ရယူစဉ် တိုင်းပြည်အတွက် ကြီးမားသော အမှားများ မရှိစေရန်နှင့် ဒီမိုကရေစီအုပ်ချုပ်မှု ယန္တရား မပျက်စေရန် ကြိုးစားလုပ်ဆောင် သင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
ဒီဇင်ဘာ ၂၄ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်
-
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ငါးခုတွင် ရာသီဥတု ပြောင်းလဲမှုများနှင့် မြေဆီလွှာ တိုက်စားမှု လျှော့ချရန်အတွက် ရေဝေရေလဲ နေရာငယ်များတွင် ဒေသနှင့် ကိုက်ညီသည့်သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းမှု ပြုလုပ်
-
ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (LDC) တွင် မြန်မာနိုင်ငံသည် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အများဆုံး ရရှိခဲ့ပြီး မကြာမီ LDC စာရင်းဝင်နိုင်ငံအဖြစ်မှ လွတ်မြောက်တော့မည်ဟု ကုလသမဂ္ဂ အစီရင်ခံစာ၌ ဖော်ပြ
-
ဟေတီတွင် ရာဇဝတ်ဂိုဏ်းများနှင့် ဆက်နွှယ်သည့် အကြမ်းဖက်မှုများကြောင့် လူ ၂၀,၀၀၀ ကျော် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်
-
■ စီးရီးအေ ပွဲစဉ်(၆)၊ ဂျာမန်ဖလား ပထမအဆင့်နှင့် ပြင်သစ်လီဂူး ပွဲစဉ်(၆) ပွဲကြိုသုံးသပ်ချက်
-
■ ဟူစတန်ဒိုင်နမိုအသင်းနှင့် ယှဉ်ပြိုင်ရမည့် အင်တာမိုင်ယာမီအသင်း၏ US Open Cup ဗိုလ်လုပွဲကိုလည်း မက်ဆီ လွဲချော်ဖွယ်ရှိနေ