Top News

ဒီမိုကရေစီသမားများသည် အကြိမ်းအမောင်း၊ အခြိမ်းအခြောက်၊ အတိုက်အခိုက်ခံရမည်ဖြစ်ပြီး မည်သူတရားပျက်ပျက် ကိုယ်မပျက်ကြရန် သမ္မတဦးဝင်းမြင့် Facebook ၌ ရေးသား
24htopnews | July 5, 2024 12:13 PM CST

ဒီမိုကရေစီသမားများသည် အကြိမ်းအမောင်း၊ အခြိမ်းအခြောက်၊ အတိုက်အခိုက်ခံရမည်ဖြစ်ပြီး မည်သူတရားပျက်ပျက် ကိုယ်မပျက်ကြရန် နိုင်ငံတော်သမ္မတဦးဝင်းမြင့် Facebook ၌ ရေးသား ပြောကြားသည်။

သမ္မတဦးဝင်းမြင့်က ၎င်းအသုံးပြုနေသည့် U Win Myint Facebook Page တွင် နိုဝင်ဘာ ၅ ရက်က ရေးသားမှု၌ ထိုသို့ထည့်သွင်းရေးသားပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီ အခြေခံအုတ်မြစ် ခိုင်မာတောင့်တင်းအောင် ကြိုးပမ်းကြရပါမယ်။ ဒီမိုကရေစီကျင့်စဉ်နဲ့အညီ အုပ်ချုပ်တဲ့ ပြည်သူ့အစိုးရပေါ်ထွန်းအောင် လုံးပမ်းကြရပါမယ်။ ဒီလိုဆောင်ရွက်ကြတဲ့အခါ ဒီမိုကရေစီသမားတွေဟာ အကြိမ်းအမောင်း ခံရင်ခံရမယ်။ အခြိမ်းအခြောက် ခံရင်ခံရမယ်။ ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ကြပါနဲ့။ ကိုယ့်ဘက်က ဒီမိုကရေစီသမားပီသစွာ တရားဥပေဒနဲ့အညီ ပြောဆိုပြုမူလုပ်ကိုင်ဆောင်ရွက်ကြပါ။ ဒီမိုကရေစီနဲ့ထိုက်တန်တဲ့ နိုင်ငံ့သားကောင်းဖြစ်ကြောင်း တိုင်းပြည်ကသိအောင် ပြသကြပါ။ နိုင်ငံတစ်ဝန်း NLD ဒေါင်းအလံတလူလူလွှင့်နိုင်ပြီး ဒေါင်းတေးသံတွေ ပျံ့လွင့်နိုင်အောင် အင်တိုက်အားတိုက် မဲပေးကြပါခင်ဗျား” ဟု သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

၂၁ ရာစုခေတ်တွင် စစ်မှန်သည့်ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများဆီသို့ ဦးတည်နေပြီဖြစ်ကြောင်း၊ ခေတ်ကာလအခြေအနေအရ သမိုင်း၏ တောင်းဆိုချက်ကို မည်သူတစ်ဦးတစ်ယောက် တစ်စုတစ်ဖွဲ့ကမျှ တားဆီးခြင်းငှာ မစွမ်းသာကြောင်း သမ္မတဦးဝင်းမြင့်က နိုဝင်ဘာ ၄ ရက်တွင်လည်း ၎င်း၏ Facebook Page ၌ပင် ရေးသားခဲ့သည်။

“အမိမြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာဝပြောရေးအတွက် စစ်မှန်တဲ့ ဒီမိုကရေစီစနစ်မှတစ်ပါး အခြားရွေးချယ်စရာ မရှိပါ။ ကိုယ်ကျရာကဏ္ဍကနေ ကိုယ့်တာဝန်ကိုကိုယ်ကျေပွန်အောင် လုပ်ခြင်းကသာ ကိုယ့်ရဲ့ ဂုဏ်သိက္ခာဖြစ်ပါတယ်။ ဒါကြောင့် လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲကို တည်ငြိမ်အေးချမ်းစွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင် မိဘပြည်သူများက မျက်ခြည်ပြတ်မခံဘဲ ၀ိုင်းဝန်းကာကွယ် စောင့်ရှောက်ပေးကြပါရန်” ဟု သမ္မတဦးဝင်းမြင့်က ပြောကြားသည်။

ထို့အတူ ဒီမိုကရေစီရှင်သန်ရေးအတွက် NLD ပါတီကို မဲပေးကြရန်ပန်ကြားကြောင်း သမ္မတဦးဝင်းမြင့်က ပြောကြားသည်။


READ NEXT
Cancel OK