ဂျပန်နိုင်ငံတွင် အလုပ်လက်မဲ့နှုန်းမှာ သြဂုတ်လတွင် ၃.၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ၂၀၁ရခုနှစ် နှစ်လယ်မှစ၍ အလုပ်လက်မဲ့နှုန်း အမြင့်ဆုံးဖြစ်လာသည်ဟု အောက်တိုဘာ ၂ ရက် ၌ တရားဝင်ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်မှာ ကပ်ရောဂါကြောင့် နိုင်ငံ၏တင်းကျပ်သော အလုပ်သမားစျေးကွက်ကို ထိခိုက်နစ်မှုရှိကြောင်း ဖော်ပြနေသည်။ ဇူလိုင်လတွင် အလုပ်လက်မဲ့နှုန်း ၀.၁ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ သြဂုတ်တွင် အလုပ်လက်မဲ့နှုန်း ၃.၀ ရာခိုင်နှုန်း တိုးလာသောကြောင့် ၂၀၁၇ ခုနှစ် မေလမှစ၍ ပထမဆုံးအကြိမ်အဖြစ် အလုပ်လက်မဲ့နှုန်း အမြင့်ဆုံးဖြစ်ပြီး ယင်းပမာဏသည် သုံးရာခိုင်နှုန်း သို့မဟုတ် သုံးရာခိုင်နှုန်းထက် ပိုမိုမြင့်တက်လာနိုင်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် အချက်အလက်များတွင် ဖော်ပြခဲ့သည်။
သြဂုတ်လအတွင်း အလုပ်ရှာဖွေသူ ၁၀၀ လျှင် အလုပ်ခေါ်ယူမှု ၁၀၄ ခုမျှသာရှိပြီး လွန်ခဲ့သည့်လက အလုပ်ရှာဖွေသူ ၁၀၀ လျှင် အလုပ်ခေါ်ယူမှု ၁၀၈ ခု ရှိခဲ့သည့်အတွက် အခြေအနေမှာ ပိုမို၍ ဆိုးရွားလာခဲ့သည်။ ကမ္ဘာ့စီးပွားရေးအကျပ်အတည်းကို ဖြစ်စေသည့် ကိုရိုနာဗိုင်းရပ်စ်ကပ် မဖြစ်ပေါ်မီကတည်းက ဂျပန်တွင် သဘာဝဘေးအန္တရာယ်များနှင့် စားသုံးခွန်မြင့်တက်မှုများ ရင်ဆိုင်နေရသည်။ ကိုရိုနာဗိုင်းရပ်စ်နှင့် ရင်ဆိုင်ရချိန်တွင်လည်း အစိုးရသည် အသွားအလာကန့်သတ်ပိတ်ဆို့ခြင်း မရှိဘဲ နေအိမ်များတွင်သာ နေထိုင်ကြရန် တောင်းဆိုထားပြီး အစိုးရ၏ တောင်းဆိုချက်ကို ပြည်သူများက လိုက်နာခဲ့ကြသည်။ သို့သော် နိုင်ငံ၏နယ်စပ်ဂိတ်များ ပိတ်ထားခဲ့ရသည့်အတွက် ခရီးသွားကဏ္ဍနှင့် စားသုံးသူသုံးစွဲမှုများတွင် ထိခိုက်မှုရှိခဲ့ပြီး ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍကို များစွာနစ်နာမှုရှိစေခဲ့သည်။
ဂျပန်ကဲ့သို့ အလုပ်အကိုင် ပေါများသည့် နိုင်ငံ၌ပင်လျှင် အလုပ်လက်မဲ့နှုန်း မြင့်တက်လာခြင်းက ဗိုင်းရပ်စ်ကပ်ဘေးကြောင့် စီးပွားရေးဆုံးရှုံးမှုကို ပို၍ထင်ရှာလာစေပြီး အမေရိကန်တွင်လည်း မတ်လ၏ နောက်ဆုံးသီတင်းပတ်နှစ်ပတ်၌ပင်လျှင် အလုပ်အကိုင်ဆုံးရှုံးခဲ့သူ ၁၀ သန်းအထိ ရှိခဲ့ပြီးဖြစ်သည်။ ဗိုင်းရပ်စ်ကို ကန့်သတ်ရန်အတွက် ကမ္ဘာတစ်လွှား၌ ချထားသည့် ကန့်သတ်မှုများသည် မကြာသေးမီကာလသမိုင်းတွင် အပြင်းထန်ဆုံး စီးပွားရေးပျက်ကပ်ကြီး ဖြစ်လာစေနိုင်သည်ဟု စီးပွားရေးပညာရှင်များက ပြောကြားခဲ့သည်။ “ဂျီ ၂၀ စီးပွားရေး နိုင်ငံတွေဟာ ဒီနှစ်ဝက်အတွင်းမှာ ကြိုတင်မခန့်မှန်းနိုင်တဲ့ တုန်ခါမှု (Shock) ကြီးတစ်ရပ်ကို ကြုံတွေ့ရမှာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်အတွင်း ကမ္ဘာတစ်ခုလုံး ခံစားရမှာ ဖြစ်ပါတယ်” ဟု Rating Agency ဖြစ်သည့် Moody’s က ပြောကြားခဲ့သည်။
အလုပ်လက်မဲ့ဖြစ်မှုနှုန်းသည် အမေရိကန်ပြည်ထောင်စုတွင် ရာခိုင်နှုန်း ၃၀ အထိ မြင့်တက်လာဖွယ်ရှိသည်ဟု စိန့်လူဝီဗဟိုဘဏ်ဥက္ကဌ ဂျိမ်းဘူးလက်က ပြောကြားခဲ့သည်။ ဥရောပသည်လည်း အလားတူခံစားရလိမ့်မည်ဟု ဆိုသည်။ “ ယူရိုဇုန်မှာ အလုပ်လက်မဲ့နှုန်းဟာ ဇွန်လအကုန်မှာ ၁၂ ရာခိုင်နှုန်းလောက် မြင့်တက်လာပါလိမ့်မယ်။ လပိုင်းအတွင်း ခုနစ်နှစ်စာ အကျိုးအမြတ်ကို စွန့်လွှတ်လိုက်ရပါလိမ့်မယ်” ဟု လန်ဒန်မြို့အခြေစိုက် Capital Economic အဖွဲ့မှ ဒေးဗစ်အောက်စလေက ပြောကြားခဲ့သည်။
ထို့ကြောင့် ကမ္ဘာကြီးသည် ရောဂါကပ်ဘေးကြီးကို ကျော်လွှားနိုင်ခဲ့ပြီးလျှင်ပင် ပြင်းထန်သည့် စီးပွားရေးပျက်ကပ်ကြီးကို ခံရမည်မှာ သေချာ၍ နေလေပြီ။ အဆိုးရွားဆုံးမှာ လူအများ အလုပ်အကိုင် မရှိတော့ဘဲ အလုပ်အကိုင်များ အသည်းအသန် ရှာဖွေနေရတော့မည့် အလုပ်လက်မဲ့ပြဿနာ ဖြစ်သည်။ အလုပ်လက်မဲ့နှုန်းက သမိုင်းတစ်လျှောက် မကြုံဖူးသည့်နှုန်းအထိ မြင့်တက်လာပေလိမ့်မည်။ အလုပ်လက်မဲ့နှုန်းဟူသည် အလုပ်လက်မဲ့များ ပျံ့နှံ့နေပုံကို တိုင်းတာချက်တစ်ရပ်ဖြစ်ပြီး အလုပ်လက်မဲ့အရေအတွက်ကို လက်ရှိအလုပ်အကိုင်ရှိသောသူ အရေအတွက်ဖြင့် စားကာ ရာခိုင်နှုန်းရှာထားခြင်း ဖြစ်သည်။ စီးပွားရေးပျက်ကပ်ကာလများအတွင်း စီးပွားရေး အဆောက်အအုံတစ်ခုအနေဖြင့် အလုပ်လက်မဲ့နှုန်း မြင့်မားခြင်းနှင့် ရင်ဆိုင်ရသည်မှာ ဓမ္မတာပင်။ အလုပ်လက်မဲ့ ပြဿနာနှင့်ပတ်သက်၍ အကျိုးဆက်များနှင့် ဖြေရှင်းရန်နည်းလမ်းများသည် သဘောတရားရေးရာအရ အငြင်းပွားလျက်ရှိဆဲဖြစ်သည်။
Keynesian စီးပွားရေးပညာက အလုပ်လက်မဲ့ပြဿနာ၏ သံသရာလည်တတ်သော သဘောသဘာဝကို အထူးပြုဖော်ပြခဲ့ပြီး စီးပွားရေးပျက်ကပ်များအတွင်း အလုပ်လက်မဲ့ လျော့ပါးရေးကိုသေချာစေမည့် အစိုးရ၏ ဝင်ရောက်ဆောင်ရွက်မှုများကို အကြံပြုထားသည်။ Keynesian စီးပွားရေးပညာက အလုပ်သမားလိုအပ်ချက် မြင့်မားစေရန် ရည်ရွယ်ရေးဆွဲထားသည့် အစိုးရ၏ပါဝင်ဆောင်ရွက်မှုများကို အကြံပြုထားသည်။ ယင်းတွင် ငွေကြေးလည်ပတ်စီးဆင်းမှုထဲသို့ အရင်းအနှီးများ ထည့်သွင်းခြင်း၊ အများပြည်သူဆိုင်ရာ ရန်ပုံငွေဖြင့် အလုပ်အကိုင်များ ဖန်တီးခြင်းနှင့် ငွေကြေးဆိုင်ရာမူဝါဒများ ချမှတ်ခြင်း အစရှိသည်တို့ ပါဝင်သည်။ Keynes က အလုပ်လက်မဲ့ပြဿနာ၏ အရင်းအမြစ်သည် ထုတ်ကုန်များ ပိုမိုထုတ်လုပ်ရေးထက် ငွေကြေးအမြတ်အစွန်း ပိုမိုရရှိရေးကိုသာ အလိုရှိသည့် ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဆန္ဒဖြစ်သည်ဟု ယုံကြည်သည်။
မည်သို့ပင်ဆိုစေကာမူ နိုင်ငံအတွင်း၌ ရောဂါကပ်ဘေးကြီးမှ လွန်မြောက်ချိန်တွင် တစ်ဟုန်ထိုး မြင့်တက်လာမည့် အလုပ်လက်မဲ့နှုန်းကို လျှော့ချနိုင်ရေးအတွက် အစိုးရအနေဖြင့် အစီအစဉ်များ စနစ်တကျ ရေးဆွဲထားရမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူများပါ ပူးပေါင်းပါဝင်လျက် ၀ိုင်းဝန်းဖြေရှင်းရမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
■ အောက်တိုဘာ ၄ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်
-
အာရှအားကစားပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဂျပန်ကို မြန်မာအသင်း (၇)ဂိုးပြတ်အရေးနိမ့်
-
သထုံမြို့နယ် အနန်းပင်ကျေးရွာအနီး သထုံ - ပေါင် ခရိုင်ချင်းဆက်လမ်းတွင် မော်တော်ယာဉ်တစ်စီးအရှိန်လွန်တိမ်းမှောက်မှုကြောင့် လူ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ
-
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ငါးခုတွင် ရာသီဥတု ပြောင်းလဲမှုများနှင့် မြေဆီလွှာ တိုက်စားမှု လျှော့ချရန်အတွက် ရေဝေရေလဲ နေရာငယ်များတွင် ဒေသနှင့် ကိုက်ညီသည့်သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းမှု ပြုလုပ်
-
ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (LDC) တွင် မြန်မာနိုင်ငံသည် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အများဆုံး ရရှိခဲ့ပြီး မကြာမီ LDC စာရင်းဝင်နိုင်ငံအဖြစ်မှ လွတ်မြောက်တော့မည်ဟု ကုလသမဂ္ဂ အစီရင်ခံစာ၌ ဖော်ပြ
-
ဟေတီတွင် ရာဇဝတ်ဂိုဏ်းများနှင့် ဆက်နွှယ်သည့် အကြမ်းဖက်မှုများကြောင့် လူ ၂၀,၀၀၀ ကျော် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်