Top News

မိုင်းဆတ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအချို့တွင် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဖြစ်နိုင်ခြေ မရှိသဖြင့် မဲရုံများအချိန်မီပိတ်သိမ်းရန် နိုင်ငံရေးပါတီလေးခုက ကော်မရှင်သို့တင်ပြထားပြီး COVID-19 ရောဂါကာကွယ်ရေးကို အဓိကထားဆောင်ရွက်နေရသဖြင့် အထင်မလွဲရန် “၀” အဖွ
24htopnews | July 5, 2024 12:12 PM CST

မိုင်းဆတ်မြို့နယ်အတွင်းရှိ “၀” အဖွဲ့  ထိန်းချုပ်နယ်မြေမှ ကျေးရွာအုပ်စုအချို့တွင် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲ ဖြစ်နိုင်ခြေမရှိသဖြင့် မဲရုံများအား အချိန်မီ ပိတ်သိမ်းပေးရန် နိုင်ငံရေးပါတီလေးခုက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တင်ပြထားပြီးအဆိုပါဒေသရှိ ဒေသခံတိုင်းရင်းသားများ၏ ကျန်းမာရေးကိုရှေးရှု၍ ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းကိုသာ အဓိကထားဆောင်ရွက်နေရသောကြောင့်  မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ အဆင်မပြေမှုအပေါ် အထင်အမြင်မလွဲရန် “၀” အဖွဲ့ (UWSA) က နိုဝင်ဘာ ၅ ရက်တွင် ရှင်းလင်းချက် ထုတ်ပြန်သည်။

မိုင်းဆတ်မြို့တွင် ရပ်ကွက်/ ကျေးရွာ အုပ်စုပေါင်း ၃၅ ခု၊ ကျေးရွာပေါင်း ၂၃၀ ဖြင့် ဖွဲ့စည်းထားပြီး အဆိုပါ ကျေးရွာများအနက် မိုင်းထလန်းကျေးရွာအုပ်စု၊ မိုင်းယွန်းကျေးရွာအုပ်စု၊ လွယ်လန်းကျေးရွာအုပ်စုနှင့် ဆိုက်ခေါင်ကျေးရွာအုပ်စု ဝမ်ဟုန် (၁) ဝမ်ဟုန် (ရှမ်း) စသည့် ကျေးရွာအုပ်စုတို့သည့် “၀” အဖွဲ့ ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာများဖြစ်ကြောင်း၊ အဆိုပါ ကျေးရွာအုပ်စုလေးခုတွင် ကျေးရွာပေါင်း ၂၁ ရွာ၊ မဲဆန္ဒရှင်စုစုပေါင်း ၂၂၇၄၃ ဦးခန့်နှင့် မဲရုံပေါင်း ၁၂ ရုံရှိကြောင်း NLD ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) နှင့် လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့က နိုဝင်ဘာ ၃ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပေးပို့ထားသောစာတွင် ဖော်ပြထားသည်။

အဆိုပါ ကျေးရွာအုပ်စုများသည် အဝင်အထွက်ဂိတ်များထားရှိ၍ စစ်ဆေးမှုများရှိနေခြင်း၊ ယာဉ်အမျိုးအစား၊ လူဦးရေ၊ ဝင်ထွက်မည့်နေ့ရက် အချိန်ဇယားများရေးဆွဲ၍ စာဖြင့် အဆင့်ဆင့်တင်ပြနေရခြင်း၊ စာဖြင့် အဆင့်ဆင့်တင်ပြထားသဖြင့် ကော်မရှင်မှ ခွင့်ပြုချက်အရ စည်းရုံးဟောပြောရန် သွားသော်လည်း ဂိတ်ဖြတ်ရန် ပြန်လည်ဆက်သွယ်နေရခြင်း၊ ပြန်လည်ဆက်သွယ်သော်လည်း ဖုန်းကိုင်ဖြေကြားမှုမရှိခြင်း၊ ဖုန်းပိတ်ထားခြင်း စသည့် အခက်အခဲများကြောင့် ဂိတ်ပေါက်ဝ၌ပင် အချိန်ကြာမြင့်စွာစောင့်ဆိုင်းရပြီး အချိန်ကုန် လူပန်းခြင်းဖြင့်သာ ပြန်လာရသဖြင့် နိုင်ငံရေးပါတီများအနေဖြင့် လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့်မရှိဘဲ အခက်အခဲများစွာဖြင့် ရင်ဆိုင်နေရကြောင်း နိုင်ငံရေးပါတီလေးခု၏ UEC ထံ တင်ပြစာတွင် ဖော်ပြထားသည်။

ထို့ကြောင့် ၎င်းကျေးရွာအုပ်စုလေးခုရှိ မဲရုံပေါင်း ၁၂ ရုံကို လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်နိုင်ခြေမရှိနိုင်သဖြင့် အချိန်မီပိတ်သိမ်းသင့်ကြောင်း နိုင်ငံရေးပါတီလေးခုတို့က UEC ထံ နိုဝင်ဘာ ၃ ရက်တွင် စာပေးပို့တင်ပြခဲ့ကြသည်။

နိုင်ငံရေးပါတီလေးခု၏ အဆိုပါတင်ပြချက်နှင့်ပတ်သက်၍ “၀” အဖွဲ့ (UWSA) တောင်ပိုင်း (၁၇၁) စစ်ဒေသ၏ ရှင်းလင်းချက်ကို “၀” အဖွဲ့ လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက ၎င်း၏ Facebook အကောင့်တွင် ဖော်ပြခဲ့ပြီး “၀” အဖွဲ့ (UWSA) က ဒေသခံတိုင်းရင်းသားများ၏ ကျန်းမာရေးကိုရှေးရှု၍ ရောဂါကာကွယ်တားဆီးရေး လုပ်ငန်းကိုသာ အဓိကထားဆောင်ရွက်နေရသောကြောင့် အထင်အမြင် မလွဲစေရန် အသိပေးအပ်ကြောင်း ဖော်ပြခဲ့သည်။

မိုင်းတုံနှင့် မိုင်းဆတ်မြို့နယ်များ ပါဝင်သည့် “၀” အထူးဒေသ (၂) တောင်ပိုင်းသည် လူဦးရေထူထပ်ပြီး ရောဂါဖြစ်ပွားလာပါက ကုသရန် ဆေးဝါးလုံလောက်မှုမရှိခြင်း၊ ရောဂါထိန်းချုပ်ရန် ခက်ခဲခြင်းနှင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှု မရှိခြင်းများကြောင့် အောက်တိုဘာ ၁၂ ရက်မှစ၍ ကျေးရွာအုပ်စုများအတွင်းသို့ ဝင်/ ထွက်သည့် ကားလမ်းတွင် ရောဂါကာကွယ်တားဆီးရေး စစ်ဆေးရေးဂိတ်များ ပြုလုပ်ကာ ခရီးသည်များနှင့် ယာဉ်မောင်းများကို ကိုယ်အပူချိန် တိုင်းတာခြင်း၊ မော်တော်ယာဉ်/ ဆိုင်ကယ်များအား ပိုးသတ်ဆေးဖြန်းခြင်း စသည့် ရောဂါကာကွယ် တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း “၀” အဖွဲ့၏ ရှင်းလင်းချက်တွင် ဖော်ပြထားသည်။

“၀” အဖွဲ့အနေဖြင့် ရောဂါကာကွယ် တားဆီးရေးလုပ်ငန်းများကို အဓိကထားလုပ်ဆောင်ခြင်းဖြစ်ပြီး လူဝင်/ ထွက်သွားလာခွင့်အား တားဆီးပိတ်ပင်ခြင်းများ လုံးဝမပြုလုပ်ခဲ့ကြောင်း၊ ကပ်ရောဂါကူးစက်မှု လျင်မြန်စွာ ဖြစ်ပွားနေချိန်ဖြစ်သော်လည်း ရွေးကောက်ပွဲနီးကပ်လာချိန်ဖြစ်သောကြောင့် သက်ဆိုင်ရာပါတီများမှ မဲဆွယ်စည်းရုံးခြင်းအား တားဆီးပိတ်ပင်ထားခြင်းမျိုး လုံးဝမရှိကြောင်းနှင့် ဒေသအတွင်းရှိ တိုင်းရင်းသားများ ၎င်းတို့ ကြိုက်နှစ်သက်ရာ မည်သည့်ပါတီကိုမဆို လွတ်လပ်စွာရွေးချယ်ခွင့်ရှိကြပြီး မည်သည့်ပါတီကိုမျှ ဘက်လိုက်၍မဲထည့်ရန် ဖိအားပေး ပြောဆိုထားခြင်းမျိုးမရှိကြောင်း “၀” အဖွဲ့က ရှင်းလင်းသည်။

အဆိုပါဒေသသည် လူဦးရေထူထပ်ပြီး ရောဂါဖြစ်ပွားလာပါက ကုသရန်ဆေးဝါးနှင့် ဆရာဝန်များ လုံလောက်မှုမရှိခြင်းကြောင့် ပြင်ပနိုင်ငံရေးပါတီများအနေဖြင့် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်မည်ဆိုပါက လာရောက်မည့်ဦးရေ၊ မော်တော်ယာဉ်အရေအတွက်တို့အား ကြိုတင်အကြောင်းကြားထားပေးလျှင် ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်ရသည်မှာ ပိုမိုလုံခြုံလွယ်ကူသွားမည်ဟု “၀” အဖွဲ့က ရှင်းလင်းခဲ့သည်။

ဂိတ်များတွင် ကြန့်ကြာရသည့်အကြောင်းရင်းမှာ အဆိုပါဒေသအတွင်း ဝင်ရောက်လာသည့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ လုံခြုံဘေးကင်းစွာ သွားလာနိုင်ရေးအတွက် သက်ဆိုင်ရာဂိတ်အသီးသီးသို့ ထပ်ဆင့်အကြောင်းကြားရခြင်းတို့ကြောင့် ဆက်သွယ်ရေးဆိုင်ရာ အချိန်အနည်းငယ်ယူရသဖြင့် ခေတ္တစောင့်ဆိုင်းရခြင်းသာဖြစ်ကြောင်း “၀” အဖွဲ့က ရှင်းလင်းခဲ့သည်။


READ NEXT
Cancel OK