ကရင်ပြည်နယ်တွင် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ စတင်ကျင်းပနိုင်ရေး အပါအဝင် အခြားအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများအတွက် အစိုးရ၏ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ညှိနှိုင်းအဖွဲ့ (CT) တို့သည် ဒီဇင်ဘာ ၁၂ ရက်က ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပုံသဏ္ဌာန်သုံးခုတွင် အစိုးရက ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ဦးဆောင်ခေါ်ယူမည်ဖြစ်ပြီး NcA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တရားဝင်နိုင်ငံရေးပါတီများက လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို ဦးဆောင်ခေါ်ယူခွင့်ရှိသည်။
အစည်းအဝေးတွင် ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက “အထူးသဖြင့် ကျွန်တော်တို့ ဒီ NCA မှာပါတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်တဲ့ အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲကို ဒီနေ့ ကျွန်တော်တို့ ညှိနှိုင်းပြီးတော့ အခါအားလျော်စွာပဲ UPDJC ရဲ့ ဒုဥက္ကဋ္ဌ ဆရာဦးသုဝေလည်း ရောက်နေတယ်။နောက်တစ်ခါ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်တို့လည်း ရောက်နေတယ်။ ရှေ့ဆက်သွားမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အလွန်အရေးပါတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်တဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပနိုင်ဖို့ညှိနှိုင်းတာဟာ တန်ဖိုးရှိတယ်လို့ ယူဆပါတယ်။အထူးသဖြင့် ငြိမ်းချမ်းရေးကော်မရှင်အနေနဲ့ကတော့ စတင်ဖွဲ့စည်းကတည်းက ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ငြိမ်းချမ်းရေးကို ဦးတည်သွားနေကြတာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကတော့ ဘယ်တော့မှ တံခါးပိတ်တယ်ဆိုတာ မရှိပါဘူး။ အမြဲတမ်းဖွင့်ထားပါတယ်။ ပြီးတော့ ဘယ်လိုပဲ မတူညီတဲ့အခြေအနေတွေ ဖြစ်ပါစေ။ ဘယ်လိုပဲ ဝိဝါဒကွဲပြားသည်ဖြစ်ပါစေ။ အမြဲတမ်းညှိနှိုင်းပြီးတော့ မျက်နှာချင်းဆိုင်ပြောဆိုမယ်ဆိုရင် ကိစ္စတိုင်းကို ပြေလည်အောင် ဖြေရှင်းနိုင်မယ် ယုံကြည်နေတာ ကျွန်တော်တို့ရဲ့ အဓိကဦးတည်ချက်ပါပဲ။ ဒါကြောင့်မို့လို့ ဒီနေ့အစည်းအဝေးပွဲမှာ ကြွရောက်လာကြတဲ့ EAO မှ ခေါင်းဆောင်တွေ အားလုံးကို ကျွန်တော့်အနေနဲ့ ဝမ်းပန်းတသာ လှိုက်လှဲစွာကြိုဆိုပြီးတော့ ဆက်လက်ညှိနှိုင်းမယ့် အလွန်အရေးကြီးတဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို အတူတကွ ပူးပေါင်းပြီးတော့ အောင်မြင်အောင်လုပ်ဆောင်နိုင်ကြပါစေလို့ ပြောကြားရင်း နိဂုံးချုပ်ပါတယ်” ဟု အဖွင့်အမှာစကား ပြောကြားသည်။
အဆိုပါအစည်းအဝေးသို့ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ NCA လက်မှတ်ရေးထိုးထား သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ UPDJC ဒုတိယဥက္ကဋ္ဌ ဦးသုဝေ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမင်းရွှေတို့လည်း တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကျင်းပမည့် အစီအစဉ်၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကြီးကြပ်မှုကော်မတီများ ဖွဲ့စည်းရေးကိစ္စ၊ နိုင်ငံရေးဆွေးနွေးပွဲများ အဆင့်ဆင့် တွင်ဆွေးနွေးရမည့် အစီအစဉ်များ၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ လုပ်ငန်းကော်မတီများ ဖွဲ့စည်းရေးကိစ္စများ စသည်တို့ ကို ဆွေးနွေးခဲ့ကြသည်။
အောက်တိုဘာလအတွင်းက ပြုလုပ်ခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ အစည်းအဝေးတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများအား အဆင်သင့်ဖြစ်နေသောနေရာ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏နယ်မြေတွင် စတင်ကျင်းပရန် သဘောတူခဲ့ပြီး အစိုးရအစုအဖွဲ့အနေဖြင့် ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီ ဧရိယာနယ်မြေများတွင် ဦးစွာကျင်းပရန် တင်ပြခဲ့သည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ညှိနှိုင်းအဖွဲ့ (CT) ခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်းက “ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံးဟာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို စတင်နိုင်ဖို့အတွက် ပြင်ဆင်မှုက ပြည့်စုံလုံလောက်ခဲ့ပြီ။ သို့သော်လည်းပဲ အကောင်အထည်ဖော်မှုဆိုတဲ့ ဆက်လက်ညှိနှိုင်းရမယ့်ကိစ္စ ဒီနေ့ဆွေးနွေးပွဲမှာ ဆွေးနွေးသွားမှာဖြစ်ပါတယ်” ဟု ဆိုသည်။
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပမည်ဆိုပါက ကြီးကြပ်ရေးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆွေးနွေးရမည့် ခေါင်းစဉ်များအား အစဉ်လိုက် ဆက်စပ်မှုရှိစေရန် ညှိနှိုင်းဆွေးနွေးရမည်ဖြစ်ပြီး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို အမြန်ဆုံး စတင်ကျင်းပနိုင်ရန် ကျင်းပနိုင်သည့်ဒေသမှ ဆောင်ရွက်နိုင်ရေး ဆွေးနွေးအတည်ပြုပေးရန် အစည်းအဝေး တက်ရောက်လာသည့် နှစ်ဖက်ခေါင်းဆောင်များအား ပဒိုစောကွယ်ထူးဝင်းက မေတ္တာရပ်ခံခဲ့သည်။
အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကြီးကြပ်ရေးကော်မတီများကို ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် အစိုးရအစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်များ အစုအဖွဲ့နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့တို့မှ ကိုယ်စားလှယ်သုံးဦးစီဖြင့် ဖွဲ့စည်းရမည်ဖြစ်ပြီး နိုင်ငံရေး၊ လုံခြုံရေး၊ လူမှုရေး၊ စီးပွားရေး၊ မြေယာနှင့် သဘာ၀ သယံဇာတ စသည့်ကဏ္ဍအလိုက် လုပ်ငန်းကော်မတီများကို ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းရမည်ဖြစ်သည်။
-
မြန်မာနှင့် လက်ဘနွန်အသင်း၏ ခြေစမ်းပွဲလက်မှတ်များ ရောင်းချနေပြီး ရုပ်သံမှ တိုက်ရိုက်ပြသမည်
-
တက်ကျမ်းစာပေ
-
အာရှအားကစားပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဂျပန်ကို မြန်မာအသင်း (၇)ဂိုးပြတ်အရေးနိမ့်
-
သထုံမြို့နယ် အနန်းပင်ကျေးရွာအနီး သထုံ - ပေါင် ခရိုင်ချင်းဆက်လမ်းတွင် မော်တော်ယာဉ်တစ်စီးအရှိန်လွန်တိမ်းမှောက်မှုကြောင့် လူ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ
-
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ငါးခုတွင် ရာသီဥတု ပြောင်းလဲမှုများနှင့် မြေဆီလွှာ တိုက်စားမှု လျှော့ချရန်အတွက် ရေဝေရေလဲ နေရာငယ်များတွင် ဒေသနှင့် ကိုက်ညီသည့်သစ်ပင်များ စိုက်ပျိုးထိန်းသိမ်းမှု ပြုလုပ်