Top News

နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ ရငွေ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်ထက် ကျပ် ဘီလျံ ၁၃၀၀ ကျော် လျော့နည်းမှုနှင့်ပတ်သက်၍ စိစစ်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီမံ/ဘဏ္ဍာ ဒုတိယဝန်ကြီး ပြောကြား
24htopnews | July 4, 2024 4:12 PM CST

နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ ရငွေသည် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်ထက် ကျပ် ၁၃၀၀ ဘီလျံကျော် လျော့နည်းမှုနှင့်ပတ်သက်၍ စိစစ်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေး ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဒီဇင်ဘာ ၁၆ ရက်က ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ပထမခြောက်လပတ် ဘဏ္ဍာငွေ အရ အသုံး အစီရင်ခံစာနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသည့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်များ အစီရင်ခံစာအပေါ် ပြန်လည်ရှင်းလင်းတင်ပြရာတွင် ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ထိ ဌာနအဖွဲ့အစည်းအလိုက် ရငွေများ နှိုင်းယှဉ်ရာတွင် ဗဟိုအဖွဲ့အစည်းများ၊ နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ (ဘဏ္ဍာရန်ပုံငွေအတွင်း) နှင့် နေပြည်တော်ကောင်စီ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီတို့၏ ရငွေသည် ပြီးခဲ့သည့်နှစ်နှစ်ထက် များစွာ လျော့နည်းခဲ့သည်ကို စိစစ်တွေ့ရှိရကြောင်း၊ အထူးသဖြင့် ရငွေရှာဖွေသည့် ဌာနများဖြစ်သော နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်း များနှင့် နေပြည်တော်စည်ပင်သာယာရေးအဖွဲ့တို့အနေဖြင့် မိမိတို့၏ ပကတိအခြေအနေမှန်ကို ပြန်လည်စိစစ်ပြီး ရငွေတိုးတက်ရရှိရေး၊ ရည်မှန်းချက်ပြည့်မီရေး ကြိုးပမ်းဆောင်ရွက် သွားရန်လိုအပ်ကြောင်း၊ အထူးသဖြင့် နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့များ၏ ရငွေသည် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်ပါက ကျပ် ၁၃၆၉ ဒသမ ၇၃၃ ဘီလျံလျော့နည်း ကျဆင်းခဲ့ကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော်၏ စီးပွားရေးမူဝါဒနှင့်အညီ အဖွဲ့အစည်းတစ်ခုချင်းစီ၏ ပကတိအခြေအနေအမှန်များကို စနစ်တကျစိစစ်သွားရန် လိုအပ်ကြောင်း အစီရင်ခံစာတွင် ထည့်သွင်းတင်သွင်းခဲ့သည်။
အဆိုပါအချက်များနှင့်ပတ်သက်၍ “ အစီရင်ခံစာပါ အပိုဒ် ၇ (ဃ)မှာပါတဲ့ ရငွေ ရှာဖွေတဲ့ ဌာနများဖြစ်တဲ့ နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများနဲ့ နေပြည်တော်ကောင်စီ စည်ပင်သာယာရေးအဖွဲ့တို့အနေဖြင့် မိမိတို့၏ ပကတိအခြေအနေအမှန်ကို ပြန်လည်စိစစ်ပြီး ရငွေတိုးတက်ရရှိရေး၊ ရည်မှန်းချက် ပြည့်မီရေး ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် စပ်လျဉ်း၍  ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြ၍ လမ်းညွှန်မှုခံယူဆောင်ရွက်သွားမည်ဖြစ်ပါတယ်” ဟု စီမံကိန်း နှင့် ဘဏ္ဍာရေးဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။
ထို့အတူ ဦးမောင်မောင်ဝင်းက “အစီရင်ခံစာ အပိုဒ် ၁၄ ပါ နိုင်ငံတော်၏စီးပွားရေး မူဝါဒများနှင့်အညီ လုပ်ငန်းများ ပိုမိုအောင်မြင်စေရန်နှင့် ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲ လုပ်ကိုင်နိုင်ခြေရှိသော လုပ်ငန်းများကို ပုဂ္ဂလိကပိုင်အဖြစ် လွှဲပြောင်းခြင်း စသည်တို့ ဆောင်ရွက်နိုင်ရေးအတွက် အဖွဲ့အစည်းတစ်ခုချင်းစီ၏ ပကတိအခြေအနေမှန်များကို စနစ်တကျ စိစစ် ဆောင်ရွက်သွားမည်ဖြစ်ပါတယ်” ဟု ထည့်သွင်းပြောကြားသည်။
နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများ (ဘဏ္ဍာရန်ပုံငွေအတွင်း) ၏ တစ်နှစ်လုံး ရည်မှန်းချက် ကျပ် ၆၈၀၆ ဒသမ ၈၅ ဘီလျံ ဖြစ်ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ပထမခြောက်လပတ်တွင် အကောင်အထည်ဖော်နိုင်မှု အခြေအနေမှာ ကျပ် ၂၄၄၀ ဒသမ ၅၁၅ ဘီလျံ ဖြစ်ကာ ၃၅ ဒသမ ၈၅ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေပြင်ပ လူမှုဖူလုံရေးအဖွဲ့၏ တစ်နှစ်လုံးရည်မှန်းချက်မှာ ကျပ် ၁၄ ဒသမ ၄၅၂ ဘီလျံဖြစ်ပြီး ပထမခြောက်လပတ်တွင် အကောင်အထည်ဖော်နိုင်မှု အခြေအနေမှာ ကျပ် ၆ ဒသမ ၁၇ ဘီလျံဖြစ်ကာ ၄၂ ဒသမ ၆၉ ရာခိုင်နှုန်းဖြစ်ကြောင်းနှင့် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ ပြင်ပနိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ တစ်နှစ်လုံးရည်မှန်းချက်မှာ ကျပ် ၁၁၄၀ ဒသမ ၉၅ ဘီလျံဖြစ်ပြီး ပထမခြောက်လပတ်တွင် အကောင်အထည်ဖော်နိုင်မှု အခြေအနေမှာ ကျပ် ၄၀၀ ဒသမ ၀၅၄ ဘီလျံဖြစ်ပြီး ၃၅ ဒသမ ၀၆ ရာ ခိုင်နှုန်းဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK