Top News

စားသုံးသူပြည်သူက ကျခံရသည့် ကုန်သွယ်လုပ်ငန်းခွန် နှစ်စဉ်တိုးတက် ရရှိနေသော်လည်း စားသောက်ဆိုင်၊ ဟိုတယ်/တည်းခိုရိပ်သာ၊ ရုပ်မြင်သံကြား ဝန်ဆောင်မှု၊ မိုဘိုင်းဖုန်း အသုံးပြုခြင်းနှင့် ရွှေဆိုင်များ၌သာ ကောက်ခံနိုင်ပြီး ပိုမိုကျယ်ပြန့်စွာ ကောက်ခံနိုင်ရေး အလေးထား ဆေ
24htopnews | July 1, 2024 7:12 PM CST

စားသုံးသူ ပြည်သူများက ကျခံပေးနေရသည့် ကုန်သွယ်လုပ်ငန်းခွန် နှစ်စဉ်တိုးတက် ရရှိနေသော်လည်း စားသောက်ဆိုင်၊ ဟိုတယ်/တည်းခိုရိပ်သာ၊ ရုပ်မြင်သံကြားဝန်ဆောင်မှု၊ မိုဘိုင်းဖုန်း အသုံးပြုခြင်းနှင့် ရွှေဆိုင်များတွင်သာ အခွန်တံဆိပ် ကပ်နှိပ်ကောက်ခံ နိုင်သည့်အတွက် ပိုမိုကျယ်ပြန့်စွာ ကောက်ခံနိုင်ရေး အလေးထား ဆောင်ရွက်သင့်သည်ဟု ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီမှ ဖြန့်ဝေသည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများ၏ ဒုတိယခြောက်လပတ် အခွန်ရငွေ စာရင်းများအပေါ် လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၁၁/၂၀၁၈) တွင် ဖော်ပြထားမှုအရ သိရသည်။

ပြည်တွင်း၌ အခွန်ကောက်ခံရာတွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ ကုန်သွယ်လုပ်ငန်းခွန် အမည်ဖြင့်သာ အခွန်ကောက်ခံ ခဲ့သော်လည်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှ စတင်ပြီး ကုန်သွယ်လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန်အဖြစ် နှစ်မျိုးခွဲခြားပြဋ္ဌာန်း၍ ကောက်ခံခဲ့သည်။ ကုန်သွယ်လုပ်ငန်းခွန်သည် အခွန်အခြေ ကျယ်ဝန်းပြီး ဖိဖိစီးစီး ကောက်ခံနိုင်သည်နှင့်အမျှ တိုးတက်ရရှိလာနိုင်ရန် အလားအလာ အကောင်းဆုံး အခွန်ဖြစ်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် ကုန်သွယ်လုပ်ငန်းခွန်မှတစ်ဆင့် ဝင်ငွေအမှန်ကိုပါ ဖော်ထုတ်ရရှိနိုင်သည့်အတွက် အခွန်တိမ်းရှောင်ခြင်း၊ အခွန်ထိမ်ချန်ခြင်း များကိုလည်း ထိန်းချုပ်နိုင်မည် ဖြစ်သော်လည်း လက်တွေ့တွင် စားသောက်ဆိုင်များ၊ ဟိုတယ်၊ တည်းခိုရိပ်သာများ၊ ရုပ်မြင်သံကြား ဝန်ဆောင်မှု၊ မိုဘိုင်းဖုန်း အသုံးပြုခြင်းနှင့် ရွှေဆိုင်များကိုသာ အဓိကထား၍ အခွန်တံဆိပ် ကပ်နှိပ်ကောက်ခံနိုင်သည့် အခြေအနေသာ ဖြစ်နေသဖြင့် ကုန်သွယ်လုပ်ငန်းခွန်ကို ယခုထက် ပိုမိုကျယ်ပြန့်စွာ တိုးတက်ကောက်ခံနိုင်ရေး အလေးထား ဆောင်ရွက်သင့်သည်ဟု ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများ၏ ဒုတိယ ခြောက်လပတ် အခွန်ရငွေ စာရင်းများအပေါ် လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၁၁/၂၀၁၈) တွင် ဖော်ပြထားမှုအရ သိရသည်။

မြန်မာနိုင်ငံတွင် နှစ်အလိုက် ကုန်သွယ် လုပ်ငန်းခွန် ကောက်ခံခဲ့သည့် အခြေအနေ များမှာ နှစ်အလိုက် အမှန်စာရင်းများအရ ၂၀၁၂-၂၀၁၃ စည်းကြပ်နှစ်တွင် ကျပ် ၁၁၉၄ ဒသမ ၄၅၆၊ ၂၀၁၃-၂၀၁၄ စည်းကြပ်နှစ် တွင် ကျပ် ၁၇၀၃ ဒသမ ၈၄၇၊၂၀၁၄ -၂၀၁၅ စည်းကြပ်နှစ်တွင် ကျပ် ၁၈၅၄ ဒသမ ၆၄၉ ဘီလျံ၊ ၂၀၁၅-၂၀၁၆ စည်းကြပ်နှစ်တွင် ကျပ် ၂၁၀၅ ဒသမ ၉၅၉ ဘီလျံ၊ ၂၀၁၆-၂၀၁၇ စည်းကြပ်နှစ်တွင် ကျပ် ၁၈၇၇ ဒသမ ၈၅၂ ဘီလျံ၊ ၂၀၁၇-၂၀၁၈ စည်းကြပ်နှစ်တွင် ယာယီစာရင်းအရ ကျပ် ၁၉၇၅ ဒသမ ၂၁ ဘီလျံရရှိခဲ့ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် အခွန်ရ ငွေစာရင်းများအရ ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေပါ အခွန် ၁၂ မျိုးအနက် ၁၀ မျိုးသည် လျာထားချက်ကို ပြည့်မီကျော်လွန်အောင် ကောက်ခံနိုင်ခဲ့ပြီး ကျန် ၁၁ မျိုးမှာ လျာထားချက်ပြည့်မီခြင်း မရှိကြောင်း သိရသည်။ အဆိုပါ လျာထားချက် ပြည့်မီမှုမရှိသော အခွန်များအနက် သွင်းကုန်အတွက် လိုင်စင်ခများ၊ မြန်မာနိုင်ငံ အောင်ဘာလေသိန်းဆုခွန်၊ မော်တော်ယာဉ်၊ ယာဉ်မောင်းလိုင်စင်၊ လုပ်ငန်းလိုင်စင်ဆိုင်ရာ အခငွေများ၊ အထူးကုန်စည်ခွန်၊ သစ်တောများမှ ပစ္စည်းများ ထုတ်ယူသည့်အတွက် ကောက်ခံသည့် သစ်တောခွန်၊ ဓာတ်သတ္တုခွန်နှင့် ရတနာခွန်၊ တာတမံခွန်များမှာ ဒုတိယခြောက်လ၏ လျာထားချက် ပြည့်မီမှု မရှိသော်လည်း တစ်နှစ်လုံး ရည်မှန်းချက်ကိုမူ ပြည့်မီခဲ့ကြောင်း သိရသည်။ သို့သော် ကုန်သွယ်လုပ်ငန်းခွန်၊ တံဆိပ်ခေါင်းခွန်၊ ဝင်ငွေခွန်နှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့အတွက် ကောက်ခံသည့် အခွန်များမှာမူ ဒုတိယ ခြောက်လပတ်၏ လျာထားချက်ကို ပြည့်မီမှု မရှိခဲ့သည့်အပြင် တစ်နှစ်လုံး ရည်မှန်းချက်ကိုမှာ ပြည့်မီခဲ့မှု မရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားချက်များအရ သိရသည်။


READ NEXT
Cancel OK