Top News

COVID-19 ကြောင့် လုပ်ငန်းရပ်ဆိုင်းခံရသည့် အထည်ချုပ်၊ ဖိနပ်နှင့် အိတ်စက်ရုံ လုပ်ငန်းများမှ စက်ရုံအလုပ်သမား ၉၀၀၀၀ ဝန်းကျင်ကို EU က ယူရို ငါးသန်း ထောက်ပံ့ကူညီမည်
24htopnews | June 22, 2024 4:12 PM CST

COVID-19  ကြောင့် လုပ်ငန်းရပ်ဆိုင်းခံရသည့် အထည်ချုပ်၊ ဖိနပ်နှင့် အိတ်စက်ရုံ လုပ်ငန်းများမှ စက်ရုံ အလုပ်သမား ၉၀၀၀၀ ဝန်းကျင်ကို EU က ယူရို ငါးသန်း ထောက်ပံ့ ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းထောက်ပံ့ကြေး အစီအစဉ်ကို UNOPS မှ စီမံခန့်ခွဲ၍ SMART Textile & Garments မှ အကောင်အထည်ဖော် ဆောင်ရွက်သည့် ဥရောပသမဂ္ဂ၏ EU Myan Ku (မြန်ကူ) အဖွဲ့မှ ဦးဆောင်ခြင်းဖြစ်ပြီး COVID-19 ၏ နောက်ဆက်တွဲ စီးပွားရေး အကျိုးသက်ရောက်မှုကြောင့် ဆိုင်းငံ့ထားခြင်း (သို့မဟုတ်) ရပ်ဆိုင်းခြင်းခံရသော အထည်ချုပ်၊ ဖိနပ်နှင့် အိတ်စက်ရုံလုပ်ငန်းများမှ စက်ရုံအလုပ်သမားများကို ထောက်ပံ့ ကူညီပေးသွားမည် ဖြစ်ကြောင်း သိရသည်။

EU ထောက်ပံ့ကြေးငွေ ငါးသန်းကို စက်ရုံအလုပ်သမားများအတွက် ကဏ္ဍသုံးခုစီ အခြေခံပြီး စိစစ်ရွေးချယ်သွားမည် ဖြစ်ကြောင်း EU မြန်ကူအစီအစဉ်ကို  ဦးဆောင် အကောင်ထည်ဖော် ဆောင်ရွက်နေသည့် SMART အထည်အလိပ်နှင့် အထည်ချုပ်စီမံကိန်း Project Manager မစုမွန်သဲက ပြောကြားသည်။

“ကဏ္ဍ သုံးခုကို အခြေခံပြီး ထောက်ပံ့ပေးသွားမှာပါ။ ပထမ ကဏ္ဍမှာ လုပ်ခလစာ မရှိဘဲ ဆိုင်းင့ံခံထားရတဲ့ အလုပ်သမားတွေအတွက် တစ်ယောက်ကို ငွေကျပ် ခုနစ်သောင်းခွဲနဲ့ မေ၊ ဇွန်၊ ဇူလိုင် သုံးလအထိ ပေးအပ်မှာ ဖြစ်ပါတယ်။ နောက်ပြီး တရားဝင် အလုပ်ကနေ ထုတ်ပယ်ခံရတဲ့ အလုပ်သမားတွေ၊ နစ်နာကြေးပေးပြီး ထုတ်ပယ်ခံရတဲ့ အလုပ်သမားတွေ၊ စမ်းသပ်ကာလ ကျော်လွန်ပြီး အလုပ်ကနေ ဆက်မခန့်နိုင်တော့လို့ ရပ်နားလိုက်ရတဲ့ အလုပ်သမားတွေအတွက် တစ်ဦးလျှင် ကျပ် ခုနစ်သောင်းခွဲနဲ့ သုံးလစာ မြန်ကူအစီစဉ်ကနေ ထောက်ပံ့ပေးသွားမှာ ဖြစ်တယ်”ဟု Project Manager မစုမွန်သဲ က ပြောကြားသည်။

“ကဏ္ဍ နှစ်မှာ တရားမဝင် အလုပ်ကနေ ထုတ်ပယ်ခံရ အလုပ်သမားတွေ လုပ်ခလစာ နစ်နာကြေး မရတဲ့သူတွေကို တစ်ယောက်ကို ငွေကျပ် ၁၂၅၀၀၀ ကျပ်နဲ့ သုံးလစာ ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ လုပ်ခလစာ တစ်စိတ်တစ်ပိုင်းရပြီး ဆိုင်းငံ့ခံထားရ အလုပ်သမားတွေအတွက် စက်ရုံကပေးတဲ့ လုပ်ခလစာ ရာခိုင်နှုန်း ၅၀ ကို ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ ကဏ္ဍ သုံးမှာလည်း လုပ်ခလစာ တစ်စိတ်တစ်ပိုင်းရပြီး ဆိုင်းငံ့ခံရ အလုပ်သမားတွေအတွက် စက်ရုံပေးတဲ့ လုပ်ခလစာအတိုင်း ရာခိုင်နှုန်း ၅၀ ကို ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီအပြင် အလုပ်ရှင်က လစာမပေးဘဲ နေထိုင်ရေး၊ စားသောက်ရေးတွေကို အလုပ်ကနေ ပေးထားတယ်ဆိုရင် အဲဒီအလုပ်ရှင်ကနေ အလုပ်သမားတွေ ပေးထားတဲ့ နေထိုင် စားသောက်စရိတ်တွေအတိုင်း စရိတ်ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်”ဟု Project Manager မစုမွန်သဲက ပြောကြားခဲ့သေးသည်။

မြန်ကူအစီအစဉ်နဲ့ အလုပ်သမားတွေ Wave Money ကနေ တိုက်ရိုက်လွှဲပြောင်း ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

EU ၏ မြန်ကူအစီအစဉ်ဖြင့် ပြီးခဲ့သည့် မေ ၁ ရက် အလုပ်သမား ၉၀ ကို ငွေကျပ် ၆၈ သိန်း ထောက်ပံ့ ကူညီပေးခဲ့ပြီး လာမည့် မေ ၁၁ ရက်တွင် နောက်ထပ် အလုပ်သမားများကိုလည်း Wave Money လွှဲပြောင်းပေးသွားမည် ဖြစ်ကြောင်း Project Manager မစုမွန်သဲက ပြောကြားခဲ့သေးသည်။

“မြန်ကူအစီအစဉ်အနေနဲ့က အလုပ်သမားတွေကို သုံးလစာ ထောက်ပံ့ပေးသွားဖို့ ပြင်ဆင်ထားပါတယ်။ ဒါပေမဲ့ ငွေကြေးအပေါ်မူတည်ပြီး လျှောက်ထားတဲ့ လူဦးရေ၊ ကျန်တဲ့လတွေမှာ လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်မှု အခြေနေပေါ်မူတည်ပြီး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်”ဟု မစုမွန်သဲ က ပြောကြားသေးသည်။

“အလုပ်သမားတွေအဖို့ ခက်ခဲရုန်းကန်ရတဲ့ ဒီလိုအချိန်မျိုးမှာ မြန်ကူအစီအစဉ်ကနေ တစ်ဆင့် အီးယူက ပေးလာတဲ့ အထောက်အပံ့တွေအတွက် ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ ဒီအရေးကိစ္စကို ကိုင်တွင်ဖြေရှင်းဖို့ အတွက်လည်း ကျွန်တော်တို့ အီးယူနဲ့ ပူးပေါင်း ဆောင်ရွက်သွားပါမယ်”ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက EU စာမျက်နှာတွင် ပြောကြားသည်။

EU ၏ မြန်ကူအစီအစဉ်မှ ပထမသုတ်အနေဖြင့် ငွေလွှဲပြောင်း ထောက်ပံ့မှု ဖေဖော်ဝါရီလနှင့် မတ်လအတွင်း စက်ရုံ ခြောက်ရုံမှ အလုပ်ဆိုင်းငံ့ခံခဲ့ရသည့် အလုပ်သမားများ ပါဝင်ပြီး လာမည့်အပတ်များတွင် အလုပ်သမား ၉၀၀၀၀ ခန့်ထံသို့ ယူရို ငါးသန်း မြန်မာငွေကျပ် ၇ ဒသမ ၉ ဘီလျံကို လွှဲပြောင်းထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။                               


READ NEXT
Cancel OK