ညမထွက်ရ သတ်မှတ်ထားသည့် နယ်မြေဒေသများတွင် အရေးပေါ်လူနာ သွားလာရေးနှင့်ပတ်သက်ပြီး အတားအဆီးမရှိ သွားလို့ရရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဇူလိုင် ၁၂ ရက် နေပြည်တော်တွင် ပြုလုပ်သည့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။
ညမထွက်ရ သတ်မှတ်ထားသည့် နယ်မြေဒေသများတွင် ကျန်းမာရေးကိစ္စနှင့်ပတ်သက်ပြီး အချိန်မီ ဆောင်ရွက်ပေးနိုင်ရေးအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားရာတွင် “ ညမထွက်ရမြို့တွေက အရေးပေါ် သွားလာမှုနဲ့ပတ်သက်ပြီး တစ်ချက်ပါလာတာရှိတယ်။ အဲဒါလည်း မှန်တယ်ဗျ။ ညမထွက်ရ မြို့တွေကျတော့လည်း လုံခြုံရေးအဖွဲ့အစည်းတွေကလည်း ဟိုတားဒီတား တားမှာလည်း ကြောက်ရတယ်။ နောက်တစ်ခုကလည်း ဒီအပေါ်မှာ မဟုတ်ကဟုတ်က အမြတ်ထုတ်ပြီး မဟုတ်တာ လုပ်မှာလည်း ကြောက်ရတယ်။ နှစ်ဖက်ချိန်ရတာပေါ့။ အဲဒီတော့ ဒါကိုလည်း ကျွန်တော်တို့က အရေးပေါ်လူနာသွားလာရေးနဲ့ ပတ်သက်ပြီးတော့ အတားအဆီးမရှိသွားလို့ ရအောင်လုပ်ရမယ်။ ဆေးရုံတွေသွားနိုင်ဖို့အတွက်။ ဥပမာအားဖြင့်- သူသည် မြို့နယ်မှာပဲ သွားတာလည်းဖြစ်မယ်။ တခြားမြို့နယ် ကျော်သွားတာလည်း ရှိရင်ရှိမယ်။ အဲဒါကိုတော့ စိစစ်ပြီးတော့ တစ်ခါတည်းစိစစ်။ တစ်ခါတည်း ခွင့်ပြုဖို့လိုမယ်။ ဖြတ်သန်းခွင့်ပေးဖို့ လိုမယ်။ တချို့နေရာမှာလည်း Check လုပ်တာတော့ ရှိရင်ရှိမှာပေါ့။ Check လုပ်တာ နှစ်မိနစ်လောက် ရှိရင်ရှိမှာပေါ့။ စက္ကန့် ၃၀ လောက်ကြာရင် ကြာမှာပေါ့။ ခင်ဗျား လူနာပြ။ ဟုတ်ပြီ။ ဆရာဝန်ပါလား။ ဒါမှမဟုတ် ကျန်းမာရေးဝန်ထမ်းပါလား။ ဟုတ်ပါတယ်ဆို ချက်ချင်းလွှတ်လိုက်ပေါ့။ ပြီးတာပါပဲ။ မဟုတ်ဘူးလား။ လုံခြုံရေး အဖွဲ့အစည်းအချင်းချင်း Contact ရှိဖို့ လိုတယ်။ အဲဒီလိုလည်း လုပ်လို့ရရင်လည်း ညမထွက်ရဖြစ်လာတဲ့ ကိစ္စရပ်တွေမှာလည်း ကျော်လွှားလို့ရတယ်ဆိုတာလေး ကျွန်တော်ပြောလိုပါတယ်” ဟု ပြောကြားသည်။
အဆိုပါအစည်းအဝေးတွင် အောက်ဆီဂျင်များ လုံလောက်စွာရရှိအောင် ဆောင်ရွက်ခြင်း၊ ရောဂါကာကွယ်ရေးပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ လုံလောက်စွာရရှိအောင် ထုတ်လုပ်ခြင်းနှင့် ပြည်ပမှတင်သွင်းခြင်းအား မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန်ရရှိအောင် ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ စီမံခန့်ခွဲမှုလုပ်ငန်းများအား မှန်မှန်ကန်ကန်ဆောင်ရွက်မည်ဆိုပါက နိုင်ငံအတွက်အထောက်အကူပြုမည် ဖြစ်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ကြရန်လိုပြီး ကျန်းမာရေးဝန်ကြီးဌာန၏ လိုအပ်ချက်များအား အားလုံးဝိုင်းဝန်း ပံ့ပိုးကူညီဆောင်ရက်ပေးရန် လိုအပ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မှာကြားခဲ့သည့်သတင်း ရရှိသည်။
-
အမေရိကန်တစ်ဒေါ်လာ ကျပ်သုံးထောင်ကျော်၊ ထိုင်း ၁၀၀၁ ဘတ် ကျပ်တစ်သိန်းဝန်းကျင် ဖြစ်လာတဲ့ မြန်မာငွေစျေးကျဆင်းမှု ဂယက်
-
ကြီးထွားလာနေသော ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပြဿနာများနှင့် မြန်မာနိုင်ငံအခြေအနေ
-
ဆင်းရဲသည့်နိုင်ငံအဆင့်မှ ချမ်းသာဖွံ့ဖြိုးပြီးနိုင်ငံအဆင့်သို့ အတိုဆုံးအချိန်ကာလအတွင်း ရောက်ရှိစေခဲ့သည့် စီးပွားရေးဒီဇိုင်းမိုဒယ်ပုံစံ
-
ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ခြင်းနှင့် ထိုင်ဝမ်၏ ကာကွယ်ရေးမဟာဗျူဟာ
-
မုတ်သုံရေကြီးမှုများကြားက ပါကစ္စတန်၏ ဒုက္ခ