Top News

ရပ်ကွက်၊ ကျေးရွာများတွင် လုံခြုံရေးအထောက်အကူပြုအဖွဲ့များ ဖွဲ့စည်းလျက်ရှိပြီး ၄၅ ရာခိုင်နှုန်းခန့် ရှိပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြောကြား
24htopnews | June 13, 2024 6:12 PM CST

ရပ်ကွက်၊ ကျေးရွာများတွင် လုံခြုံရေးအထောက်အကူပြုအဖွဲ့များ ဖွဲ့စည်းလျက်ရှိပြီး လက်ရှိတွင် ၄၅ ရာခိုင်နှုန်းခန့် ရှိပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဇူလိုင် ၁၂ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ရပ်ကွက်၊ ကျေးရွာများ၌ ဒလန်ဟု စွပ်စွဲ၍ သတ်ဖြတ်ခံရခြင်း၊ မီတာဖတ်စာရေးများ သတ်ဖြတ်ခံနေရသည့် ဖြစ်စဉ်များကြောင့် သာမန်လူများလည်း စိုးရိမ်ကြောက်ရွံ့နေရသည့်အတွက် မည်သို့ စီမံဆောင်ရွက်နေပါသလဲဆိုသည့် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

'' ကျွန်တော်တို့ ဆောင်ရွက်နေတာရှိပါတယ်၊ ရပ်ကွက်ကျေးရွာတွေမှာတော့ ရပ်ကွက်၊ ကျေးရွာအလိုက် အကုန်လုံးတော့ ပြည့်ပြည့်စုံစုံ မဖြစ်သေးပါဘူး၊ ရပ်ကွက်ကျေးရွာအလိုက် လုံခြုံရေး အထောက်အကူပြု အဖွဲ့ဆိုပြီး ဆောင်ရွက်နေတာရှိပါတယ်။ အချို့နေရာတွေမှာလည်း တော်တော်လေး အောင်မြင်နေပါပြီ။ ရာခိုင်နှုန်းအားဖြင့်တော့ ၄၅ ရာခိုင်နှုန်းလောက်ပဲ လွှမ်းမိုးနိုင်တယ်လို့ပဲ ပြောရမှာဖြစ်ပါတယ်။ အဲ့လောက်ပဲ လွှမ်းမိုးနိုင်ပါသေးတယ်။ ဒါတွေကို တစ်စတစ်စ ကျွန်တော်တို့ တိုးချဲ့ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ သူတို့ကတော့ လက်နက်ကိုင်ဆောင်တဲ့ အဖွဲ့တွေတော့ မဟုတ်ဘူး။ သို့သော် လုံခြုံရေးအဖွဲ့ ရပ်ရွာ ကျေးရွာ လုံခြုံရေး အထောက်အကူပြုဆိုပြီးတော့ ဖွဲ့စည်းထားတယ်။ သူတို့အနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ပတ်သက်ပြီးတော့ အသိပေးမှုတွေ၊ ဆောင်ရွက်မှုတွေ၊ ကြိုတင်သတိပေးမှုတွေ ဆောင်ရွက်လျက်ရှိတယ်။ ဒီလုံခြုံရေး စနစ်အတွင်းမှာတော့ ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်လာမှုများလေ ပိုပြီးအောင်မြင်လာလေ ဖြစ်မှာ ဖြစ်ပါတယ်'' ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ရပ်ကွက်၊ ကျေးရွာများနှင့် စာသင်းကျောင်များတွင် မီးရှို့ရန် လာသူများကို ပြည်သူလူထု၏ အကူအညီနှင့် ပူပေါင်းပါဝင် ဆောင်ရွက်မှုများကြောင့် ဖမ်းဆီးရမိမှုများရှိနေပြီး အချို့နေရာတွင် ယင်းသို့သော အကြမ်းဖက်လုပ်ရပ်များကို တဖြည်းဖြည်းသိရှိလာခြင်းကြောင့် ပြည်သူလူထုက လက်မခံတော့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက '' ကျွန်တော်တို့ တစ်ချို့နေရာတွေမှာတော့ ဒီအကြမ်းဖက်လုပ်ရပ်တွေ တဖြည်းဖြည်း သိလာပြီး ပြည်သူလူထုလည်း လက်မခံတော့ပါဘူး။ COVID-19 နဲ့ပတ်သက်ပြီးတော့ စစ်ဆေးရေး ဂိတ်တွေရှိတယ်။ အဲ့စစ်ဆေးရေးဂိတ်ကိုတောင်မှပဲ လာပြီးတော့ လက်ပစ်ဗုံးနဲ့ ပစ်တာတို့၊ မိုင်းနဲ့ပစ်တာတို့ ဒါမျိုးတွေ ရှိပါတယ်။ အဲ့ဒီ သူတွေကိုလည်း မကြားသေးမီမှာ ဖမ်းဆီးရမိပါတယ်။ အဓိကကတော့ ပြည်သူလူထုရဲ့ ပူးပေါင်းဆောင်ရွက်မှုလိုပါတယ်။ ကျွန်တော်တို့အနေနဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးမှာ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ကျန်တဲ့ လုံခြုံရေးအဖွဲ့အစည်း အသီးသီးတွေ အဓိက တာဝန်ရှိပါတယ်။ တာဝန်မရှိဘူးလို့ ပြောနေတာမဟုတ်ဘူး၊ တာဝန်ရှိတယ်၊ အဓိကလည်း တာဝန်ရှိတယ်။ ကျွန်တော်တို့ လုပ်ဆောင်နေရတဲ့အခါမျိုးမှာ အနှောက်အယှက် အဖျက်အစီးမျိုးစုံလည်း ရှိပါတယ်။ သို့သော် ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုနဲ့ အောင်မြင်လာမယ်လို့ပဲ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ခုနကပြောတဲ့ ရန်ပြုခံရတာ၊ အသတ်ခံရတာတွေနဲ့ ပတ်သက်ပြီးတော့ ရပ်ရွာတွေမှာ ရပ်ရွာအလိုက် လုံခြုံရေးအထောက်အကူပြုအဖွဲ့တွေ အမြန်ဆုံးဖွဲ့စည်းနိုင်ဖို့လည်း ဝိုင်းဝန်းကူညီပေးကြဖို့ ပြောလိုပါတယ်'' ဟု ပြောကြားသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများကို ဒလန်ဟုစွပ်စွဲ၍ သတ်ခြင်းများ၊ ဒလန်ဟု စွပ်စွဲ၍ ရပ်ရွာထဲတွင် နေထိုင်၍မရအောင် လုပ်ဆောင်နေခြင်းများရှိနေဆဲဖြစ်ပြီး အချို့နေရာများတွင် အပြည့်အဝ အကာအကွယ် မပေးနိုင်ခြင်းကို ဝန်ခံကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက '' တစ်ချို့ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေဆိုလည်း ရပ်ရွာထဲမှာတော့ ကျွန်တော်တို့ ကာကွယ်စောင့်ရှောက်မှု တစ်ချို့နေရာမှာ ပေးနိုင်ပေမယ့် ခရီးထွက်သွားတဲ့အခါမှာ မပေးနိုင်ပါဘူး။ မြို့နယ်ကို သွားတဲ့အခါမှာ၊ ခရီးထွက်သွားတဲ့အခါမှာ မပေးနိုင်ပါဘူး။ ကျွန်တော်အနေနဲ့ မေတ္တာရပ်ခံလိုတာကတော့ သံသယရှိတဲ့ အုပ်ချုပ်ရေးမှူးတွေ၊ ပြီးရင် ရန်ပြုခံနေရတဲ့လူတွေအနေနဲ့ ဒီလိုမျိုး ခရီးထွက်တယ်၊ သွားတယ်ဆိုရင် သက်ဆိုင်ရာ ယုံကြည်စိတ်ချရတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အသိပေးသွားဖို့ ပထမဦးဆုံး ပြောလိုပါတယ်။ လုံခြုံရေးအခြေအနေအရ အကူအညီတောင်းခံတာမျိုးတွေလည်း ရှိပါတယ်။ အကူအညီ တောင်းခံတိုင်းလည်း ကျွန်တော်တို့ အပြည့်အဝ မပေးနိုင်တဲ့ဟာမျိုး ရှိပါတယ်။ သို့သော် သက်ဆိုင်ရာကို အကြောင်းကြားပြီးသွားဖို့ ပြောလိုပါတယ်'' ဟု ပြောကြားသည်။


READ NEXT
Cancel OK