Top News

ရွေးကောက်ပွဲ ကော်မရှင်ကို ရွေးကောက်ပွဲများ၏ တရားဝင်မှု၊ လွတ်လပ်မျှတမှု တို့ကို အာမခံနိုင်သော ဘက်မလိုက်သည့် အဖွဲ့အစည်း တစ်ရပ်အဖြစ် ပြောင်းလဲ ပေါ်ပေါက်လာရန် ကြိုးပမ်းမည်ဟု SNLD ပါတီ ကြေညာ
24htopnews | June 9, 2024 2:12 PM CST

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ရွေးကောက်ပွဲများ၏ တရားဝင်မှု၊ လွတ်လပ်မျှတမှုတို့ကို အာမခံနိုင် သော ဘက်မလိုက်သည့် အဖွဲ့အစည်းတစ်ရပ်အဖြစ် ပြောင်းလဲပေါ်ပေါက်လာရန် ကြိုးပမ်းသွားမည်ဟု ရှမ်းတိုင်း ရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ က အောက်တိုဘာ ၂၆ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၆ ရက်တွင် ကျရောက်သည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ၏ (၃၂) နှစ်မြောက် ပါတီတည်ထောင်ခြင်း နှစ်ပတ်လည် အထိမ်းအမှတ် သဘောထား ထုတ်ပြန်ချက်တွင် ထိုသို့ ကြေညာခဲ့ခြင်းဖြစ်သည်။

ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲများနှင့် ကျင်းပလတ္တံ့သော ရွေးကောက်ပွဲတို့အပေါ် သင်ခန်းစာယူ စိစစ် သုံးသပ်ပြီး ရွေးကောက်ပွဲများတွင် အဓိကတာဝန်ရှိသော ရွေးကောက်ပွဲကော်မရှင် ခန့်အပ်ခြင်း၊ ဖွဲ့စည်းခြင်း၊ တာဝန်နှင့်လုပ်ပိုင်ခွင့် စသည်တို့၏ အားနည်းချက်များကို အပြုသဘော ဝေဖန်သုံးသပ် အကြံပြုပြီး ရွေးကောက် ပွဲများ၏ တရားဝင်မှု၊ လွတ်လပ်မျှတမှုတို့ကို အာမခံနိုင်သော ဘက်မလိုက်သည့် အဖွဲ့အစည်းတစ်ရပ်အဖြစ် ပြောင်းလဲပေါ်ပေါက်လာရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း SNLD ပါတီက ကြေညာသည်။

ကော်မရှင်နှင့် ပတ်သက်၍ ပထမဆုံး ပြုပြင်ဆောင်ရွက်ရန် လိုအပ်ခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်ပြုပြင်ရမည်ဖြစ်ပြီး အသစ်တက်လာသည့် အစိုးရက ရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းတာဝန် ပေးအပ်ခြင်းသည် မဖြစ်သင့်သော အနေအထားဖြစ်ကြောင်း SNLD ပါတီ အထွေထွေအတွင်းရေးမှူး စိုင်းလိတ်က ပြောကြားသည်။

“ရွေးကောက်ပွဲကော်မရှင်နဲ့ပတ်သက်ရင်တော့ ပထမဆုံး ပြုပြင်ဆောင်ရွက်ဖို့ လိုအပ်တာက ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရေးထားချက်ကို ပြန်လည်ပြီးတော့မှ ပြုပြင်ရမှာပေါ့နော်။ တက်လာတဲ့ အစိုးရကပဲ ဒီရွေးကောက်ပွဲ ကော်မရှင်ကို ခန့်ထားတယ်၊ ဖွဲ့စည်းပေးတယ်၊ တာဝန်ပေးအပ်တယ်ဆိုတာက မဖြစ်သင့်တဲ့ အနေအထားပေါ့နော်။ လွတ်လပ်ပြီးတော့မှ အနှောင်အဖွဲ့ကင်းတဲ့ အဖွဲ့အစည်းတစ်ရပ် ဖြစ်ဖို့ုဆိုရင် အစိုးရနဲ့ အထူးသဖြင့် အုပ်ချုပ်ရေးယန္တရားနဲ့သူက ကင်းလွတ်နေဖို့ လိုအပ်ပါတယ်” ဟု SNLD ပါတီ အထွေထွေ အတွင်းရေးမှူး စိုင်းလိတ်က ပြောကြားသည်။

ထိုသို့ လွှတ်တော်အတွင်းမှတစ်ဆင့် ကော်မရှင်အား ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နိုင်ရေးအတွက် လွှတ်တော်တွင် ဥပဒေကြမ်းတစ်ရပ် တင်နိုင်သော လွှတ်တော်နေရာ အောင်နိုင်မှု ရရှိအောင် ဆောင်ရွက်ရ မည်ဖြစ်သော်လည်း လက်ရှိ တိုင်းရင်းသားများ စုပေါင်း၍ နိုင်ထားသော ရာခိုင်နှုန်းသည် လိုအပ်သော ရခိုင်နှုန်း၏ ထက်ဝက်ပင် မရှိကြောင်း ၎င်းက ဆိုသည်။

“အဲဒါကိုတွေ ပြန်လည်ပြုပြင်ဖို့ဆိုရင် လွှတ်တော်အတွင်းမှာ ကျွန်တော်တို့ ဥပဒေကြမ်းတစ်ရပ် တင်နိုင်တဲ့ လွှတ်တော်နေရာ အောင်နိုင်မှု ရရှိအောင် ပထမဆုံး ကြိုးစားရမှာပေါ့နော်။ အခု တိုင်းရင်းသားတွေ စုပေါင်းပြီး နိုင်ထားတဲ့ ရာခိုင်နှုန်းက လိုအပ်တဲ့ ရာခိုင်နှုန်းရဲ့ တဝက်တောင် ကောင်းကောင်းမပြည့်ဘူး။ အဲဒါကြောင့်မို့လို့ လွှတ်တော်တွင်းမှာ ဥပဒေကြမ်းတစ်ရပ် တင်နိုင်တဲ့ အနေအထားမျိုး ရောက်ရှိအောင် ပထမ ရွေးကောက်ပွဲ အောင်နိုင်ဖို့အတွက် ကျွန်တော်တို့ ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှပဲ ကျွန်တော်တို့ တခြားလိုအပ်တာတွေ ဆက်ပြီးတော့မှ ဆွေးနွေးညှိနှိုင်းရမှာပေါ့နော်”ဟု စိုင်းလိတ်က ပြောကြားသည်။

ထို့ပြင် ၂၀၁၅ ရွေးကောက်ပွဲအား အောင်မြင်စွာ ကျင်းပပေးခဲ့သော ကော်မရှင်သည် အချက်အလက်များအရ တရားမျှတမှု ပြည့်ဝသည်ဟု ပြောနိုင်ကြောင်း၊ လက်ရှိရွေးကောက်ပွဲကော်မရှင်သည် အုပ်ချုပ်ရေးပိုင်းကို ထည့်တွက်နေရသည့် အနေအထားမျိုးရှိကြောင်းနှင့် တရားမျှတမှုအပိုင်းနှင်ပတ်သက်၍ လက်ရှိ ကော်မရှင်၏ ဆောင်ရွက်ချက်များသည် ကျေနပ်လောက်သော အနေအထားမျိုး မရှိကြောင်း စိုင်းလိတ်က ဝေဖန်သည်။

ခက်ခဲကြမ်းတမ်းသော လမ်းခရီးများကို ၃၂ နှစ်တိုင် ကြံ့ကြံ့ခံ ကျော်ဖြတ်ခဲ့ပြီးသည့် နည်းတူ ခေတ်မီသော ပါတီတစ်ရပ်အဖြစ် ဆက်လက်ရှင်သန်နိုင်စေရန် ပါတီတွင်း စည်းလုံးညီညွတ်မှု၊ ပါတီတွင်း အပြန်အလှန် နားလည်သဘောထားကြီးမှုများအပြင် သဘောတရားရေးအမြင်၊ စည်းရုံးရေး အမြင်များဖြင့် ပြည်သူများ၏ အကျိုးစီးပွား ရှိရာရှိကြောင်း ယခုထက် ပိုမိုဆောင်ကြဉ်းပေးနိုင်ရေး ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း SNLD ပါတီက ကြေညာခဲ့သည်။

 

 


READ NEXT
Cancel OK