လာမည့် နိုဝင်ဘာ ၈ ရက်တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပတော့မည် ဖြစ်သည်။ အဆိုပါ ၂၀၂၀ ရွေးကောက်ပွဲကို ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃၀ ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈ နယ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်မဲဆန္ဒနယ် ၆၄၄ နယ်နှင့် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ နယ်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပါတီပေါင်း ၉၀ ကျော်မှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော်ဖြင့် ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ ထိုသို့ ဝင်ရောက် ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော်ထဲမှ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်းရှိ ရွေးကောက်ပွဲကျင်းပမည့် မဲဆန္ဒနယ်များမှ ဒေသခံပြည်သူများ စိတ်ဝင်စားမှု မြင့်တက်နိုင်သည့် ကိုယ်စားလှယ်လောင်းအချို့နှင့် ပြိုင်ဆိုင်မှု ပြင်းထန်နိုင်သည့် မဲဆန္ဒနယ်များမှ ကိုယ်စားလှယ်လောင်းအချို့ကို Eleven Media Group အယ်ဒီတာအဖွဲ့က ရွေးချယ်ဖော်ပြလိုက်ပါသည်။
အမည် - ဦးသင်းလှိုင်
အသက် - ၆၀ နှစ်
ပညာအရည်အချင်း - B.A, BEd
လူမျိုး - ရခိုင်
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၁)
ရခိုင်လူမျိုးတစ်ဦးဖြစ်သော ဦးသင်းလှိုင်သည် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ကိုယ်စားပြု၍ ရခိုင်ပြည်နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁) တွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ ၎င်းသည် ပညာရေးလောကမှ ဝန်ထမ်းတစ်ဦးဖြစ်ပြီး အထက်တန်းကျောင်းအုပ်၊ မြို့နယ်ပညာရေးမှူး၊ မောင်တောမြို့ ခရိုင်ပညာရေးမှူးရုံးတွင် လက်ထောက် ညွှန်ကြားရေးမှူးတာဝန်တို့ကို ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၎င်းယှဉ်ပြိုင်မည့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) သည် ယခင် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၁၀) ဖြစ်ပြီး ကျောက်ဖြူမြို့နယ်နှင့် မာန်အောင်မြို့နယ်တို့ ပါဝင်ကာ ၂၀၁၅ ရွေးကောက်ပွဲရလဒ်အရ ရခိုင်အမျိုးသားပါတီ အနိုင်ရရှိထားပြီး NLD ပါတီနှင့် ပြည်ခိုင်ဖြိုးပါတီ တို့သည်လည်း မဲရလဒ်များ ကောင်းခဲ့သည့် မဲဆန္ဒနယ်ဖြစ်သဖြင့် ဦးသင်းလှိုင်အနေဖြင့် ယှဉ်ပြိုင်မှု ပြင်းထန်မည် ဖြစ်သည်။
အမည် - ဦးစန်းအောင်
အသက် - ၅၆ နှစ်
ပညာအရည်အချင်း - ၈ တန်းအောင်
လူမျိုး - ရခိုင်
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ရခိုင်ပြည်နယ်အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၂)
ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) တွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြု၍ ဝင်ပြိုင်မည့် ကိုယ်စားလှယ်မှာ ဦးစန်းအောင် ဖြစ်သည်။ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) တွင် ရမ်းဗြဲနှင့် အမ်းမြို့နယ်များပါဝင်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီနှင့် ရခိုင်အမျိုးသားပါတီ စသည့် သုံးပါတီသာ ယှဉ်ပြိုင်ခဲ့သည့် မဲဆန္ဒနယ် ဖြစ်သည်။ ယင်းမဲဆန္ဒနယ်မြေအတွက် ၂၀၂၀ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများ၏ ပြိုင်ဆိုင်မှုကို ကြည့်ပါက အဓိကအားဖြင့် ဒေသတွင်း ပါတီ သုံးခုနှင့် ပြည်မပါတီကြီး နှစ်ခုတို့က ယှဉ်ပြိုင်သွားမည် ဖြစ်သည်။ ဦးစန်းအောင် အနေဖြင့် ဌာနေ ရခိုင်အမျိုးသားပါတီ၊ ရခိုင့်ဦးဆောင်ပါတီတို့အပြင် NLD ပါတီနှင့် ပြည်ခိုင်ဖြိုးပါတီတို့မှ ကိုယ်စားလှယ်လောင်းများနှင့် အကြိတ်အနယ် ယှဉ်ပြိုင်ရမည် ဖြစ်သည့်အတွက် ပြည်သူများ၏ စိတ်ဝင်စားမှုရေချိန်ကို မြင့်တက်စေသည်။
အမည် - ဦးထွန်းဝင်းလတ်
အသက် - ၄၃ နှစ်
ပညာအရည်အချင်း - B.A (Geography)
လူမျိုး - ရခိုင်
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - ရခိုင့်ဦးဆောင်ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၂)
ရခိုင့်ဦးဆောင်ပါတီကို ကိုယ်စားပြုပြီး ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) တွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်သူ ဦးထွန်းဝင်းလတ်သည် ၂၀၁၇ ခုနှစ်က အမ်းမြို့နယ်တွင် ဒေါက်တာအေးမောင်၏ အောင်နိုင်ရေးကို ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ အမ်းမြို့နယ်၊ တပ်တောင်မြို့၏ ဂရုဏာကမ်းလက် ပရဟိတလူမှုအဖွဲ့အစည်းနှင့် ရပ်ရွာသာရေး/နာရေးများတွင် လုပ်ကိုင် ဆောင်ရွက်နေသူဖြစ်၍ ဒေသခံလူထုနှင့် မစိမ်းသူဖြစ််သည်။ ရခိုင်လူမျိုးများ၏ အမျိုးသားနိုင်ငံရေးနှင့် ရခိုင်မျိုးနွယ်စုများ၏ အခွင့်အရေးများကို မိမိ၏ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပြည်သူများနှင့် လက်တွဲ၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြွေးကြော်ထားသည်။ ရခိုင့်ဦးဆောင်ပါတီသည် ထောင်ဒဏ် ကျခံနေရသည့် လူသိများသော ရခိုင်နိုင်ငံရေးသမားဖြစ်သည့် ဒေါက်တာအေးမောင် တည်ထောင်ထားသော ပါတီဖြစ်သည်။
အမည် - ဦးကျော်ဇောဦး
အသက် - ၄၆ နှစ်
ပညာအရည်အချင်း - B.A(His) , AGTI (မြို့ပြ)
လူမျိုး - ရခိုင်
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - ရခိုင့်ဦးဆောင်ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၃)
ဦးကျော်ဇောဦးသည် လက်ရှိတွင်လည်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တစ်ဦး ဖြစ်သည်။ ၎င်းယှဉ်ပြိုင်မည့် အမျိုးသားလွှတ်တော် မဲန္ဒနယ်မြေအမှတ် (၃) တွင် စစ်တွေမြို့နယ် ပါဝင်သည်။ ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင် ထောင်ဒဏ်ကျခံနေရသဖြင့် ပါတီကို လက်ရှိ ဦးဆောင်သူအဖြစ် ဦးကျော်ဇောဦးကို တာဝန်ပေးအပ်ထားသဖြင့် ၎င်းသည် နိုင်ငံရေး တာဝန်များကို နိုင်နင်းစွာ ဆောင်ရွက်နိုင်သူဟု ဆိုရမည်ဖြစ်သည့်အပြင်လူသိများသူ တစ်ဦးလည်း ဖြစ်သဖြင့် ရွေးကောက်ပွဲ အနိုင်ရရှိရေး ရာခိုင်နှုန်းတစ်ခု ရရှိထားသူဟုလည်း အကဲဖြတ်များက သုံးသပ်သည်။ ဦးကျော်ဇောဦးသည် ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ်လောင်းနှင့် အဓိကယှဉ်ပြိုင်မည့် အခြေအနေ ရှိသည်။ ရခိုင်အမျိုးသားပါတီ ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်မည့်သူမှာ ပါတီခေါင်းဆောင်ပိုင်းတွင် ပါဝင်သည့် ဦးထွန်းအောင်ကျော်ဖြစ်ပြီး ၎င်းသည်လည်း ပထမအကြိမ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း တစ်ဦးဖြစ်ကာ လူသိထင်ရှားသူ ဖြစ်သည်။
အမည် - ဦးတင်ညို
အသက် - ၆၆ နှစ်
ပညာအရည်အချင်း - ဥပဒေဘွဲ့၊ စီးပွားရေးနှင့်ဆိုင်သောဥပဒေဒီပလိုမာဘွဲဲ့
လူမျိုး - ရခိုင်
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - ရခိုင်အမျိုးသားပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် -ရခိုင်ပြည်နယ်အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၁၁)
ရခိုင်အမျိုးသားပါတီမှ ဒုတိယဥက္ကဋ္ဌ (၁) ဖြစ်သူ ဦးတင်ညိုသည် လာမည့် ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁၁) မှ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ ဥပဒေပညာရှင် တစ်ဦးဖြစ်သော ၎င်းသည် ၁၉၈၄ ခုနှစ်က ဥပဒေအရရှိ (အစိုးရရှေ့နေ) အဖြစ် စတင်ခန့်အပ်ခြင်းခံရပြီး ဂွမြို့နယ်၏ ပထမဆုံးသော ဥပဒေအရာရှိ ဖြစ်သည်။ သံတွဲ၊ ဗဟန်း၊ ပလက်ဝ၊ မင်္ဂလာဒုံ၊ မြန်အောင်မြို့နယ်များရှိ ဥပဒေရုံးများတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ထောက်ညွှန်ကြားရေးမှူး တာဝန်ဖြင့် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဥပဒေရေးဆွဲရေးဌာနတွင် နှစ်နှစ်ကြာ တာဝန်ထမ်းဆောင်ကာ ဥပဒေရေးဆွဲရေး ပညာကို တတ်မြောက်ခဲ့သူ တစ်ဦးဖြစ်သည်။ ၎င်းယှဉ်ပြိုင်မည့် မဲဆန္ဒနယ်သည် ဂွမြို့နယ်နှင့် သံတွဲမြို့နယ် ပါဝင်ကာ ပုံမှန်အားဖြင့် ပြည်မပါတီများ အားကောင်းသည့်ဒေသ ဖြစ်သော်လည်း လက်ရှိ ရခိုင်ပြည်နယ် နိုင်ငံရေးအခြေအနေအရ ဦးတင်ညိုအနေဖြင့် အနိုင်ရရှိနိုင်ခြေများသည်။
အမည် - ဦးသန်းဝင်း
အသက် - ၅၆ နှစ်
ပညာအရည်အချင်း - B.A (Geog)
လူမျိုး - ရခိုင်
ကိုးကွယ်သည့်ဘာသာ - ဗုဒ္ဓ
ကိုယ်စားပြုပါတီ - ရခိုင်အမျိုးသားပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၁၂)
ရခိုင်အမျိုးသားပါတီ ကိုယ်စားပြု၍ ဦးသန်းဝင်းသည် ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၁၂) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဖြစ်သည်။ ၎င်းအနေဖြင့် ရွေးကောက်ပွဲတွင် ဒေသတွင်း ပါတီတစ်ခုနှင့် ပြည်မအင်အားကြီး ပါတီနှစ်ခုမှ ကိုယ်စားလှယ်လောင်းများဖြင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။ အများအားဖြင့် အဆိုပါ မဲဆန္ဒနယ်မြေသည် ပြည်မပါတီများ အားကောင်းလေ့ ရှိသော်လည်း NLD အစိုးရ သက်တမ်းအတွင်း နိုင်ငံရေး အခြေအနေအရ အပြောင်းအလဲ ဖြစ်နိုင်ခြေလည်း ရှိကြောင်း သုံးသပ်မှုများရှိသည့်အတွက် ယင်းမဲဆန္ဒနယ်မြေတွင် ပြိုင်ဆိုင်မှု ပြင်းထန်နိုင်ကြောင်း သုံးသပ်ရသည်။ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၁၂) တွင် တောင်ကုတ်တစ်မြို့နယ်ထဲသာ ပါဝင်သည်။
အမည် - ဦးထိန်လင်း
အသက် - ၃၉ နှစ်
ပညာအရည်အချင်း - LLB
လူမျိုး/ဘာသာ - ရခိုင်/ ဗုဒ္ဓ
ကိုယ်စားပြုပါတီ - ရခိုင်အမျိုးသားပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဦးထိန်လင်းသည် ရခိုင်လူမျိုးဖြစ်ပြီး အထက်တန်းရှေ့နေ တစ်ဦးဖြစ်သည်။ ၎င်းယှဉ်ပြိုင်မည့် ကျောက်ဖြူမြို့နယ်တွင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ၌ ရခိုင်အမျိုးသားပါတီ၏ ကိုယ်စားလှယ်ကပင် အနိုင်ရရှိထားပြီး ယခုရွေးကောက်ပွဲတွင် ဦးထိန်လင်းကို ပြောင်းလဲယှဉ်ပြိုင်စေခြင်း ဖြစ်သည်။ ဒေသအတွင်း တိုင်းရင်းသားများ၏ ထောက်ခံမှုရှိသည့် ပါတီကိုယ်စားလှယ်လောင်း ဖြစ်သည့်အလျောက် ထပ်မံအနိုင်ရရှိရန် အခွင့်အရေးရှိသည်ဟု သုံးသပ်ရသည်။ ၎င်းအနေဖြင့် ယင်းမဲဆန္ဒနယ်တွင် အခြား ရခိုင်တိုင်းရင်းသားပါတီများနှင့် အဓိကယှဉ်ပြိုင်ရမည့်အပြင် ပြည်မမှ NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီ တို့လည်း ပါဝင်သည့်အတွက် ပြိုင်ဆိုင်မှု ပြင်းထန်နိုင်သည်။
အမည် - ဦးခင်မောင်ကျော်
အသက် - ၅၆ နှစ်
ပညာအရည်အချင်း - B.A (Myan)
လူမျိုး/ဘာသာ - ရခိုင်/ ဗုဒ္ဓ
ကိုယ်စားပြုပါတီ - ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - မာန်အောင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဦးခင်မောင်ကျော်သည် ရခိုင်လူမျိုးဖြစ်ပြီး မာန်အောင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်သည်။ ၎င်းသည် အလယ်တန်းပြ ကျောင်းဆရာတစ်ဦး ဖြစ်သည့်အပြင် ဒေသခံ တိုင်းရင်းသားများ၏ ထောက်ခံမှုအားကောင်းသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်လောင်းဖြစ်၍ အလားအလာကောင်းသည်ဟု ယူဆရသည်။ ယင်းမဲဆန္ဒနယ်၌ ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရရှိထားသည်။ ဦးခင်မောင်ကျော်အနေဖြင့် NLD ပါတီအပြင် ဒေသအတွင်း ထောက်ခံမှုရှိသည့် ရခိုင်တိုင်းရင်းသားပါတီများကို အဓိက ယှဉ်ပြိုင်ရမည် ဖြစ်သဖြင့် စိတ်ဝင်စားစရာကောင်းသည့် မဲဆန္ဒနယ်ဟု ဆိုနိုင်သည်။
အမည် - ဦးကျော်ရွှေ
အသက် - ၆၆ နှစ်
ပညာအရည်အချင်း - B.A, B.Ed
လူမျိုး/ဘာသာ - ရခိုင်/ ဗုဒ္ဓ
ကိုယ်စားပြုပါတီ - ရခိုင်အမျိုးသားပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ရမ်းဗြဲမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဦးကျော်ရွှေသည် ဒေသအတွင်း ထောက်ခံမှု အားကောင်းသည့် ရခိုင်အမျိုးသားပါတီမှ ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး လက်ရှိတွင် ရမ်းဗြဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်သည်။ ၎င်းအနေဖြင့် ရခိုင်ပြည်နယ် မြို့နယ်များတွင် မူလတန်းပြဆရာ၊ အလယ်တန်းပြဆရာနှင့် အထက်တန်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ဖူးသူ ဖြစ်သည်။ နိုင်ငံရေးဖြတ်သန်းမှု အနေဖြင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တင်းပြည့်ပါတီတွင် ပါတီစိတ် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ဖူးသည်။ ယင်းမဲဆန္ဒနယ်တွင် ဒေသတွင်း တိုင်းရင်းသားပါတီများနှင့်အတူ ပြည်မပါတီဖြစ်သည့် NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီတို့ကို ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
အမည် - ဦးထွန်းထွန်းနိုင်
အသက် - ၃၄ နှစ်
ပညာအရည်အချင်း - MPAF (Strategic Planning & Public Policy)
လူမျိုး/ဘာသာ - ရခိုင်/ ဗုဒ္ဓ
ကိုယ်စားပြုပါတီ - ရခိုင်အမျိုးသားပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - အမ်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဦးထွန်းထွန်းနိုင်သည် ရခိုင်လူမျိုးဖြစ်ပြီး ရခိုင်အမျိုးသားပါတီမှ ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်း ဖြစ်သောကြောင့် အမ်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဒေသခံများ၏ စိတ်ဝင်စားမှု ခံရသူဟု ဆိုနိုင်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ယင်းနေရာတွင် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိထားသည်။ ယခုရွေးကောက်ပွဲတွင် ဒေသတွင်း တိုင်းရင်းသားပါတီများ၏ ပြင်ဆင်မှု အားကောင်းလာသည်နှင့်အမျှ ဦးထွန်းထွန်းနိုင်အနေဖြင့် ထောက်ခံမဲရရှိရန် အလားအလာ ကောင်းသည်ဟု ယူဆရသည်။ ယင်းမဲဆန္ဒနယ်တွင် ပြည်ခိုင်ဖြိုးပါတီနှင့် NLD ပါတီနှင့် ဒေသအတွင်း ရခိုင်တိုင်းရင်းသားပါတီများ ယှဉ်ပြိုင်မည် ဖြစ်သည်။
အမည် - ဦးဇော်ကိုကိုလင်း
အသက် - ၂၇ နှစ်
ပညာအရည်အချင်း - ဘူမိဗေဒ(ပထမနှစ်)
လူမျိုး/ဘာသာ - ရခိုင်/ ဗုဒ္ဓ
ကိုယ်စားပြုပါတီ - ရခိုင့်ဦးဆောင်ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဦးဇော်ကိုကိုလင်းသည် ရခိုင်လူငယ်တစ်ဦးဖြစ်ပြီး ဒေသခံ တိုင်းရင်းသားများ ထောက်ခံမှုရှိသည့် ရခိုင့်ဦးဆောင်ပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သဖြင့် ထောက်ခံမဲရရှိရန် အလားအလာကောင်းသည်ဟု သုံးသပ်ရသည်။ သို့သော် ၂၀၁၅ ရွေးကောက်ပွဲတွင် ယင်းမဲဆန္ဒနယ်၌ ရခိုင်အမျိုးသားပါတီက အနိုင်ရရှိထားသဖြင့် ယခုရွေးကောက်ပွဲတွင် ၎င်းအနေဖြင့် ဒေသအတွင်း ပါတီဖြစ်သည့် ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ်လောင်းနှင့် အဓိကယှဉ်ပြိုင်ရမည့် အခြေအနေရှိသည်။ ထို့ပြင် ယင်းမဲဆန္ဒနယ်တွင် ပြည်မမှ NLD ပါတီ ၊ပြည်ခိုင်ဖြိုးပါတီတို့မှ ကိုယ်စားလှယ်လောင်းများလည်း ယှဉ်ပြိုင်မည် ဖြစ်သည်။
အမည် - ဦးထွန်းအေးကျော်
အသက် - ၅၉ နှစ်
ပညာအရည်အချင်း - B.A, BEd
လူမျိုး/ဘာသာ - ရခိုင်/ ဗုဒ္ဓ
ကိုယ်စားပြုပါတီ - ရခိုင်အမျိုးသားပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ဂွမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်
ဦးထွန်းအေးကျော်သည် ရခိုင်အမျိုးသားပါတီမှ ဝင်ရောက်ယှဉ်ပြိုင်သည့် ရခိုင်လူမျိုး ကိုယ်စားလှယ်လောင်းဖြစ်ပြီး အထက်တန်းကျောင်းအုပ်ဆရာ တစ်ဦးဖြစ်သည့်အတွက် ဒေသခံများ၏ ထောက်ခံမှုနှင့် စိတ်ဝင်စားမှုခံရသူဟု ဆိုနိုင်သည်။ ဂွမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်နေရာကို ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရရှိထားသော်လည်း ဌာနေ တိုင်းရင်းသားပါတီများ အားကောင်းသည့်အတွက် ယခုရွေးကောက်ပွဲတွင် NLD ပါတီအနေဖြင့် အနိုင်ရရန် မလွယ်ကူနိုင်ပေ။ အဆိုပါ မဲဆန္ဒနယ်တွင် NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ ယှဉ်ပြိုင်မည် ဖြစ်သည်။
အမည် - ဒေါ်နီနီမေမြင့်
အသက် - ၃၁ နှစ်
ပညာအရည်အချင်း - စတုတ္ထနှစ် (ဥပဒေဘွဲ့)
လူမျိုး/ဘာသာ - ရခိုင်/ ဗုဒ္ဓ
ကိုယ်စားပြုပါတီ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
ဒေါ်နီနီမေမြင့်သည် အသက် ၃၁ နှစ်အရွယ် ရခိုင်လူငယ် တစ်ဦးဖြစ်သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် NLD ပါတီမှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိ၍ လက်ရှိ တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်သည်။ ၎င်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုလူငယ်လုပ်ငန်းအဖွဲ့ အုပ်ချုပ်ရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ၁၄၃ / ၅၀၅ (ခ) ဖြင့် ပြစ်ဒဏ်ကျခံခဲ့ဖူးသူလည်း ဖြစ်သည်။ ယခုရွေးကောက်ပွဲတွင် ဒေသအတွင်း တိုင်းရင်းသားထောက်ခံမှု အားကောင်းသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရခိုင်အမျိုးသားပါတီနှင့် ပြည်မပါတီဖြစ်သော ပြည်ခိုင်ဖြိုးတို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သဖြင့် စိတ်ဝင်စားစရာကောင်းသည့် မဲဆန္ဒနယ်တစ်ခု ဖြစ်သည်။
အမည် - ဦးမင်းကြည်
အသက် - ၆၀ နှစ်
ပညာအရည်အချင်း - B.Sc Geology
လူမျိုး/ဘာသာ - ရခိုင်/ ဗုဒ္ဓ
ကိုယ်စားပြုပါတီ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - သံတွဲမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်
ဦးမင်းကြည်သည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် NLD ပါတီမှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိပြီး လက်ရှိ သံတွဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦး ဖြစ်သည်။ ယခု ၎င်းယှဉ်ပြိုင်မည့် သံတွဲမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဒေသတွင်း အားကောင်းသော တိုင်းရင်းသားပါတီများဖြစ်သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ရခိုင်အမျိုးသားပါတီတို့ ယှဉ်ပြိုင်သဖြင့် အကြိတ်အနယ် ရှိနိုင်သည်ဟု သုံးသပ်ရသည်။ ထို့ပြင် ယင်းမဲဆန္ဒနယ်၌ ပြည်ခိုင်ဖြိုးပါတီ၊ ကမန်အမျိုးသားတိုးတက်ရေးပါတီ၊ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များလည်း ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
-
ထရန့်က ကုန်သွယ်ရေးနှင့် ပညာရေးဝန်ကြီးရာထူးနေရာများအတွက် အမည်စာရင်းတင်သွင်း
-
ဝေဖန်ခံနေရသည့် အသင်းဖော် ချူပိုမိုတင်းကို ဘာပေ အားပေး
-
ပရီးမီးယားလိဂ်သို့ ပြန်လည်ပြောင်းရွှေ့မည်မဟုတ်ဟု ကော်တင်ဟို ပြောကြား
-
သထုံမြို့နယ်တွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် Puma Power စက်သုံးဆီအရောင်းဆိုင် မန်နေဂျာကို ၁၀ ရက်ကြာသည်အထိ အဆက်အသွယ်မရသေး
-
ဖိလစ်ပိုင်တွင် ဆဋ္ဌမမြောက် တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် မြေပြိုမှုများဖြစ်ပွားပြီး လူခုနစ်ဦး သေဆုံး