Top News

ရောဂါဘေး၊ လက်နက်ဘေးကျရောက်နေသော ဒေသများတွင် ပြည်သူ့လုံခြုံရေးကိုရှေးရှု၍ ရွေးကောက်ပွဲကျင်းပခြင်းကို ရွှေ့ဆိုင်း သို့မဟုတ် ပယ်ဖျက်ရန် ပြည်ခိုင်ဖြိုးပါတီ တောင်းဆို
24htopnews | June 9, 2024 2:12 PM CST

ရောဂါဘေး၊ လက်နက်ဘေးကျရောက်နေသော ဒေသများတွင် ပြည်သူတို့၏ လုံခြုံရေးကိုရှေးရှု၍ ရွေးကောက်ပွဲ ကျင်းပခြင်းကို ရွှေ့ဆိုင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းတို့ ဆောင်ရွက်ပေးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တောင်းဆိုသည်။

ယင်းအချက်အပါအဝင် အချက်ငါးချက်ပါ အိတ်ဖွင့်ပေးစာကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ အောက်တိုဘာ ၂၆ ရက်က ပေးပို့တောင်းဆိုခြင်းခဲ့ဖြစ်ပြီး မိတ္တူကို နိုင်ငံတော်သမ္မတရုံးနှင့် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးတို့ထံ ပေးပို့ကြောင်း ပြည်ခိုင်ဖြိုးပါတီက ထုတ်ပြန်သည်။

ရောဂါဘေးနှင့် လက်နက်ဘေးကျရောက်နေသည့် ဒေသများတွင် ရွေးကောက်ပွဲ ကျင်းပခြင်းကို ရွှေ့ဆိုင်း၊ ပယ်ဖျက်ရန်နှင့် လက်နက်ဘေး၊ သဘာဝဘေးအန္တရာယ်ဘေးနည်းပါး၊ ကင်းရှင်းသည့် မဲဆန္ဒနယ်များတွင် ရွေးကောက်ပွဲ ကျင်းပပေးရန်အချက်တို့ကို အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

ထို့ပြင် ဆန္ဒမဲပေးခွင့်ရှိသူ ဟုတ်၊ မဟုတ် စိစစ်ရန်၊ တိကျခိုင်မာသော လုပ်ထုံးလုပ်နည်းများ တစ်ပြေးညီထုတ်ပြန်ပေးရန်၊ မဲပေးခြင်းကြောင့် ရောဂါကူးစက်ပြန့်ပွားမှု ဆိုးရွားမလာနိုင်ကြောင်းကို မဲရုံဝန်ထမ်းနှင့် ပြည်သူများ ယုံကြည်လက်ခံနိုင်မည့်သတင်းစကားနှင့် အစီအမံများ ထုတ်ပြန်ပေးရန်၊ ရောဂါကူးစက်မှုနှင့် ထိန်းချုပ်နိုင်မှုအခြေအနေများကို တာဝန်ယူ၊ တာဝန်ခံမှု အပြည့်ဖြင့် ထုတ်ပြန်ပေးရန် စသည့်အချက်များကိုလည်း တောင်းဆိုထားသည်။

“ အခု ဒီကာလက COVID-19 တအား ပျံ့နှံ့နေတဲ့ဟာမှာ ရွေးကောက်ပွဲမှာ လာရောက်မဲပေးကြမယ့် ပြည်သူတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ မဲရုံတာဝန်ရှိသူတွေအတွက် ကျန်းမာရေးလုံခြုံမှုတွေ ဘယ်လိုလုပ်ပေးမလဲ။ မဲစာရင်းကိစ္စတွေကိုလည်း ဘယ်လိုအာမခံချက်မျိုးတွေနဲ့ လုပ်ပေးမလဲဆိုတာတွေ။ ပြည်သူ့ကျန်းမာရေးကို ရှေးရှုတာကတစ်ကြောင်း၊ နောက်ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ဒေသတွေ ပြည်သူတွေအတွက် စိတ်မကောင်းတာတစ်ကြောင်း အဲဒီအပေါ်မှာ အခြေခံပြီးတော့ အိတ်ဖွင့်ပေးစာပေးပို့ခြင်း ဖြစ်ပါတယ်” ဟု ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောကြားသည်။

ကော်မရှင်၏လုပ်ပိုင်ခွင့်အရ ထုတ်ပြန်သော ရွေးကောက်ပွဲကျင်းပခြင်းမရှိသည့် မဲဆန္ဒနယ်မြေစာရင်းတွင် COVID-19 ကူးစက်မှုနှုန်း အများဆုံးဖြစ်သည့် ရန်ကုန်မြို့တော်အတွင်း မဲဆန္ဒနယ်မြေများမပါဝင်ဘဲ ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားနယ်မြေများ အများဆုံးပါဝင်သည်ကို တွေ့ရှိရသည်ဟု ပြည်ခိုင်ဖြိုးပါတီ၏ အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။

ပစ်ခတ်တိုက်ခိုက်မှုနှင့် ရောဂါကူးစက်မှု မရှိသလောက်နည်းပါးသည့် ဒေသများတွင် ရွေးကောက်ပွဲကျင်းပရန် ပယ်ဖျက်ခံရပြီး တိုက်ပွဲကြီးတိုက်ပွဲငယ် အကြိမ်ပေါင်းများစွာ ဖြစ်ပွားဆဲနေရာများတွင် ရွေးကောက်ပွဲ ပြုလုပ်ရန် ဆုံးဖြတ်ခြင်းကို အံ့သြဖွယ်ရာတွေ့ရှိရသည်ဟု အိတ်ဖွင့်ပေးစာတွင် ပြည်ခိုင်ဖြိုးပါတီက ဖော်ပြထားသည်။

ထို့ကြောင့် လက်နက်ဘေး၊ သဘာဝဘေးအန္တရာယ်များနည်းပါး၊ ကင်းရှင်းသည့် မဲဆန္ဒနယ်များတွင် မဲဆန္ဒရှင်အားလုံး၏ နိုင်ငံသားအခွင့်အရေးကို အာမခံလျက် ရွေးကောက်ပွဲ မဖြစ်မနေကျင်းပပေးရန် တောင်းဆိုကြောင်း ပါရှိသည်။

လွတ်လပ်၊ တရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိခြင်းကြောင့် ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းတို့ရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအချို့တွင် ရွေးကောက်ပွဲကျင်းပမည် မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၆ ရက်တွင် ကြေညာထားသည်။

ကော်မရှင်အနေဖြင့် အဆိုပါကြေညာချက်ကို ကော်မရှင်သဘောထားတစ်ခုတည်းဖြင့် ထုတ်ပြန်ခြင်းမဟုတ်ဘဲ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့၏ သဘောထား မှတ်ချက်များ အပါအဝင် ကော်မရှင်အဖွဲ့ခွဲများ၏ တင်ပြချက်များကို သုံးသပ်ပြီး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က အောက်တိုဘာ ၂၀ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။


READ NEXT
Cancel OK