Top News

AA အကြမ်းဖက်အဖွဲ့၏ လုပ်ရပ်များသည် နောင်အနာဂတ်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် ကြီးမားသော အဟန့်အတား ဖြစ်လာနိုင်ကြောင်းနှင့် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦးကို အမြန်ဆုံးပြန်လွှတ်ပေးရန် NLD ပါတီ တောင်းဆို
24htopnews | June 9, 2024 2:12 PM CST

AA အကြမ်းဖက်အဖွဲ့၏ လုပ်ရပ်များသည် နောင်အနာဂတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် ကြီးမားသော အဟန့်အတားဖြစ်လာနိုင်ကြောင်းနှင့် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦးကို အမြန်ဆုံးပြန်လွှတ်ပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အောက်တိုဘာ ၂၁ ရက်တွင် ကြေညာချက်ထုတ်၍ တောင်းဆိုခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦးအား ခေါ်ဆောင်ခြင်းနှင့်ပတ်သက်၍ AA အကြမ်းဖက်အဖွဲ့က အောက်တိုဘာ ၁၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ ပူးတွဲပါဓာတ်ပုံတွင် ၎င်းတို့အား လက်ပူးလက်ကြပ်ဖမ်းမိခဲ့ခြင်း၊ အင်္ဂလိပ်ဘာသာဖြင့် "caught red handed" ဟု ဖော်ပြထားကြောင်း၊ ဒေါ်နီနီမေမြင့်၊ ဒေါ်ချစ်ချစ်ချောနှင့် ဦးမင်းအောင်တို့သည် ဥပဒေကို ဖောက်ဖျက်သူများ မဟုတ်ကြောင်း၊ ရွေးကောက်ပွဲဥပဒေ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအတွက် ဖောင်းခါးရွာသို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း ပါရှိသည်။

ထိုသို့ဖမ်းဆီးခေါ်ဆောင်သွားစဉ် ၎င်းတို့အား ကြမ်းတမ်းစွာဆဲဆိုကြိမ်းမောင်းခြင်း၊ လက်ဖြင့်ရိုက်နှက်ခြင်း၊ သေနတ်ဒင်ဖြင့် ဆောင့်ခြင်း စသည့်လုပ်ရပ်များအပြင် ရာဇဝတ်သားများသဖွယ် လက်ပြန်ကြိုးများတုပ်ခြင်း၊ အဝတ်ခေါင်းစွပ်များ စွပ်ခြင်းတို့ ပြုလုပ်ခဲ့သော်လည်း ကိုယ်စားလှယ်လောင်း သုံးဦးက ၎င်းတို့အား အကြမ်းဖက်ဆက်ဆံသည့်တိုင် မည်သို့မျှ လက်တုံ့မပြန်ဘဲ ရင်ဆိုင်ခဲ့သည်ဟု ကြားသိရကြောင်း ဖော်ပြထားသည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၈၈ ခုနှစ် ပါတီစတင်တည်ထောင်စဉ်ကပင် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများကို နိုင်ငံရေးနည်းဖြင့် အဖြေရှာမည်ဟု လည်းကောင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံကို ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရန်ကို သော်လည်းကောင်း၊ ရည်မှန်းချက်များ ခိုင်မာစွာ ချထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် NLD အစိုးရ တာဝန်ယူချိန်မှစ၍ ၂၁ ရာစု ပင်လုံညီလာခံများ အကြိမ်ကြိမ်ကျင်းပခဲ့ရာ ပြီးခဲ့သော စတုတ္ထအကြိမ် ညီလာခံတွင် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုအဆင့်ရောက်ရန် လိုအပ်မည့် ဘုံသဘောတူညီချက်များ ဖော်ထုတ်အတည်ပြုနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် AA အကြမ်းဖက်အဖွဲ့၏ ထုတ်ပြန်ချက်ပါ အချက်အလက်များမှာ အခြေအမြစ်မရှိဘဲ တစ်ဖက်သတ်ကောက်ချက်ချမှုများသာ ဖြစ်ကြောင်း၊ AA အကြမ်းဖက်အဖွဲ့၏ လုပ်ရပ်များသည် နောင်အနာဂတ်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် ကြီးမားသော အဟန့်အတားဖြစ်လာနိုင်ကြောင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦးကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း ဖော်ပြပါရှိသည်။

AA အဖွဲ့ကမူ  NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦးကို ဖမ်းဆီး၍ စစ်နေကြောင်းနှင့် NLD အစိုးရအနေဖြင့် မတရားဖမ်းဆီးထားသော နိုင်ငံရေးသမားများ၊ အပြစ်မဲ့ရခိုင်ပြည်သူများနှင့် ငြိမ်းချမ်းရေးအတွက် တောင်းဆိုဆန္ဒပြခဲ့ကြသည့် ကျောင်းသားများအား အမြန်ဆုံးပြန်လွှတ်ပေးမည်ဆိုပါက ၎င်းတို့ သုံးဦးကို အမြန်ဆုံးပြန်လွှတ်ပေးမည်ဖြစ်ကြောင်း အောက်တိုဘာ ၁၉ ရက်က ထုတ်ပြန်ခဲ့သည်။

 

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ပြည်နယ်စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင် အပါအဝင်  တောင်ကုတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်နှင့် လက်ရှိအမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောတို့ကို AA အဖွဲ့က အောက်တိုဘာ ၁၄ ရက်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။


READ NEXT
Cancel OK