တိုင်းရင်းသားဒေသအချို့ရှိ မဲဆန္ဒနယ်အချို့တွင် ရွေးကောက်ပွဲကျင်းပမှု မရှိခြင်းသည် တိုင်းရင်းသားအခွင့်အရေးကို ပိတ်ပင်ခြင်းဖြစ်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ရှုတ်ချကြောင်း ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP) အထွေထွေအတွင်းရေးမှူး ဒေါ်နော်အုန်းလှက ပြောကြားသည်။
တိုင်းရင်းသားပါတီများကို မဲပေးရန် စည်းရုံးလှုံ့ဆော်မှုများရှိနေချိန်တွင် ရခိုင်နှင့် ရှမ်းအပါအဝင် ပြည်နယ်နှင့် တိုင်းခြောက်ခုရှိ မဲဆန္ဒနယ်အချို့တွင် ရွေးကောက်ပွဲကျင်းပမည်မဟုတ်ကြောင်း ကော်မရှင်၏ကြေညာမှုသည် လုံးဝမလုပ်သင့်သည့် ကိစ္စလည်းဖြစ်ကြောင်း ဒေါ်နော်အုန်းလှက ၎င်း၏ Facebook စာမျက်နှာတွင် အောက်တိုဘာ ၂၁ ရက် ညပိုင်းက ပြောကြားခဲ့သည်။
“ ပြီးခဲ့တဲ့ ၂၀၁၅ မှာ တချို့ရှုံးခဲ့တာရှိတယ်။ ဥပမာ ရခိုင်နဲ့ ရှမ်းဆို အာဏာရပါတီ (NLD) ရှုံးခဲ့တယ်။ အခု ဒီတစ်ကြိမ်ကတော့ တခြားတိုင်းရင်းသားဒေသတွေပါ ကိုယ့်ရဲ့တိုင်းရင်းသားမဲကို ကိုယ်ပေးဖို့ တိုင်းရင်းသားပါတီတွေကို အားပေးဖို့ လှုံ့ဆော်နေတဲ့အချိန်မှာ ဒါက လုံးဝမလုပ်သင့်တဲ့ကိစ္စဖြစ်ပါတယ်။ အမှန်တကယ်ဆိုရင် ဒီနေရာတွေက အာဏာရပါတီရရှုံးနိုင်တဲ့နေရာဖြစ်တယ်လို့ပဲ ကျွန်မတို့မြင်တယ်” ဟု ဒေါ်နော်အုန်းလှက ပြောကြားသည်။
တိုင်းရင်းသားဒေသအချို့ရှိ အဆိုပါမဲဆန္ဒနယ်များကို ပယ်ဖျက်ခြင်းမပြုလုပ်ဘဲ ရွှေ့ဆိုင်းသင့်သည်ဟု ရှုမြင်ကြောင်း ၎င်းက ဆိုသည်။
“ကျွန်မတစ်ယောက်တည်းအနေနဲ့ကတော့ ဒီလိုမျိုးဆောင်ရွက်တဲ့ ရွေးကောက်ပွဲကော်မရှင်ကို ထပ်ပြီးရှုတ်ချပါတယ်။ တိုင်းရင်းသားတွေရဲ့အခွင့်အရေးကို လုံးဝပိတ်ပင်ပြီးတော့မှ (အာဏာရပါတီ) ရှုံးနိုင်တဲ့နေရာတွေကို ပယ်ဖျက်တဲ့အတွက် ဂုဏ်သိက္ခာမဲ့တဲ့လုပ်ရပ်လို့ ကျွန်မကတော့ ရွေးကောက်ပွဲကော်မရှင်ကို ပြောချင်ပါတယ်” ဟု UNDP ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်နော်အုန်းလှက ပြောကြားသည်။
UNDP ပါတီသည် ဒေါ်နော်အုန်းလှ၊ ဦးဒေးဗစ်လှမြင်တို့ကဲ့သို့ NLD အဖွဲ့ဝင်ဟောင်းအချို့အပါအဝင် ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ကို အခြေခံတည်ထောင်ထားသည့် နိုင်ငံရေးပါတီဖြစ်ပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၃၃ ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။
“ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင်ဆိုရင် ဒီလိုမျိုး လုပ်စရာမလိုပါဘူး။ ရိုးသားစွာယှဉ်ပြိုင်နေတဲ့ တိုင်းရင်းသားတွေကိုလည်း ယှဉ်ပြိုင်ခွင့်ပေးရမှာ ဖြစ်ပါတယ်” ဟု ဒေါ်နော်အုန်းလှက ပြောကြားသည်။
ယခုထိ တိုက်ပွဲဖြစ်ပွားလျက်ရှိသော ချင်းပြည်နယ် ပလက်ဝမြို့နယ်ကဲ့သို့ ဒေသတွင် ရွေးကောက်ပွဲကျင်းပပြီး အခြားဒေသအချို့ ပယ်ဖျက်ခြင်းသည် လုံးဝမမျှတသည့် ကိစ္စဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
“ ဥပမာ ပဲခူးတိုင်း ရွှေကျင်မြို့နယ်ဆိုရင် လက်ရှိကရင်လူမျိုး အများဆုံးဖြစ်တဲ့နေရာမှာ ဘာဖြစ်လို့ ပယ်ဖျက်တာလဲဆိုတာ စဉ်းစားမတတ်ဘူး။ တိုက်ပွဲလည်း မရှိခဲ့တဲ့နေရာ ဖြစ်တယ်။ ကျောက်ကြီးတို့ဆို ဘာမှမဖြစ်ဘူး။ ဒါတွေက မတရားမှုကို လုပ်တယ်လို့ပဲ ကျွန်မ ကော်မရှင်ကို ပြောချင်တယ်” ဟု ဒေါ်နော်အုန်းလှက ပြောကြားသည်။
နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒေါ်နော်အုန်းလှသည် UNDP ပါတီကိုယ်စားပြု ရန်ကုန်တိုင်း ကရင်တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းလည်း ဖြစ်သည်။
လွတ်လပ်ပြီး တရားမျှသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိဟုဆိုကာ ရခိုင်ပြည်နယ်ရှိ မြို့နယ်ကိုးခုနှင့် ရှမ်းပြည်နယ်ရှိ မြို့နယ်ခြောက်ခုတွင် ရွေးကောက်ပွဲ ကျင်းပမည် မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၆ ရက်တွင် ကြေညာထားသည်။
ထို့ပြင် ရခိုင်ပြည်နယ်ရှိ မြို့နယ် လေးခု၊ ရှမ်းပြည်နယ်ရှိ မြို့နယ် ၁၇ ခု၊ ကရင်ပြည်နယ်ရှိ မြို့နယ်ခြောက်ခုနှင့် ပဲခူးတိုင်းဒေသကြီးရှိ မြို့နယ် နှစ်ခု၊ ကချင်ပြည်နယ်ရှိ မြို့နယ် ၁၁ ခုနှင့် မွန်ပြည်နယ်ရှိ မြို့နယ်တစ်ခုတို့မှ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၅၅၀ ကျော်တွင်လည်း ရွေးကောက်ပွဲကျင်းပနိုင်မည် မဟုတ်ကြောင်း ကြေညာတွင် ဖော်ပြပါရှိသည်။
ကော်မရှင် ပယ်ဖျက်ခဲ့သော မဲဆန္ဒနယ်စာရင်းတွင် ပါဝင်သည့် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်နှင့် ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ တည်ငြိမ်အေးချမ်းပြီး ယင်းကဲ့သို့ တည်ငြိမ်အေးချမ်းသည့် မဲဆန္ဒနယ်အချို့ ပါဝင်လျက်ရှိကြောင်း တိုင်းရင်းသားပါတီများ၏ ထောက်ပြမှုများ ရှိခဲ့သည်။
ထို့ပြင် COVID-19 ရောဂါကူးစက်မှု မြင့်မားနေပြီး Stay at Home ကြေညာထားသည့် ရန်ကုန်တိုင်းနှင့် တိုက်ပွဲဖြစ်ပွားသည့် ပလက်ဝမြို့နယ်တို့တွင် ရွေးကောက်ပွဲကျင်းပမည်ဖြစ်ရာ ရွေးကောက်ပွဲကော်မရှင်အနေဖြင့် မည်သည့်အချက်အလက်များအပေါ် အခြေခံ၍ စဉ်းစားထားကြောင်း မေးခွန်းထုတ်မှုများလည်း ရှိသည်။
ရွေးကောက်ပွဲ မကျင်းပသည့် မဲဆန္ဒနယ်မြေစာရင်းကို ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တို့၏ တင်ပြချက်များကို စုပေါင်းသုံးသပ်ပြီး ထုတ်ပြန်ကြေညာခြင်းဖြစ်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က အောက်တိုဘာ ၂၀ ရက် နေပြည်တော် ကော်မရှင်ရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
-
ထရန့်က ကုန်သွယ်ရေးနှင့် ပညာရေးဝန်ကြီးရာထူးနေရာများအတွက် အမည်စာရင်းတင်သွင်း
-
ဝေဖန်ခံနေရသည့် အသင်းဖော် ချူပိုမိုတင်းကို ဘာပေ အားပေး
-
ပရီးမီးယားလိဂ်သို့ ပြန်လည်ပြောင်းရွှေ့မည်မဟုတ်ဟု ကော်တင်ဟို ပြောကြား
-
သထုံမြို့နယ်တွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် Puma Power စက်သုံးဆီအရောင်းဆိုင် မန်နေဂျာကို ၁၀ ရက်ကြာသည်အထိ အဆက်အသွယ်မရသေး
-
ဖိလစ်ပိုင်တွင် ဆဋ္ဌမမြောက် တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် မြေပြိုမှုများဖြစ်ပွားပြီး လူခုနစ်ဦး သေဆုံး