Top News

မိုင်းကိုင်မြို့နယ်တွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပခွင့်ပြုရန် ၉၀ ရာခိုင်နှုန်း သေချာကြောင်း ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်ပြောကြား
24htopnews | June 9, 2024 2:12 PM CST

ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်တွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပခွင့်ပြုရန် ၉၀ ရာခိုင်နှုန်း သေချာကြောင်း ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဦးထွန်းထွန်းနိုင်က အတည်ပြု ပြောကြားသည်။

ရှမ်းပြည်နယ်တွင်းရှိ မဲဆန္ဒနယ်များတွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိသည့် အခြေအနေများကို ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အောက်ခြေ၏ သဘောထားမပါဘဲ ဆုံးဖြတ်လိုက်သဖြင့် ပြန်လည်စဉ်းစားနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံသို့ တင်ပြခဲ့သဖြင့် ပြန်လည်ကျင်းပနိုင်ရန် ၉၀ ရာခိုင်နှုန်း သေချာကြောင်း ၎င်းက ပြောသည်။ ထို့ပြင် သက်ဆိုင်ရာ မြို့နယ်များအလိုက် နိုင်ငံရေးပါတီများနှင့် ဒေသခံ ပြည်သူများတို့မှလည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံသို့ တိုက်ရိုက်တင်ပြခြင်းများလည်း ရှိခဲ့ကြောင်း သိရသည်။

“ မိုင်းကိုင်ကို ပြန်လည် ကျင်းပပေးဖို့ ၉၀ ရာခိုင်နှုန်းလောက် ရှိတယ်။ ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ကနေ ပြန်လည် တင်ပြထားတယ်။ စာထွက်ထားတာ အောက်ခြေကနေလည်း ပါတီကနေ သီးခြားတင်ပြတယ်။ ကိုယ်တို့ဆီကလည်း အောက်ခြေ သဘောထားမပါဘဲ သီးခြားသွားလို့ ဒီက ပြန်တင်ပြထားတာ၊ ဥက္ကဋ္ဌ စာထွက်ထားတယ်။ ပြန်ခွင့်ပြုဖို့တော့ ၉၀ ရာခိုင်နှုန်း သေချာတယ်။ ကျေးရွာတွေ ရပ်ကွက်တွေ ပါလာမယ်။ ကျန်တဲ့ ငါးမြို့နယ်ကတော့ အရင်တိုင်းပဲ၊ ကျန်တဲ့ မြို့နယ်တွေမှာ ကျေးရွာတွေ ရပ်ကွက်တွေ အပိုင်းလိုက် ပြန်ပါလာမယ်။ အခုမှ အစည်းအဝေးပြီးတယ် ” ဟု ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးထွန်းထွန်းနိုင် က ပြောကြားသည်။

ရှမ်းပြည်နယ်တွင် မိုင်းလား၊ ပန်ဆန်း၊ နားဖန်း၊ မိုင်းမော၊ ပန်ဝိုင် နှင့် မိုင်းကိုင် စသော ခြောက်မြို့နယ်လုံးတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိပါကြောင်း၊ ကျောက်မဲတွင် (၁၂) အုပ်စု၊ နောင်ချိုတွင် (၁) အုပ်စု၊ နမ့်ဆန်တွင် (၃) အုပ်စု၊ မန်တုံတွင် (၂) အုပ်စု၊ မိုင်းခတ်တွင် (၄) အုပ်စု၊ မိုင်းယန်းတွင် ၂ ရပ်ကွက် နှင့် ၁၃ အုပ်စု၊ မိုင်းဖြတ်တွင် ၁ အုပ်စု၊ မိုင်းယောင်းတွင် ၈ အုပ်စု၊ ကွတ်ခိုင်တွင် ၄ အုပ်စု၊ မူဆယ်တွင် ၁ ရပ်ကွက် နှင့် ၉ အုပ်စု၊ မက်မန်းတွင် ၁၇ အုပ်စု၊ မိုင်းတုံတွင် ၃ အုပ်စု၊ တန့်ယန်းတွင် ၁၁ အုပ်စု၊ လားရှိုးတွင် ၆ အုပ်စု၊ ကွမ်းလုံတွင် ၁ အုပ်စု၊ ကုန်းကြမ်းတွင် ၁ အုပ်စု၊ ဟိုပန်တွင် ၅ ရပ်ကွက် နှင့် ၃၇ အုပ်စုတို့ ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။


READ NEXT
Cancel OK