နိုင်ငံရေးပါတီများ လာမည့်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး အခက်အခဲမရှိစေရန် မဲဆွယ်ဟောပြောရာတွင် လူဦးရေ မည်မျှစုဝေးနိုင်ကြောင်းအပါအဝင် မဲဆွယ်စည်းရုံးမှုနှင့်ပတ်သက်သည့် ညွှန်ကြားချက်များကို အစိုးရအနေဖြင့် အမြန်ဆုံးထုတ်ပြန်ပေးရန် နိုင်ငံရေးပါတီများက တိုက်တွန်းပြောကြားသည်။
ကိုဗစ်ရောဂါ ပြန့်ပွားမှုအခြေအနေအရ လူဦးရေ ၃၀ အထက် ပိုမိုစုဝေးခွင့်မပြုကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သြဂုတ် ၁၆ ရက်တွင် ထုတ်ပြန်ထားသော်လည်း အဆိုပါညွှန်ကြားချက်ဖြင့် မဲဆွယ်စည်းရုံးရေးလုပ်ဆောင်ရာတွင် အခက်အခဲရှိခြင်းကြောင့် မဲဆွယ်စည်းရုံးမှုနှင့်ပတ်သက်သည့် သီးခြားညွှန်ကြားချက် ထုတ်ပြန်စေလိုခြင်းဖြစ်ကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ပြောရေးဆိုခွင့်ရှိသူ ကွမ်ဂေါင်အောင်ခမ်းက ဆိုသည်။
“ဒီလထဲမှာဆို ရွေးကောက်ပွဲစည်းရုံးရေးလုပ်ဖို့ အခွင့်အရေးတော့ရှိလာပြီ။ ဒါပေမဲ့ လွန်ခဲ့တဲ့အချိန်လိုမျိုးတော့ လုပ်လို့ရတော့မှာမဟုတ်ဘူး။ တစ်ခုရှိတာက လူထုကို ဘယ်လောက်အထိ လူဦးရေဘယ်လောက်အထိ ကန့်သတ်မလဲဆိုတဲ့ အပိုင်းတွေက ရှင်းရှင်းလင်းလင်းတော့ အစိုးရအနေနဲ့ ချမှတ်သင့်တယ်” ဟု KSPP ပါတီဒုတိယဥက္ကဋ္ဌ (၂) လည်းဖြစ်သည့် ကွမ်ဂေါင်အောင်ခမ်းက ပြောကြားသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများအနေဖြင့် စက်တင်ဘာ ၈ ရက်တွင် စတင်မဲဆွယ်နိုင်ကြောင်း ကော်မရှင်က နိုင်ငံရေးပါတီများထံ သြဂုတ်လအတွင်း အကြောင်းကြားထားသည်။
သို့ဖြစ်ရာ လာမည့်အပတ်အတွင်း ပြုလုပ်နိုင်မည့် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုအတွက် လတ်တလော ခွင့်ပြုထားသည့် လူစုဝေးမှုပမာဏသည် နိုင်ငံရေးပါတီများအတွက် အကန့်အသတ်များရှိနိုင်ကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ UNDP ဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။
“လူ ၃၀ နဲ့က ပါတီတစ်ခုမှာရှိတဲ့ ရွေးကောက်ပွဲဝင်ပြိုင်မယ့် ရွေးကောက်ပွဲလွှတ် တော်ကိုယ်စားလှယ် လောင်းတွေကိုတောင်မှ တစ်နေရာတည်းမှာ ခေါ်တွေ့လို့မရဘူး။ ကိုယ်စားလှယ်တွေ ခေါ်တွေ့လို့မရတဲ့အပြင် မဲဆွယ်စည်းရုံးတဲ့အခါမှာလည်း ပြည်သူနဲ့ တွေ့ဖို့ဆိုတာ လုံးဝမလွယ်ဘူး။ လူလေး ၂၀၊ ၃၀ နဲ့ Public နဲ့ ဘယ်လိုလုပ်တွေ့လို့ရမလဲ။ ဒီလိုမျိုး လူ ၃၀ နဲ့ ဆက်သွားမယ်ဆိုရင်တော့ ရွေးကောက်ပွဲမှာ အခက်အခဲရှိတယ်” ဟု ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်းလည်းဖြစ်သူ ဦးဒေးဗစ်လှမြင့်က ဆိုသည်။
ကိုဗစ်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ချမှတ်ထားသည့် စည်းမျဉ်းကမ်းများကြားမှ မဲဆွယ်စည်းရုံးရေး ဆောင်ရွက်ရခြင်းက ပါတီတည်ထောင်သက် မကြာသေးသည့် နိုင်ငံရေးပါတီငယ်များအတွက် အခက်အခဲရှိပြီး ရောဂါကူးစက်ပြန့်ပွားမှု ဆက်လက်ဖြစ်ပွားနေလျှင် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းရန် UNDP ပါတီက သဘောထားရှိသည်။
ကိုဗစ်ရောဂါ ကူးစက်မှုအနေအထားသည် လက်ရှိတွင် နိုင်င့ံအရေးနှင့် ပြည်သူ့ကျန်းမာရေးဖြစ်သော်လည်း ငါးနှစ်တစ်ကြိမ် ကျင်းပသည့် အထွေထွေရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် လူဦရေးများများ စည်းရုံးနိုင်ရန်လိုအပ်ရာ ဆန္ဒတစ်ခုတည်းကို ရှေ့တန်းတင်၍တောင်းဆိုရန် အခက်တွေ့နေသည်ဟု ပြည်သူ့ရှေ့ဆောင်ပါတီ PPP ဒုတိယဥက္ကဋ္ဌ (၁) ဦးမြင့်မောင်ထွန်းက ပြောကြားသည်။
ရန်ကုန်ကဲ့သို့ သွားလာရေးလွယ်ကူသည့် တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးအချို့တွင် လူဦးရေအကန့်အသတ်ဖြင့် မဲဆွယ်ရမှုသည် အခက်အခဲများစွာမရှိနိုင်သော်လည်း သွားလာရေးခက်ခဲသည့် ပြည်နယ်များတွင် တစ်ကြိမ်လျှင် လူဦးရေ ၃၀ ဖြင့် မဲဆွယ်စည်းရုံးရမှုက အခက်အခဲများရှိနိုင်သည်ဟု ၎င်းက ဆိုသည်။
“အဲဒီတော့ ကျွန်တော်ကတော့ နိုင်ငံတော်က ကိုဗစ်ရဲ့အခြေအနေအပေါ် မူတည်ပြီးတော့ ထပ်ပြီးတော့စဉ်းစားပြီးတော့ ကျန်းမာရေးအခြေအနေကိုလည်း ဦးစားပေး။ ဒီဘက် မဲဆွယ်စည်းရုံးနိုင်တဲ့ ပါတီတွေအတွက်လည်း လုပ်သာကိုင်သာရှိအောင် စဉ်စားပေးစေချင်တဲ့သဘောထားရှိပါတယ်” ဟု ကမာရွတ်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် PPP ပါတီ ဒုဥက္ကဋ္ဌ ဦးမြင့်မောင်ထွန်းက ပြောကြားသည်။
ယခုရက်ပိုင်းအတွင်း လွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရေး စတင်ဆောင်ရွက်ခွင့်ရှိမည်ဖြစ်ရာ မဲဆွယ်စည်းရုံးမှုနှင့်ပတ်သက်၍ ကျန်းမာရေးစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရမည့် အချက်များကို မကြာမီကာလအတွင်း တိကျစွာ ထုတ်ပြန်သွားရန်ရှိကြောင်းနှင့် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းရန်မရှိသေးသော်လည်း ရွှေ့မည်ဆိုပါက အောက်တိုဘာတွင် ကြေညာမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က စက်တင်ဘာ ၂ ရက်တွင် ပြောကြားသည်။
-
ထရန့်က ကုန်သွယ်ရေးနှင့် ပညာရေးဝန်ကြီးရာထူးနေရာများအတွက် အမည်စာရင်းတင်သွင်း
-
ဝေဖန်ခံနေရသည့် အသင်းဖော် ချူပိုမိုတင်းကို ဘာပေ အားပေး
-
ပရီးမီးယားလိဂ်သို့ ပြန်လည်ပြောင်းရွှေ့မည်မဟုတ်ဟု ကော်တင်ဟို ပြောကြား
-
သထုံမြို့နယ်တွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားသည့် Puma Power စက်သုံးဆီအရောင်းဆိုင် မန်နေဂျာကို ၁၀ ရက်ကြာသည်အထိ အဆက်အသွယ်မရသေး
-
ဖိလစ်ပိုင်တွင် ဆဋ္ဌမမြောက် တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် မြေပြိုမှုများဖြစ်ပွားပြီး လူခုနစ်ဦး သေဆုံး