Top News

တပ်မတော်နှင့် UEC တို့ ပွတ်တိုက်မှုမဖြစ်လိုသည့်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ကိုယ်စားလှယ်ရွေးချယ်မှု မူဝါဒခြောက်ချက်ကို မြဝတီသတင်းစာတွင် ထပ်မံမဖော်ပြဘဲ ရပ်တန့်ပေးလိုက်ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား
24htopnews | June 9, 2024 2:12 PM CST

တပ်မတော်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) တို့အကြား ပွတ်တိုက်မှုမဖြစ်လိုသည့်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ကိုယ်စားလှယ်ရွေးချယ်မှု မူဝါဒ ခြောက်ချက်ကို မြဝတီသတင်းစာတွင် ထပ်မံဖော်ပြခြင်းမရှိဘဲ ရပ်တန့်ပေးလိုက်ခြင်းဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

လာမည့်ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်မှုနှင့်ပတ်သက်၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ မူဝါဒခြောက်ချက်ကို တပ်မတော်ပိုင် မြဝတီသတင်းစာတွင် ဖော်ပြခဲ့ပြီး ထိုသို့ဖော်ပြမှုကို UEC က မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှတစ်ဆင့် ကန့်ကွက်ခဲ့သဖြင့် မြဝတီသတင်းစာက ဆက်လက်မဖော်ပြဘဲ ရပ်တန့်ခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အောက်တိုဘာ ၂၄ ရက်က နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်၌ ပြုလုပ်သည့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုသို့ပြောကြားခြင်းဖြစ်သည်။

“ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ မူဝါဒခြောက်ချက်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ ပြောခဲ့တယ်။ ပြောခဲ့တဲ့အခါမှာတော့ UEC ကနေပြီး မီဒီယာကောင်စီကို ကန့်ကွက်ခဲ့တယ်။ မီဒီယာကောင်စီကို ကန့်ကွက်ခဲ့တဲ့အတွက်လည်း ကျွန်တော်တို့အနေနဲ့ သွားရောက်ပြီးတော့ ဒီဟာနဲ့ပတ်သက်ပြီး မီဒီယာကောင်စီနဲ့ သွားတွေ့ပါတယ်။ သွားတွေ့ပြီးတော့ ကျွန်တော်တို့အနေနဲ့ မထည့်တော့ဘူးဆိုပြီး ဆောင်ရွက်ခဲ့ပါတယ်။  ဒါပေမဲ့ ဒီမူဝါဒ ခြောက်ချက်နဲ့ပတ်သက်ပြီး ပြန်ပြီးသုံးသပ်ကြည့်ရင် အဲဒီအထဲမှာ ဘာမှမည်သည့်ဟာကို ငြိစွန်းတယ်လို့ ကျွန်တော်တို့ ဘာကိုဆိုလိုမှန်း မသိဘူး။ ကျွန်တော်တို့အနေနဲ့ ဒီဟာနဲ့ပတ်သက်ပြီး သိပ်ပြီးတော့ Institution နှစ်ခုကြားထဲမှာ ဘာမှထပ်ပြီးတော့ ပွတ်တိုက်မှုတွေ မဖြစ်ပွားစေချင်တဲ့အတွက် ကျွန်တော်တို့ ဒါ ရပ်တန့်ပေးလိုက်ခြင်းပဲ ဖြစ်တယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဆန္ဒမဲပေးရာတွင် စဉ်းစားရမည့် အချက်များနှင့်ပတ်သက်၍ အကြံပြုချက်များတွင် နိုင်ငံနှင့် ဒေသကို အကျိုးပြုမည့်သူ၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေး အမြင်ရှိသူ၊ ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်နိုင်သူ၊ တပ်မတော်အပေါ် စာနာနားလည်မှုရှိသူ၊ အမျိုး၊ ဘာသာ၊ သာသနာကို မှန်မှန်ကန်ကန်နှင့် စနစ်တကျ ထိန်းသိမ်းနိုင်သောသူ၊ ပြည်ပအဖွဲ့အစည်း နိုင်ငံခြားသားများ၏ တစ်နည်းအားဖြင့် လွှမ်းမိုးမှုမရှိသူများကို ရွေးချယ်ရမည်ဆိုသောအချက်များ ပါဝင်ကြောင်း သိရသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “ကျွန်တော် မြင်တာ အဲဒီထဲမှာတော့ အားလုံးသိပြီးသား ဖြစ်မှာပဲ။ တို့တာဝန် အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်နိုင့်မယ့်လူတွေ၊ ပြီးရင် ဒေသအကျိုး၊ တိုင်းပြည်အကျိုး သေချာဆောင်ရွက်နိုင်မယ့်လူတွေ၊ ပြီးရင်တော့ သူတို့ ထောက်ပြတာတစ်ခုရှိပါတယ်။ အမျိုးဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်နိုင်မယ့်လူတွေ၊ အဲဒီအမျိုးဘာသာ သာသနာနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဘယ်အမျိုး၊ ဘယ်ဘာသာ၊ ဘယ်သာသနာလို့ ပြောထားတာမရှိဘူး” ဟု ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အကြံပြုချက်တွင် ပါဝင်သော အမျိုးဘာသာ သာသနာကို မှန်မှန်ကန်ကန်နှင့် စနစ်တကျ ထိန်းသိမ်းနိုင်သောသူဆိုသည့် အချက်သည့် မည့်သည့်အမျိုး၊ မည်သည့်ဘာသာ၊ မည်သည့် သာသနာဆိုသော ၀ိသေသထူး တပ်ထားခြင်းမရှိဘဲ သက်ဆိုင်ရာ အမျိုး၊ ဘာသာ၊ သာသနာကို ဆိုလိုခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက “တစ်ခါတလေမှာလည်း အမျိုးဘာသာ သာသနာဆိုတဲ့ စကားလုံးကြားရင်ကိုပဲ ဘယ်လိုပြောမတုန်း တကယ့်ရန်သူသဖွယ်လိုမျိုးဖြစ်နေတဲ့ ကိစ္စမျိုးလည်း ရှိတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ အငြင်းပွားစရာတော့ မရှိဘူး။ အဲဒီအတွက် တပ်မတော်အနေနဲ့ ပြောပြီးသားဖြစ်တယ်။ တပ်မတော်သားတွေအနေနဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ရွေးကောက်ပွဲကော်မရှင်ကနေပြီးတော့ တပ်မဲရုံတွေ အပြင်ထုတ်မယ်ပြောတယ်။ တပ်မတော်အနေနဲ့ကတော့ တည်ဆဲစည်းမျဉ်းစည်းကမ်းတွေအတိုင်း လိုက်နာဆောင်ရွက်မယ်ဆိုပြီး ပြောပါတယ်။ အခုအချိန်မှာလည်း တပ်က မဲရုံတွေ အပြင်မှာပဲ ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ စည်းမျဉ်းစည်းကမ်းအတိုင်းပဲ လိုက်နာဆောင်ရွက်ခဲ့ပါတယ်” ဟု ပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အကြံပြုချက် ၆ ချက်နှင့်ပတ်သက်၍ မငြိစွန်းဘူးဆိုသော အကြောင်းပြချက်များ အများအပြားရှိသော်လည်း အကြောင်းမပြခဲ့ဘဲ နိုင်ငံသားများ၏ အခြေခံဥပဒေ အခန်း (၁၂) တွင်ပါသည့် နိုင်ငံသားတစ်ဦးစီ၏ ရပိုင်ခွင့်နှင့် တာဝန်များတွင် ပြန်ကြည့်လိုက်နိုင်ကြောင်း ၎င်းက ပြောကြားသည်။

“ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ကျွန်တော်မပြောဘူး။ နိုင်ငံသားတစ်ဦးရဲ့ ရပိုင်ခွင့်နဲ့ တာဝန်တွေမှာ ခင်ဗျားတို့ ပြောနေတဲ့ ဘာမှမထိခိုက်ဘူးရင် လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်ရှိသည်လို့ ပြောပြီး သားဖြစ်တယ်။ အခြေခံတာဝန်ပဲ၊ အခြေခံရပိုင်ခွင့်ပဲ။ အခြေခံ Right ပဲ။ အဲဒီအခြေခံ Right နဲ့ပတ်သက်ပြီး ကန့်သတ်ခြင်းမရှိစေရ၊ ဘယ်ကိစ္စတွေ ဘယ်ကိစ္စတွေမှာ ကန့်သတ်ခြင်း မရှိစေရလို့ ပါပြီးသား။ ဒါနဲ့ပတ်သက်ပြီး အကျယ်ချဲ့ပြီး ထပ်ပြီးမပြောလိုပါဘူး။ တပ်မတော်အနေနဲ့ကတော့ တပ်မတော်ရဲ့ ရပ်တည်ချက်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်းပဲ ဖြစ်တယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။


READ NEXT
Cancel OK