Top News

တိုင်းရင်းသားပါတီများ အားကောင်းသည့် ပြည်နယ်များတွင် ရွေးကောက်ပွဲ ကျင်းပနိုင်မှု မရှိခြင်းက ကော်မရှင်၏ သမာသမတ်ရှိမှု၊ ပွင့်လင်းမြင်သာရှိမှုနှင့် ဂုဏ်သိက္ခာရှိမှုတို့ကို မေးခွန်းထုတ်စရာ ဖြစ်ကြောင်းနှင့် ပြင်းထန်စွာ ကန့်ကွက်ကြောင်း NBF ထုတ်ပြန်
24htopnews | June 9, 2024 2:12 PM CST

ရန်ကုန်တိုင်းကဲ့သို့ COVID-19 ရောဂါကပ်ဘေး အကြီးအကျယ် ကြုံတွေ့လျက်ရှိသည့် ဒေသတွင် ရွေးကောက်ပွဲ ကျင်းပသော်လည်း နယ်မြေလုံခြုံရေး မပျက်ယွင်း၊ COVID-19 ပျံ့နှံ့မှု စိုးရိမ်ဖွယ် မရှိသည့် တိုင်းရင်းသားပါတီများ အားကောင်းသော ပြည်နယ်ဒေသများတွင် ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်ဆောင်ရွက်နိုင်မှု မရှိခြင်းက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ သမာသမတ်ရှိမှု၊ ပွင့်လင်းမြင်သာရှိမှုနှင့် ဂုဏ်သိက္ခာရှိမှုတို့ကို မေးခွန်းထုတ်စရာ ဖြစ်စေသည်ဟု ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) က အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ပြန်သည်။

ထို့ကြောင့် ကော်မရှင်၏ ရွေးကောက်ပွဲနယ်မြေ ဖျက်သိမ်းခြင်းဆိုင်ရာ ထုတ်ပြန်ချက်ကို ပြင်းထန်စွာ ကန့်ကွက်ကြောင်းနှင့် အဆိုပါ ထုတ်ပြန်ချက်ကို အချိန်မီ ပြန်လည် ပြင်ဆင်ပေးရန် တိုင်းရင်းသား မဟာမိတ် အဖွဲ့အစည်း တစ်ခုဖြစ်သည့် NBF က ထုတ်ပြန်သည်။

“တိုင်းရင်းသားဒေသတွေမှာ UEC ရဲ့ သဘောထားက မျှတမှု မရှိဘူးလေ။ ဒါအကုန်သိပြီးသား။ UCE အနေနဲ့ ဒီဟာကို Fair မဖြစ်ဘူး။ အဲ့တော့ ပြန်လည် စဉ်းစားသင့်တယ်” ဟု NBF ပြောရေးဆိုခွင့်ရှိသူ ရခိုင်အမျိုးသားပါတီ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးဦးလှစောက ပြောကြားသည်။

NBF သည် ရခိုင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ဖက်ဒရယ်ပြည်ထောင်စုပါတီ အပါအဝင် တိုင်းရင်းသားပါတီ ၁၅ ပါတီဖြင့် ဖွဲ့စည်းထားသည့် မဟာမိတ် အဖွဲ့အစည်း တစ်ခုဖြစ်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ထည့်သွင်း မကျင်းပနိုင်သည့် မဲဆန္ဒနယ်များကို အောက်တိုဘာ ၁၆ ရက်က ကြေညာရာ ရခိုင်နှင့် ရှမ်းပြည်နယ်တွင် မြို့နယ်တစ်ခုလုံး အတိုင်းအတာ မကျင်းပသည့် မြို့နယ် ၁၅ မြို့နယ် ပါဝင်ခဲ့သည်။

ထို့ပြင် ရခိုင်၊ ရှမ်း၊ ကချင်၊ ကရင်၊ မွန်နှင့် ပဲခူး စသည့် ပြည်နယ်နှင့် တိုင်း ခြောက်ခုရှိ မြို့နယ်အချို့မှ ရပ်ကွက်၊ ကျေးရွာအုပ်စု အချို့တွင်လည်း ရွေးကောက်ပွဲ ကျင်းပမည် မဟုတ်ကြောင်း ကြေညာချက်တွင် ပါရှိသည်။

အထက်ပါ ရွေးကောက်ပွဲ ပယ်ဖျက် မဲဆန္ဒနယ်များသည် တိုင်းရင်းသားပါတီများ ခိုင်မာအားကောင်းသည့် မဲဆန္ဒနယ် အများစု ဖြစ်သည်ကို ဝမ်းနည်းဖွယ်တွေ့ရှိရပြီး ယင်းမဲဆန္ဒနယ်မှ ပြည်သူများအနေဖြင့် မဲပေးခွင့် အခွင့်အရေးလည်း ဆုံးရှုံးကြမည်ဟု NBF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရွေးကောက်ပွဲ မကျင်းပည့် မဲဆန္ဒနယ်များတွင် စစ်ရေးပဋိပက္ခရှိသည့် ရခိုင်မြောက်ပိုင်းရှိ မြို့နယ်အချို့နှင့် ၂၀၁၅ ရွေးကောက်ပွဲကတည်းက ကျင်းပနိုင်ခြင်း မရှိသည့် ရှမ်းပြည်နယ်ရှိ မဲဆန္ဒနယ်အချို့ ပါဝင်သော်လည်း တိုက်ပွဲဖြစ်ပွားခြင်း မရှိ၊ နယ်မြေအေးချမ်းသည့် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်၊ ရှမ်းပြည်နယ်ရှိ မိုင်းကိုင်မြို့နယ်များ အပါအဝင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြေရှိသည့် မဲဆန္ဒနယ်မြေအချို့ ပါဝင်နေခြင်းအပေါ် တိုင်းရင်းသားပါတီများက ဝေဖန်လျက်ရှိသည်။

ထို့ကြောင့် ကော်မရှင် အနေဖြင့် အချို့သော မဲဆန္ဒနယ်မြေများ ပယ်ဖျက်မှုအပေါ် ပြန်လည်သုံးသပ်ရန် တိုင်းရင်းသား မဟာမိတ် အဖွဲ့အစည်း တစ်ခုဖြစ်သည့် UNA၊ ပြည်နယ် ငါးခုမှ ပေါင်းစည်းတိုင်းရင်းသား ပါတီများက ပြီးခဲ့သည့်ရက်ပိုင်းတွင် ထုတ်ပြန်တိုက်တွန်းမှုများ ပြုလုပ်ခဲ့ပြီး ပေါက်တောမြို့နယ်နှင့် မိုင်းကိုင်မြို့နယ်တွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပရန် ယင်းမြို့နယ်များတွင် ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်လောင်းများက ကော်မရှင်အဖွဲ့ခွဲများထံ တင်ပြတောင်းဆိုမှုများ ရှိနေသည်။

လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်သော အခြေအနေ မရှိ၍ တိုင်းနှင့် ပြည်နယ် ခြောက်ခုရှိ မဲဆန္ဒနယ်အချို့ကို ပယ်ဖျက်ခြင်းဖြစ်သည်ဟု ကော်မရှင် ကြေညာချက်တွင် ဖော်ပြသည်။

ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသည့် မဲဆန္ဒနယ်များကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာနတို့၏ သဘောထား မှတ်ချက်များ၊ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများ၏ တင်ပြချက်များကို သုံးသပ်၍ ကြေညာခြင်း ဖြစ်သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က အောက်တိုဘာ၂၀ ရက် သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းပြောကြားသည်။

 


READ NEXT
Cancel OK