COVID-19 ကာကွယ်ရေး အလုံးရေနှစ်သန်း မြန်မာနိုင်ငံသို့ ထပ်မံကူညီမည်ဖြစ်ပြီး အသက်ရှူစက်၊ အောက်ဆီဂျင်စက် အပါအဝင် ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများကိုလည်း မြန်ဆန်စွာထောက်ပံ့ပေးမည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယနေ့ (ဇူလိုင် ၁၄ ရက်) တွင် ထုတ်ပြန်သည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ကပ်ရောဂါတိုက်ဖျက်ရေးဆိုင်ရာ အကူအညီနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံရှိ မြန်မာပညာတော်သင် ကျောင်းသားများထံသို့ အကြောင်းပြန်ခြင်းခေါင်းစဉ်ဖြင့် သတင်းထုတ်ပြန်ချက်တွင် အထက်ပါကဲ့သို့ ထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။
COVID-19 ကပ်ရောဂါ ဖြစ်ပွားစဉ်ကတည်းက တရုတ်-မြန်မာနှစ်နိုင်ငံသည် ထိရောက်မှုရှိသော ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို ဖော်ဆောင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်း အများအပြား ကူညီထောက်ပံ့ပေးခဲ့ပြီး ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့များ အကြိမ်များစွာစေလွှတ်၍ မြန်မာနိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းကို အကူအညီပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ ကပ်ရောဂါ နောက်တစ်ကြိမ် ဖြစ်ပွားမှုအခြေအနေကို များစွာ ဂရုပြုကြောင်း တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
မေလက တရုတ်အစိုးရမှ မြန်မာနိုင်ငံသို့ ကူညီထောက်ပံ့သည့် COVID-19 ကာကွယ်ဆေး အလုံးရေ ငါးသိန်း ရန်ကုန်သို့ ပို့ဆောင်ရောက်ရှိခဲ့ပြီး ကာကွယ်ဆေးထိုးနှံနိုင်ခဲ့ရာ မြန်မာပြည်သူများ ကပ်ရောဂါကာကွယ်ရေးအတွက် အရေးပါအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တရုတ်အစိုးရသည် မြန်မာနိုင်ငံသို့ COVID-19 ကာကွယ်ဆေး အလုံးရေ နှစ်သန်း ထပ်မံကူညီ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ကာကွယ်ဆေးကုမ္ပဏီများကို သက်သာသောဈေးနှုန်း၊ အမြန်ဆုံးနှုန်းဖြင့် မြန်မာနိုင်ငံသို့ ကာကွယ်ဆေး ထောက်ပံ့ပေးရန်လည်း တွန်းအားပေးထားကြောင်း ပါရှိသည်။
အလားတူ မြန်မာနိုင်ငံမှ ဝယ်ယူသည့် Sinovac ကာကွယ်ဆေး အလုံးရေနှစ်သန်းသည်လည်း ယခုရက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အရေးပေါ်လိုအပ်ချက်များနှင့် ပေါင်းစပ်၍ မြန်မာဘက်သို့ အသက်ရှူစက်၊ အောက်ဆီဂျင်စက်၊ နှာခေါင်းစည်း စသည့် ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများ မြန်ဆန်စွာထောက်ပံ့ပေးမည်ဖြစ်ကြောင်းနှင့် ယူနန်ပြည်နယ်မှ အထူးလမ်းကြောင်း သီးသန့်ဖွင့်လှစ်၍ ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများ မြန်မာနိုင်ငံသို့ အဆင်ပြေချောမွေ့စွာ ရောက်ရှိနိုင်အောင် အာမခံပေးထားကြောင်း သံရုံးက ထုတ်ပြန်သည်။
တရုတ်သံရုံးသည် မြန်မာနိုင်ငံရှိ စာသင်ကျောင်းများ၊ ဆေးရုံများသို့ ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများနှင့် စားသောက်ကုန်များ လှူဒါန်းလျက်ရှိကြောင်း၊ လတ်တလောကာလတွင် မြန်မာနိုင်ငံ၌ COVID-19 ကပ်ရောဂါ တတိယလှိုင်း ဖြစ်ပွားလျက်ရှိပြီး ပြည်သူအများအပြား ကူးစက်ခံနေရသည့်အပေါ် စိတ်ပူပန်မိကြောင်း၊ မြန်မာပြည်သူများ ကြုံတွေ့နေရသည့် အခြေအနေများကို ထပ်တူထပ်မျှခံစားရကြောင်း၊ မြန်မာပြည်သူများ၏ အသက်နှင့် ကျန်းမာရေးကို များစွာအလေးထားလျက်ရှိပြီး မြန်မာနိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းကို တရုတ်နိုင်ငံက ဆက်လက်ကူညီသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
-
ဖိလစ်ပိုင်ကို အရေးနိမ့်ခဲ့သည့် မြန်မာအမျိုးသမီးအသင်း အာရှအားကစားပြိုင်ပွဲ အုပ်စုအဆင့်မှ ထွက်ခဲ့ရ
-
■ နည်းပြဘဝအတွက် အူန်ယွန်းဘာလင်ကို ရွေးချယ်ခဲ့ခြင်းဟု ဘိုနူချီ ဆို
-
■ ရီးယဲလ်နှင့် ကာမာဗင်ဂါ သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် နီးစပ်
-
■ မာဆေးလ်အသင်းကို ဆော်ဒီရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ဝယ်ယူနိုင်ခဲ့ပါက ဇီဒန်းကို နည်းပြအဖြစ် ခန့်အပ်ရန် သဘောတူညီမှုရရှိထား
-
■ လီဗာပူးလ်အသင်း၏ ရှယ်ယာအချို့ကို အသင်းပိုင်ရှင်များဖြစ်သည့် FSG က အမေရိကန်လုပ်ငန်းစု Dynasty Equity သို့ ရောင်းထုတ်