Top News

ဖားကန့်မြို့သို့သွားသည့်ကားလမ်းပေါ် ခွန်ဆိုင်ဇွပ်နှင့် တံတားညီနောင်ကြားတွင် တပ်မတော်နှင့် KIA တို့ ပစ်ခတ်မှုဖြစ်ပွားပြီး လက်နက်ကြီးကျရောက်သဖြင့် ရွာသားငါးဦး ဒဏ်ရာရ
24htopnews | June 8, 2024 1:12 PM CST

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် ဖားကန့်သို့ သွားသည့်ကားလမ်းပေါ်ရှိ ခွန်ဆိုင်ဇွပ်နှင့် တံတားညီနောင်ကြားတွင် ဇူလိုင် ၁၅ ရက် နံနက် ၆ နာရီခန့်က ပစ်ခတ်မှုဖြစ်ပွားရာ လက်နက်ကြီးရွာထဲကျပြီး ရွာသားငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဒဏ်ရာရသူများမှာ အမျိုးသမီးငယ်တစ်ဦး အပါအဝင် အမျိုးသမီးလေးဦး၊ အမျိုးသား နှစ်ဦးဖြစ်ပြီး အမျိုးသမီးကြီးနှင့် အမျိုးသားတစ်ဦးတို့မှာ ဒဏ်ရာပြင်းထန်သည့် အခြေအနေဖြစ်ပြီး ဒဏ်ရာရသူများကို ဘုရားရှိခိုးကျောင်းသို့ ပို့ဆောင်ထားကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

“ ဖြစ်တာကတော့ မနေ့က (ဇူလိုင် ၁၄ ရက်) ညနေပိုင်းကလည်း တာဝါတိုင်နား ပစ်တယ်။ ဒီမနက်က ခွန်ဆိုင်ဇွပ်မှာ တစ်လုံး၊ ဆိုင်းဖရာမှာ သုံးလုံးကျတယ်။ အခုဒဏ်ရာရတာက ဆိုင်းဖရာမှာကျတဲ့ လက်နက်ကြီးကွဲပြီး အစမှန်တာပေါ့။ ဆေးရုံကိုလည်း မပို့နိုင်ဘူး။ ရောဂါတွေဖြစ်နေတော့ ဒီက ကျန်းမာရေးဝန်ထမ်းနဲ့ပဲ ကုသနေတယ်။ နောက်တစ်အိမ်ကိုတော့ လက်နက်မှန်တာပေါ့။ ဝက်သုံးကောင် သေသွားတယ်” ဟု အထက်ပါဒေသခံက ပြောကြားသည်။

အသက် ၄၉ နှစ်အရွယ်ရှိ ဦးဖော်လား ဒွက်လာမှာ ညာပေါင် ပေါက်ထွက်ဒဏ်ရာ၊ အသက် ၄၀ အရွယ်ရှိ ဒေါ်ဖော်ယူးကောမှာ ညာပေါင် အရိုးထိဒဏ်ရာ (ကျည်စမနုတ်နိုင်သေး)၊ ဒေါ်လုထွယ်ဇင်မှာ ဘယ်ပါးကျည်ဝင်၊ ဦးမကျီလမှာ ကျောဖောက်ဒဏ်ရာငယ် တစ်ချက်၊ အသက် ၁၀ နှစ်အရွယ်ရှိ မပရီလွမ်မှာ ညာဘက်ဒူးမှန် ဒဏ်ရာနှင့်  ဒေါ်ဖော်ယူဆိုင်းမှာ ညာတတောင် ဖောက်ဝင်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ဖားကန့်ကိုပြေးဆွဲနေသည့် ကားဆရာတစ်ဦးက “အခုကို ခွန်ဆိုင်ဇွပ်လမ်းပေါ်မှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်ကို ရှောင်ပြီးမောင်းလာရတယ်။ အသွားအလာလည်း နည်းသွားပြီ။ ဆိုင်တွေပိတ်တယ်။ ဖားကန့်မှာလည်း ရောဂါက ဗွက်ပေါက်နေတာ။ တိုက်ပွဲဖြစ်တုန်းခဏပဲ လမ်းကပိတ်ထားတာ။ ပြီးတော့ သွားခွင့်ပြုတယ်” ဟု ပြောကြားသည်။

ဇူလိုင် ၁၂ ရက်ကလည်း မိုးမောက်မြို့နယ်အတွင်း ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး မိုင်းခတ်ကျေးရွာနှင့် ဒေါ့ဖုန်းယန်မြို့နယ်များတွင် လက်နက်ကြီးများ လူနေရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့သဖြင့် လူနေအိမ်များ၊ ယာဉ်များ ပျက်စီးခဲ့ပြီး နွားများ သေဆုံးခဲ့သည်။

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသများတွင် တပ်မတော်နှင့် KIA တပ်ဖွဲ့ဝင်များ၊ PDF အဖွဲ့ဝင်များနှင့် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး အကျအဆုံးများ ရှိနေကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။


READ NEXT
Cancel OK