မေ ၂၄ ရက်က လော့စ်အိန်ဂျလိ့စ်တွင် ကျင်းပပြုလုပ်သော Billboard တေးဂီတ ဆုပေးပွဲ (BBMA) တွင် ကနေဒါအဆိုတော် The Weeknd က အကောင်းဆုံးတေးသံရှင်ဆု၊ အကောင်းဆုံး R & B အဆိုတော်ဆု အပါအဝင် ဆု ၁၀ ဆုဖြင့် ဆုအများဆုံးကို ဆွတ်ခူးရရှိခဲ့သည်။ ပေါ့ပ်နှင့် R & B အဆိုတော် The Weeknd သည် ယခုနှစ် BBMA ဆုပေးပွဲမတိုင်မီက Billboard မှချီးမြှင့်သော ဆုကိုးဆုကို ဆွတ်ခူးရရှိထားသူလည်း ဖြစ်သည်။
Billboard ဆု စုစုပေါင်း ၁၉ ဆု ဆွတ်ခူးထားနိုင်ပြီဖြစ်သော The Weeknd သည် BBMA ဆုပေးပွဲသမိုင်းတွင် ဆုအများဆုံးရရှိခဲ့သည့် ဂီတအနုပညာရှင်စာရင်း၌ Drake (၂၉ ဆု)၊ တေလာဆွစ် (၂၅ ဆု)၊ ဂျက်စတင်ဘီဘာ (၂၁ ဆု)၊ Garth Brooks (ဆု ၂၀) ပြီးပါက ပဥ္စမမြောက်နေရာတွင် ရပ်တည်နေသည်။
Billboard ထိပ်တန်းတေးအယ်လ် ဘမ် ၂၀၀ စာရင်းတွင် အကောင်းဆုံးတေး သီချင်းအယ်လ်ဘမ်ဆုကို ရရှိခဲ့သော Shoot For the Stars တေးအယ်လ်ဘမ်ပိုင်ရှင် အမေရိကန်ပေါ့ပ်အဆိုတော် Pop Smoke သည် ယင်းဆုနှင့် တက်သစ်စ ထိပ်တန်း ဂီတပညာရှင်ဆု အပါအဝင် ဆု ငါးဆု ဆွတ်ခူးရရှိခဲ့သည်။ တေးသံရှင် Pop Smoke သည် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီတွင် ဖြစ်ပွားသော လူသတ်မှုတစ်ခုအတွင်း သေဆုံးခဲ့ပြီး ၎င်းကွယ်လွန်ချိန်တွင် အသက် ၂၀ သာ ရှိသေးသည်။
တောင်ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့ BTS သည် အကောင်းဆုံးအဖွဲ့လိုက် ဂီတပညာရှင်ဆုအပါအဝင် ဆုပေါင်း လေးဆုကို ဆွတ်ခူးရရှိခဲ့ပြီး ထိုအဖွဲ့သည် BBMA ဆုပေးပွဲများတွင် အကောင်းဆုံး အဖွဲ့လိုက်ဂီတပညာရှင်ဆု ဆွတ်ခူးရရှိခဲ့သည်မှာ ငါးနှစ်ဆက်တိုက်ရှိနေပြီဖြစ်သည်။
ပေါ်တိုရီကို အဆိုတော် Bad Bunny သည် အကောင်းဆုံးလက်တင်တေးသံရှင်ဆုအပါအဝင် ဆုလေးဆုကို ဆွတ်ခူးရရှိခဲ့ပြီး အမေရိကန်အမျိုးသမီးအဆိုတော် Gabby Barrett သည် ၎င်း၏ တစ်ကိုယ်တော်တေး သီချင်း I Hope ဖြင့် အကောင်းဆုံး Country တေးသီချင်းဆုအပါအဝင် ဆု သုံးဆုကို ရရှိခဲ့သည်။
အဆိုတော် Drake သည် တေးသီချင်း ထုတ်လွှင့်ရမှုအများဆုံး ထိပ်တန်းဂီတပညာရှင်ဆု၊ ဆယ်စုနှစ် တစ်ခု၏အကောင်းဆုံး ဂီတပညာရှင် အထူးဆုတို့ကို ဆွတ်ခူးရရှိခဲ့ကာ အဆိုတော် တေလာဆွစ်သည် အကောင်းဆုံး အမျိုးသမီးတေးသံရှင်ဆုနှင့် Billboard ၏ ထိပ်တန်းဂီတပညာရှင် ၂၀၀ စာရင်းတွင် အကောင်းဆုံးတေးသံရှင်ဆုတို့ကို ရရှိခဲ့သည်။
အဆိုတော် လေဒီဂါဂါသည် အကောင်းဆုံးကပြဖျော်ဖြေမှုဆု၊ အကောင်းဆုံး အီလက်ထရောနစ် အယ်လ်ဘမ်ဆုတို့ကို ဆွတ်ခူးရရှိခဲ့ကာ အဆိုတော် Kanye West သည် အကောင်းဆုံး ဓမ္မတေး အဆိုတော်ဆု အပါအဝင် ဆုနှစ်ဆုကို ရရှိခဲ့သည်။
ယခုနှစ် Billboard တေးဂီတဆုပေးပွဲတွင် ဂီတဆု စုစုပေါင်း ၅၀ ကျော် ချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်ကာ နာမည်ကြီးတေးသံရှင်အများအပြားလည်း ဖျော်ဖြေတင်ဆက်ခဲ့သည်။
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်
-
Nations League ကွာတားဖိုင်နယ်သို့ ပေါ်တူဂီနှင့် နယ်သာလန်အသင်း ထပ်မံတက်ရောက်ခဲ့ပြီး ဂျာမနီအသင်း ပြိုင်ပွဲသမိုင်းတွင် ဂိုးအပြတ်ဆုံးနိုင်ပွဲ စံချိန်တင်