Top News

ဘရက်ပစ်နှင့် ဂျိုလီ၏ ကလေးအုပ်ထိန်းခွင့်သဘောတူညီချက်ကို ပြောင်းလဲရန် ကယ်လီဖိုးနီးယားအယူခံတရားရုံးက အမိန့်ချမှတ်
24htopnews | June 7, 2024 5:12 PM CST

ဟောလီးဝုဒ် ရုပ်ရှင်သရုပ်ဆောင်များ ဖြစ်သည့် ဘရက်ပစ်နှင့် အင်ဂျလီနာ ဂျိုလီတို့၏ ကလေးအုပ်ထိန်းခွင့်အမှုနှင့် စပ်လျဉ်းပြီး  ၎င်းတို့ နှစ်ဦးကြား ထားရှိခဲ့သည့် ယခင်သဘောတူညီမှုကို ပြောင်းလဲရန် ကယ်လီဖိုးနီးယား တရားသူကြီးက အမိန့်ချမှတ်ခဲ့သည်ဟု ဘရက်ပစ်၏ ရှေ့နေများက မေလ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

ဘရက်ပစ်နှင့် ဂျိုလီတို့သည် တစ်ချိန်က ဟောလီးဝုဒ်၏ အောင်မြင်ကျော်ကြားမှုအရှိဆုံး သရုပ်ဆောင်စုံတွဲများထဲတွင် ပါဝင်ခဲ့ပြီး ကလေး ခြောက်ဦးရှိခဲ့ကာ လွန်ခဲ့သည့် နှစ်နှစ်က တရားဝင် ကွာရှင်းပြတ်စဲခဲ့သော်လည်း ကလေးများကို အုပ်ထိန်းခွင့်နှင့်ပတ်သက်ပြီး တရားရုံးတွင် အမှုရင်ဆိုင်နေဆဲဖြစ်သည်။

ယင်း ကလေးခြောက်ဦးအနက် သုံးဦးမှာ ၎င်းတို့၏ သားသမီးအရင်းဖြစ်ကာ အခြားသုံးဦးမှာ မွေးစားခဲ့ခြင်းဖြစ်ပြီး ယင်းကလေးများကို အုပ်ထိန်းမှုနှင့်ပတ်သက်ပြီး ၎င်းတို့ နှစ်ဦးကြား အခင်အမင်မပျက်သည့် သဘောတူညီမှုတစ်ခု ရရှိခဲ့သည်ဟု ၂၀၁၈ ခုနှစ်က ကြေညာခဲ့သော်လည်း ယင်းသဘောတူညီချက်သည် ပျက်ပြားခဲ့ပုံပေါ်နေသည်။

ကယ်လီဖိုးနီးယား အယူခံတရားရုံးတွင် ဘရက်ပစ်၏ ရှေ့နေများ တင်သွင်းခဲ့သည့် အချက်အလက်များအရ တရားသူကြီးသည် ဘရက်ပစ်နှင့် ဂျိုလီကြား လက်ရှိတည်ရှိဆဲ ကလေးအုပ်ထိန်းခွင့်ကို ပြုပြင်ရမည်ဖြစ်သည်ဟု အမိန့်ချမှတ်ခဲ့သည်။

ထို့ပြင် ကလေးအုပ်ထိန်းခွင့်နှင့်ပတ်သက်ပြီး တရားခွင်၌ ဂျိုလီ၏ ထွက်ဆိုချက်များတွင် အရေးကြီးသည့် အချို့နေရာများ၌ အများ၏ယုံကြည်လက်ခံနိုင်မှု ကင်းမဲ့နေသည်ကို တရားသူကြီးက တွေ့ရှိခဲ့သည်ဟုလည်း ဘရက်ပစ်၏ ရှေ့နေများက ဆိုသည်။

ဘရက်ပစ်နှင့် ဂျိုလီကြား လက်ရှိ သဘောတူညီမှုရရှိထားသည့် ကလေးအုပ်ထိန်းခွင့်တွင် ပါဝင်သည့် အချက်များကို လူသိရှင်ကြား ထုတ်ဖော်ခြင်းမရှိခဲ့သော်လည်း ဘရက်ပစ်သည် ကလေးများကို တန်းတူညီမျှ အုပ်ထိန်းခွင့်ရရန် ကြိုးပမ်းနေသော်လည်း ဂျိုလီကမူ ကလေးများအားလုံးကို သူတစ်ဦးတည်းသာ အုပ်ထိန်းခွင့်ရရန် ကြိုးပမ်းနေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။


READ NEXT
Cancel OK