အမေရိကန် စိတ်ကူးယဉ် စွန့်စားခန်း အန်နီမေးရှင်းဇာတ်ကား Onward ကို နိုင်ငံတကာရုပ်ရှင်ရုံများတွင် ရုံတင်ပြသမှုမှ ဝင်ငွေဒေါ်လာ ၁၄၁ ဒသမ ၉ သန်းကျော်ရရှိခဲ့ကြောင်း သိရသည်။
Walt Disney Pictures မှထုတ်လုပ် ပြီး Pixar Animation Studios မှ ဖြန့်ချိသော Onward အန်နီမေးရှင်းဇာတ်ကားကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် အကြိမ် (၇၀) မြောက် ဘာလင်အပြည်ပြည်ဆိုင်ရာရုပ်ရှင်ပွဲတော်၌ ပွဲဦးထွက်ပြသခဲ့ပြီး မတ် ၆ ရက်တွင် အမေရိကန်အပါအဝင် နိုင်ငံတကာရုပ်ရှင်ရုံများ၌ ရုံတင်ပြသခဲ့ခြင်း ဖြစ်သည်။
ဆင်ခြေဖုံးစရိုက်ဆန်သော ထူးခြားအံ့ဖွယ် မှော်ကမ္ဘာတွင် သူရဲဘောကြောင်သည့် အသွင်သဏ္ဌာန်ရှိပြီး အလုပ်တစ်ခုလုပ်ရန် မဝံ့မရဲဖြစ်နေတတ်သူ Lan Lightfood နှင့် မည်သည့်အရာကိုမျှ ကြောက်ရွံ့မနေတတ်သူ Barley Lightfood အမည်ရှိ ဆယ်ကျော်သက် ညီအစ်ကိုနှစ်ဦးရှိသည်။ မိခင်ဖြစ်သူနှင့် အတူနေထိုင်လျက်ရှိသော ထိုညီအစ်ကိုနှစ်ဦးတွင် ဖခင်မရှိဘဲ ဖခင်ဖြစ်သူမှာ ၎င်းတို့ငယ်ရွယ်စဉ်ကတည်းက သေဆုံးသွားခဲ့ခြင်းကြောင့် ညီအစ်ကိုနှစ်ဦးစလုံးက ဖခင်ဖြစ်သူနှင့်တွေ့မြင်စကားပြောလိုသည့် ဆန္ဒရှိကြသည်။
နည်းပညာ ခေတ်မီတိုးတက်လာသော ထိုကမ္ဘာတွင် မှော်စွမ်းအားကိုအသုံးပြုသူ နည်းပါးလာပြီး မှော်ပညာ တိမ်ကောပျောက်ကွယ်လုနီးဖြစ်နေချိန်တွင် Lan အသက် ၁၆ နှစ်ပြည့်သည့်နေ့၌ မိခင်ဖြစ်သူ Laurel က သားနှစ်ဦးကို ဖခင်ဖြစ်သူ ချန်ထားခဲ့သော မှော်ကြိမ်လုံး၊ မှော်ကျောက်တုံးနှင့် ဂါထာစာရွက်တစ်ခုကို ပြသခဲ့သည်။ ဖခင်ဖြစ်သူနှင့် တစ်ရက်ကြာတွေ့ဆုံနိုင်မည့် အခွင့်အရေးဖြစ်သော ယင်းပစ္စည်းများကိုု အသုံးပြု၍ ညီအစ်ကိုနှစ်ယောက် မှော်ဂါထာဖြင့်ဖခင်အား ပြန်လည်ခေါ်ယူရာတွင် မအောင်မမြင်ဖြစ်ခဲ့ပြီး ဖခင်၏ ခန္ဓာကိုယ်အောက်ပိုင်းတစ်ပိုင်းသာ ဖန်ဆင်းနိုင်ခဲ့ကာ မှော်ကျောက်တုံးမှာလည်း ပျက်စီးသွားခဲ့သည်။
ဖခင်ဖြစ်သူ၏ ခန္ဓာကိုယ်ကို အလုံးစုံဖန်ဆင်းနိုင်ရန်အတွက် အရာရာပြောင်းလဲနေပြီဖြစ်သည့် မှော်ကမ္ဘာတွင် ကျန်ရှိနေသော နောက်ဆုံးမှော်ကျောက်တုံးကို ရှာဖွေ ရန် ညီအစ်ကိုနှစ်ယောက်မှာ မိခင်ဖြစ်သူ မသိအောင် စွန့်စားခန်းထွက်ခဲ့ကြသည်။
ထိုသို့ မှော်ကျောက်တုံးရှာဖွေရေး စွန့်စားခန်းအတွင်း ကြုံတွေ့လာရသော အခက်အခဲများ၊ စိတ်ဓာတ်ကျဖွယ် အဖြစ်အပျက်များအတွင်း ညီအစ်ကိုနှစ်ဦး၏ တစ်ဦးကိုတစ်ဦး ဖေးမကူညီမှုများနှင့် ညီအစ်ကိုနှစ်ဦးကြားမှ မေတ္တာကို Onward အန်နီမေးရှင်းဇာတ်ကားတွင် ဖော်ညွှန်းရိုက်ကူးထားခြင်း ဖြစ်သည်။
ဒေါ်လာ ၁၇၅ သန်းမှ သန်း ၂၀၀ အကြား အကုန်ကျခံရိုက်ကူးထားသည့် Onward အန်နီမေးရှင်းဇာတ်ကားသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုများကြောင့် အမြတ်ငွေမှာ ခန့်မှန်းထားသည့်အတိုင်းမရရှိခဲ့ဘဲ အရှုံးပေါ်ခဲ့သည်။
၉၃ ကြိမ်မြောက် အော်စကာဆုပေးပွဲ၏ အကောင်းဆုံးအန်နီမေးရှင်းဇာတ်ကားဆု ဆန်ခါတင်စာရင်းတွင် Onward အန်နီမေးရှင်းဇာတ်ကား ပါဝင်ခဲ့သည်။
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်
-
Nations League ကွာတားဖိုင်နယ်သို့ ပေါ်တူဂီနှင့် နယ်သာလန်အသင်း ထပ်မံတက်ရောက်ခဲ့ပြီး ဂျာမနီအသင်း ပြိုင်ပွဲသမိုင်းတွင် ဂိုးအပြတ်ဆုံးနိုင်ပွဲ စံချိန်တင်